ဝိဂတိစ္ဆဇာတ်
ဒုကနိပါတ် - ၁၀။ သိင်္ဂါလဝဂ် -(၂၄၄) ဝိဂတိစ္ဆဇာတ်။ ။ ပြိုင်ဘက်ရှာဖွေသော ပရိဗိုဇ် တစ်ယောက်အား ပြဿနာမေး၍ ထွက်ပြေးစေပြီးနောက် တဏှာကင်းသော ဘုရား၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့ကို ရှိခိုးပူဇော်သော ရသေ့အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်စဉ်းစားနှိုင်းချိန် သုခမိန်
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိဗိုဇ်တစ်ယောက်သည် ဇမ္ဗူဒိပ်ကျွန်းအလုံး၌ ပြောဆိုဆွေးနွေးနိုင်သော ပညာရှိကို လိုက်လံရှာဖွေရာ မရသဖြင့် သာဝတ္ထိပြည်သို့ ရောက်လျှင် လူအများအား “ငါနှင့်တကွ ပြောဆိုဆွေးနွေးနိုင်သူ ရှိပါသလော” ဟု မေးမြန်းရာ လူတို့သည် ဂေါတမ မြတ်စွာဘုရားရှိကြောင်း ပြောကြသဖြင့် လူအများနှင့်တကွ မြတ်စွာဘုရားထံ သွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ပရိသတ်လေးပါး အလယ်တွင် တရားဟောလျက် နေတော်မူ၏။ ပရိဗိုဇ်လည်း ရောက်လျှင် မြတ်စွာဘုရားအား ပြဿနာကိုမေး၏။ မြတ်စွာဘုရားသည် ထိုပရိဗိုဇ်အား “တစ်ခုမည်သည်ကား အဘယ်နည်း” ဟု ပြဿနာကို မေးတော်မူ၏။ ပရိဗိုဇ်သည် မဖြေဆိုနိုင်သောကြောင့် ထ၍ ပြေးလေ၏။
စည်းဝေးကုန်သော ပရိသတ်တို့သည် မြတ်စွာဘုရားကို တစ်ပုဒ်တည်းသောပြဿနာနှင့် ပရိဗိုဇ်ကို နှိမ်မိ၏ဟု လျှောက်ကြလေလျှင် မြတ်စွာဘုရားသည် “ဒါယကာတို့ ... ငါဘုရားသည် ယခုအခါ၌သာလျှင် ထိုပရိဗိုဇ်ကို တစ်ပုဒ်တည်းသော ပြဿနာဖြင့် နှိမ်မိသည်မဟုတ်၊ ရှေးအခါ၌လည်း နှိမ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ဉာဏ်မနိုင်က ထပြေးရ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ဝတ္ထုကာမ၊ ကိလေသာကာမတို့ကို ပယ်စွန့်ကာ ရသေ့၊ ရဟန်းပြုပြီးလျှင် ကာလရှည်ကြာစွာ ဟိမဝန္တာအရပ်၌ နေပြီးမှ ဟိမဝန္တာမှ သက်ဆင်းလတ်၍ နိဂုံးရွာတစ်ခုကို အမှီပြုကာ မြစ်ကွေ့တစ်ခုတွင် သစ်ရွက်မိုးကျောင်း ဆောက်လုပ်လျက် နေလေ၏။
ထိုအခါ ပရိဗိုဇ်တစ်ယောက်သည် ဇမ္ဗူဒိပ်ကျွန်းအလုံးတွင် ပြောဆိုဆွေးနွေးဘက်ကို လိုက်လံရှာဖွေရာ မရသဖြင့် ထိုနိဂုံးရွာသို့ရောက်လျှင် လူတို့အား “ငါ့နှင့်စကားပြောဆိုဆွေးနွေနိုင်သူ ရှိသလော” ဟု မေးမြန်းရာ လူတို့သည် ပညာရှိရသေ့တစ်ပါးရှိကြောင်း ပြောဆို၍ ပရိဗိုဇ်ကို ရသေ့ထံ ခေါ်သွားကြလေ၏။
ရသေ့ထံသို့ရောက်လျှင် ရသေ့နှင့်ပရိဗိုဇ် နှစ်ဦးတို့သည် အစေ့အစပ်ပဋိသန္ဓောရ စကားပြောဆိုပြီးလျှင် ရသေ့သည် ပရိဗိုဇ်အား “အဆင်းအနံ့တို့နှင့် ပြည့်စုံ၍ ပန်းတို့ဖြင့် ထုံအပ်သော ဂင်္ဂါရေကိုသောက်မည်လော” ဟု မေးလေ၏။ ထိုအခါ ပရိဗိုဇ်သည် ဝါဒဖြင့်လွှမ်းမိုးလို၍ ရသေ့အား “ဂင်္ဂါ၏သဲကား အဘယ်နည်း၊ ဂင်္ဂါ၏ ဤမှာဘက်ကမ်းသည်ကား အဘယ်နည်း၊ ဂင်္ဂါ၏ ဟိုမှာဘက်ကမ်းသည်ကား အဘယ်နည်း” ဟု ပြန်၍မေးလေ၏။ ရသေ့သည် ထိုပရိဗိုဇ်အား “ရေကိုလည်းကောင်း၊ သဲကို လည်းကောင်း၊ ဤမှာဘက်ကမ်းကို လည်းကောင်း၊ ဟိုမှာ ဘက်ကမ်းကို လည်းကောင်း ထား၍ ဂင်္ဂါကို အဘယ်မှာရမည်နည်း” ဟု မေးပြန်၏။ ထိုအခါ ပရိဗိုဇ်သည် ဆိုဖွယ်မဲ့လျဉ်း ပညာကင်းရကား ထ၍ပြေးလေ၏။
ကြောင်းကျိုးခွဲပြ ဆိုဆုံးမ
ပြင်ဆင်ရန်ထိုပရိဗိုဇ် ပြေးသည်ရှိသော် ရသေ့သည် စည်းဝေးရောက်လာသော ပရိသတ်တို့အား -
“အချင်းတို့ ... ဤပရိဗိုဇ်ကား မျက်စိဖြင့်မြင်ရသော ရေ စသောဝတ္ထုကို ဂင်္ဂါဟု မယူလို၊ မျက်စိဖြင့် မမြင်ရသော ရေ စသောဝတ္ထုမှ တစ်ပါးသောဝတ္ထုကို ဂင်္ဂါဟု ယူလိုသတတ်၊ ဤသို့သဘောရှိသော ဂင်္ဂါကိုရှာလျက် ကြာမြင့်စွာ သွားရလိမ့်မည်” – ဟု ထင်မိ၏။ ကြာမြင့်စွာ သွားသော်လည်း ယူလိုသော ဂင်္ဂါကို ရရှိလိမ့်မည်မဟုတ်။
“အချင်းတို့ ... ရရှိသော ရေ စသောဝတ္ထုဖြင့် မနှစ်သက်သောသူသည် တောင့်တ၍မရသော စည်းစိမ်ဖြင့်လည်း အကျိုးမရှိဟု အောက်မေ့ဘိ၏။ တဏှာသည် အဆုံးအစမရှိသော အာရုံ၌ဖြစ်သောကြောင့် တဏှာကင်းသော ဘုရားပစ္စေကဗုဒ္ဓ၊ သာဝကတို့အား ငါတို့ ရှိခိုးပါကုန်၏” - ဟု တရားဟောလေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ပရိဗိုဇ်သည် - ယခုအခါ ပရိဗိုဇ်။
ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) သဲ, ရေ, ကမ်းမူ၊ ဂင်္ဂါဟူ၊ မယူကