ဝိကာလဂါမပ္ပဝိသနသိက္ခာပုဒ်
အမှု—နေလွဲအခါ ရွာတွင်းဝင်၍ တိရစ္ဆာနကထာ (နတ်ပြည်လမ်း, နိဗ္ဗာန်လမ်း = မဂ်တရား၏ ဖီလာကန့်လန့် ဖြစ်သော စကားကို)ပြောဆိုမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ၊
ဆဗ္ဗဂ္ဂီရဟန်းများ
ပြင်ဆင်ရန်ဆဗ္ဗဂ္ဂီရဟန်းတို့သည် နေလွှဲအခါ၌ ရွာတွင်း(မြို့တွင်း)သို့ ဝင်သွား၍ သဘာတခု၌ ထိုင်ပြီးလျှင် “တိရစ္ဆာနကထာ”ဟု ခေါ်ဝေါ်အပ်သော စကားအမျိုးမျိုး ပြောဆိုကြလေသည်။[၁]
မှတ်ချက်
ပြင်ဆင်ရန်ပွဲလမ်းသဘင်ကို၎င်း, ဈေးရုံကို၎င်း, တရားရုံးကို၎င်း “သဘာ”ဟု ခေါ်၏၊ “တိရစ္ဆာန”ဟူသည် ဖီလာကန့်လန့် = ဆန့်ကျင်ဘက်တည်း၊ အကြင်စကားသည် နတ်ပြည် လူ့ ပြည် သုဂတိသို့ရောက်ကြောင်းလည်း မဟုတ်၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်၊ ထိုစကားသည် သုဂတိလမ်း နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက် ဖီလာကျနေသောကြောင့် “တိရစ္ဆာနကထာ”မည်၏။[၁]
တိရစ္ဆာနကထာများကား
ပြင်ဆင်ရန်၁။ ရာဇကထာ-မင်း (အစိုးရ)ကို အကြောင်းပြု၍ ပြောဆိုအပ်သော စကား၊ မည်သည့် မင်းသည် ဘုန်းတန်ခိုးကြီး၏၊ ရုပ်အဆင်းလှ၏၊ သို့မဟုတ် ဘုန်းတန်ခိုးညံ့၏၊ အရုပ်ဆိုး၏၊ မိဖုရားနှင့် သားတော်သ္မီးတော်မည်မျှရှိ၏၊ ဤသို့ စသော အကျိုးမရှိသော ရာဇဝင်စကားမျိုးတည်း၊ မည်သည့်မင်းသည် သာသနာတော်ကို မည်သို့ မည်ပုံ ပြုစု၏။ တိုင်းပြည်ကောင်းစားအောင် မည်သို့မည်ပုံ ကြိုးစား၏၊ ထိုသို့ ဘုန်းတန်ခိုးကြီးသော မင်းသော်မှလည်း နောက်ဆုံးကျတော့ သေရသေးတာဘဲ, စသည်ဖြင့် တရားနှင့်စပ်သောစကား မျိုးကား တိရစ္ဆာနကထာမဟုတ်။
၂။ စောရကထာ-သူခိုးဒမြ သူပုန် အကြောင်းကို ပြောသောစကား၊ သူပုန်ထပုံ ဒမြတိုက်ပုံ ခိုးယူပုံ အစွမ်းသတ္တိရှိပုံစသော စကားမျိုးတည်း။
၃။ မဟာမတ္တကထာ-အမတ်ကြီး ဝန်ကြီးများ၏ ကောင်းကြောင်း မကောင်းကြောင်းကို ပြောသောစကား။
၄။ သေသနာကထာ-စစ်တပ်၏ အရည်အခြင်း ရှိကြောင်း မရှိကြောင်းကို ပြောသောစကား၊
၅။ ဘယကထာ-စစ်ဘေး သူခိုးဒမြဘေး ငတ်မွတ်ခြင်းဘေး စသည်တို့၏ အကြောင်းကိုပြောသောစကား။
၆။ ယုဒ္ဓကထာ-စစ်တိုက်ရာ၌ မည်သူက မည်သူကို သတ်လိုက်ကြောင်း စသည်ဖြင့် စစ်အကြောင်းကို ပြောသောစကား။
၇။ အန္နကထာ-“မည်သည့် ထမင်းဟင်းဟာ မည်ကဲ့သို့ ကောင်း၏” စသည်ဖြင့် ထမင်းဟင်းတို့၏အကြောင်းအရာကို ပြောသောစကား။
၈။ ပါနကထာ-“မည်သည့် သောက်ဖွယ် အဖျော်ရည်သည် မည်သို့ ကောင်း၏” စသည်ဖြင့် သောက်ဖွယ် အဖျော်ရည်တို့၏-အကြောင်းကို ပြောသောစကား၊
၉။ ဝတ္ထကထာ– “မည်သည့်အဝတ် (သင်္ကန်း-ခြုံထည်စသည်)သည် မည်ကဲ့သို့ အဆင်းကောင်း အသွေးကောင်း အသားကောင်းတို့သည်ဖြင့် အဝတ်အကြောင်းကိုပြောသောစကား။
၁၀။ သယနကထာ-“မည်သည့်အိပ်ရာနေရာသည် မည်သို့ ညက်ညော၏” စသည်ဖြင့် အိပ်ရာနှင့်စပ်သော စကား။
၁၁။ မာလာကထာ-“မည်သည့် ပန်းကုံး ပန်းခိုင်သည် မည်သို့ မည်ပုံ လှ၏”စသည်ဖြင့် ပန်းကုံး ပန်းခိုင်အကြောင်းကို ပြောသောစကား
၁၂။ ဂန္ဓကထာ-“မည်သည့် နံ့သာသည် မည်သို့မည်ပုံ မွှေးကြိုင်၏” စသည်ဖြင့် နံ့သာ (မျက်နှာချိပေါင်ဒါ သနပ်ခါးစသည်၏) အကြောင်းအရာကိုပြောသောစကား။
၁၃။ ဉာတိကထာ- “ငါတို့ ဆွေမျိုးသည် သတ္တိရှိ၏, ပစ္စည်းပေါ၏” စသည်ဖြင့် ဆွေမျိုးအကြောင်းကို ပြောသောစကား
၁၄။ ယာနကထာ-“မည်သည့်မော်တော်ကား မည်သည့်ရထားသည် စီးလို့ကောင်း၏”စသည်ဖြင့် ယာဉ်ရထားအကြောင်းကို ပြောသောစကား။
၁၅။ ဂါမကထာ- “မည်သည့်ရွာသည် သာယာ၏၊ ထိုရွာသူရွာသားတို့သည် ရဲရင့်၏”စသည်ဖြင့် ရွာအကြောင်းကို ပြောသောစကား။
၁၆, ၁၇, ၁၈။ နိဂမ-(နိဂုံး) နဂရ (မြို့) ဇနပဒ (ဇနပုဒ်=နယ်=ခရိုင်) တို့၏အကြောင်းအရာကို ပြောသောစကား။
၁၉။ ဣတ္ထိကထာ-“မည်သည့်မိန်းမသည် ရုပ်ချော၏စသည်ဖြင့် မိန်းမ အကြောင်းကို ပြောသောစကား။
၂၀။ သူရကထာ-“မည်သည့် သူရဲကောင်း စစ်ဗိုလ်ကြီးသည် မည်သို့ ရဲရင့်၏” စသည်ဖြင့် သူရဲကောင်းများ၏ အကြောင်းကို ပြောသောစကား။
၂၁။ ဝိသိခါကထာ-“မည်သည့်လမ်းသည် သာယာ၏၊ ထိုလမ်းက လူများသည် သတ္တိရှိ၏” စသည်ဖြင့် လမ်းဆုံ လမ်းမ၏ အကြောင်းကို ပြောသောစကား။
၂၂။ ကုမ္ဘဋ္ဌာနကထာ-အိုး၏တည်ရာ အရပ်နှင့်စပ်၍ အိုးခွက်လုပ်ရာဌာန (ပုဂံစက်)၏ အကြောင်း, အိုးလုပ်သမား၏ ကျွန်မအကြောင်း, ရေခပ်ဆိပ်ကမ်း၏အကြောင်းကိုပြောသော စကား။
၂၃။ ပုဗ္ဗပေတကထာ-သေလွန် ပြီးသော ဆွေမျိုးများ၏ ဂုဏ်ကို ပြောသောစကား။
၂၄။ နာနတ္တကထာ-ပြခဲ့သော စကားတို့မှ တပါး အကျိုး မရှိသော ရပ်စကား ရွာစကားအမျိုးမျိုး။
၂၅။ လောကက္ခာယိကာ-“ဒီကမ္ဘာလောကကို မည်သူ (ဗြဟ္မာကြီး ထာဝရဘုရား)ဖန်ဆင်းထား၏”စသည်ဖြင့်၎င်း တယောက်က “ကျီးကန်းသည် မဲ၏”ဟုပြော၍ တယောက်က “ဖြူတယ်” ဟုငြင်း၍ “ဘာ့ကြောင့်လဲ”ဟုမေးလျှင် “အရိုးဖြူလို့” စသည်ဖြင့်၎င်း ဆန့်ကျင်ဘက် စကားများ။
၂၆။ သမုဒ္ဒက္ခာယိက-သမုဒြာကို ဘယ်သူ တူးသလဲ၊ သာဂရနတ် (သို့မဟုတ်-မင်းသားမျိုး) တူးတယ်၊ ဒါ့ကြောင့် ပါဠိလို “သာဂရ”လို့ခေါ်တယ်၊ ဤသို့စသည်ဖြင့် သမုဒြာနှင့်စပ်သောစကား။
၂၇။ ဣတိ ဘဝါဘဝကထာ-ဤသို့ကြီးပွား၏, ဤသို့ ဆုတ်ယုတ်၏ဟု ကြီးပွားမှု, ဆုတ်ယုတ်မှုနှင့်စပ်သော စကား။ [၁]
မှတ်ချက်
ပြင်ဆင်ရန်ဤပြခဲ့သော စကားတို့သည် သက်သက်အကျိုးမရှိသော, တချို့လည်း အနက်အဓိပ္ပါယ်မရှိသော သမ္ဖပ္ပလ္လာပ စကားဖြစ်၍ ရဟန်း သံဃာကို မဆိုထားဘိ လူကြီး လူကောင်းများပင် မပြောသင့်၊ အကြောင်းအားလျော်စွာ ပြောခွင့်ကြုံလာလျှင်လည်း သဒ္ဓါတရားရှိကြောင်း စိတ်ကောင်း နှလုံးကောင်းရှိကြောင်း, သို့မဟုတ် မတရားလုပ်သဖြင့် လောကမှာပင် ပျက်စီးကြောင်း, အားလုံး အနိစ္စချည်းဖြစ်ကြောင်းစသည်ဖြင့် တရားနှင့် မကင်းအောင်ဆက်သွယ်၍ ပြောလျှင်ကား ပြောကောင်းပါသေး၏။ [၁]
မူလပညတ်တော်
ပြင်ဆင်ရန်ဤသို့ တိရစ္ဆာနကတာကို ပြောဆိုနေကြသော ရဟန်းတို့ကိုမြင်၍ လူတို့က “ရဟန်းလုပ်ပြီး(လူများလို)တွေ့ကရ တိရစ္ဆာနကထာကို ပြောဆိုနေရသလား”ဟု ကဲ့ရဲ့ကြသောကြောင့် “ယောပန ဘိက္ခု ဝိကာလေ ဂါမံ ပဝိသေယျ ပါစိတ္တိယံ” ဟု နေ့လွှဲအခါ မြို့တွင်းရွာတွင်း မဝင်ဘို့ရန် ပညတ်တော်မူရလေသည်။[၁]
ပဌမ အနုပညတ်
ပြင်ဆင်ရန်ထိုသို့ သိက္ခာပုဒ် ပညတ်တော်မူပြီးနောက် များစွာသော ရဟန်းတို့သည် သာဝတ္ထိမြို့သို့ သွားစဉ်နေလွဲအခါ ရွာတရွာသို့ ရောက်ကြလေသော် လူတို့က ရွာတွင်း ဝင်ကြဘို့ရန် လျှောက်ကြသော်လည်း ထိုသိက္ခာပုဒ်တော်ကို စောင့်သိ ရိုသေသောအားဖြင့် မဝင်ဘဲ နေကြလေသည်၊ ထိုသို့ ရွာတွင်းမဝင်ဘဲ ရွာ၏ပြင်ဘက် နေကြသော ရဟန်းတို့ကို ခိုးသူတို့က လုယူကြသောကြောင့် “ယောပန ဘိက္ခု အနာပုစ္ဆာ ဂါမံ ပဝိသေယျ၊ ပါစိတ္တိယံ = ရွာတွင်းသို့ ဝင်ပါဉုးမည်ဟု ခွင့်မပန်ဘဲဝင်လျှင် ပါစိတ်အာပတ်” (အချင်းချင်းခွင့်ပန်၍ ဝင်လျှင်ကား ဝင်ကောင်း၏)ဟု ပဌမ အနုပညတ် ထပ်ဆင့်တော်မူရလေသည်။ [၁]
ဒုတိယ အနုပညတ်
ပြင်ဆင်ရန်ထိုသို့ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် ရဟန်းတပါးသည် သာဝတ္ထိမြို့သို့ သွားစဉ် ညနေချမ်းအခါ ရွာ တရွာသို့ရောက်၍ လူတို့က “ရွာထဲသို့ဝင်ပါ” လျှောက်ကြလေရာ တပါးတည်း ဖြစ်နေ၍ အချင်းချင်း ခွင့်ပန်စရာ မရှိသောကြောင့် ရွာပြင်ဘက်မှာပင် နေရလေသည်၊ ထိုရဟန်းကိုလည်း ခိုးသူတို့က ပါသမျှ သပိတ်သင်္ကန်းကို လုယူကြသဖြင့် အဆင့်ဆင့် ဘုရားထံ လျှောက်ကြပြန်ရာ “ယောပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာ ဝိကာလေ ဂါမံ ပဝိသေယျ၊ ပါစိတ္တိယံ = ထင်ရှားရှိနေသော ရဟန်းကို ခွင့်မပန်ဘဲ နေ့လွဲအခါ၌ ရွာတွင်းသို့ဝင်လျှင် ပါစိတ်အာပတ် (ခွင့်ပန်စရာ ရဟန်းတပါးမျှ ထင်ရှားမရှိလျှင် ခွင့်မပန်ဘဲလည်း ဝင်ကောင်း၏)”ဟု ဒုတိယအနုပညတ် ထပ်ဆင့်တော်မူရပြန်လေသည်။ [၁]
တတိယ အနုပညတ်
ပြင်ဆင်ရန်ထိုသို့ ဒုတိယ အနုပညတ် ထပ်ဆင့်တော်မူပြီးနောက် အနုပညတ် နေ့လွှဲအချိန်ဝယ် ရဟန်းတပါးကို မြွေကိုက်သောကြောင့် အခြားရဟန်းတပါးသည် မီးယူဘို့ရာ ရွာဆီသို့ ကပျာကယာ သွား၍ ရွာနားရောက်မှ ခွင့်မပန်ခဲ့ရသည်ကို သတိရ၍ မဝင်ဘဲ ပြန်လာခဲ့ရလေသည်၊ ထိုအကြောင်းကို ဘုရားရှင်အား ရဟန်းများက လျှောက်ကြလေရာ “အရေးတကြီးကိစ္စရှိလျှင် ထင်ရှားရှိသော ရဟန်းကို ခွင့်မပန်ဘဲ ရွာတွင်းသို့ ဝင်နိုင၏”ဟု ခွင့်ပြုတော်မူကာ တတိယအနုပညတ် ထပ်ဆင့်၍ (ယခုအခါအပြည့်အစုံ တွေ့ရသော သိက္ခာပုဒ်ကို)ပညတ်တော် မူရပြန်လေသည်။[၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု သန္တံ ဘိက္ခုံ အနာပုစ္ဆာဝိကာလေ ဂါမံ ပဝိသေယျ အညတြ တထာရူပါ အစ္စာယိကာ ကရဏီယာ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အကြင် ရဟန်းသည် ထိုသို့သဘောရှိသော အဆောတလျင် ပြုဘွယ်ကိစ္စကို ကြဉ်၍ ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ နေလွဲအခါ၌ ရွာတွင်းသို့ ဝင်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ [၁] ......
မှတ်ချက်
ပြင်ဆင်ရန်မြို့တွင်း ရွာတွင်းသို့ ဝင်လိုသော စိတ်ဖြစ်ချိန်ဝယ် တွေ့ရမြင်ရသော, သို့မဟုတ် လှမ်း၍ ပြောသောစကားကို ကြားနိုင်လောက်ရာ ၁၂-တောင် အတွင်းမှာ ရှိသောရဟန်းကို “သန္တဘိက္ခု-ထင်ရှားရှိသော ရဟန်း”ဟု ခေါ်သည်။ ထိုသို့မရှိလျှင် တမင်္ဂလာလိုက်၍ ရှာနေဘွယ်မလို၊ ကိစ္စတခုအတွက် ရွာတွင်းသို့ဝင်ဘို့ရာ တကြိမ်ခွင့်ပန်ပြီးဖြစ်လျှင် ထိုကိစ္စမပြီးမချင်း အခြားရွာသို့လည်း ဆက်ကာဆက်ကာ သွားနိုင်၏။ “တော်ပြီ, မသွားတော့ဘူး”ဟု ဆုံးဖြတ်ပြီးမှ ရွာတွင်းသို့ဝင်လိုပြန်လျှင် ထပ်မံ၍ခွင့်ပန်ရမည်။[၁]
ခွင့်ပန်ရာ၌ “ဝိဟာလေ ဂါမပ္ပဝေသနံ အာပုစ္ဆာမိ”ဟု ပါဠိလိုဖြစ်စေ “မြို့ထဲသွားပါဥုးမည်, ရွာထဲသွားပါဥုးမည်”ဟု မြန်မာလိုဖြစ်စေပန်နိုင်၏၊ မြို့ရွာအတွင်း၌ တည်နေသော ကျောင်းတိုက်သို့ သွားသောအခါ, ရွာမှဖြတ်၍ အခြားအရပ်သို့ သွားသောအခါတို့၌ကား (ရွာဝင်လို စိတ်မဟုတ်, လမ်းအမှတ်ဖြင့် ဖြတ်သွားလိုစိတ် ဖြစ်သောကြောင့်) ခွင့်ပန်ဘွယ် မလို။ [၁]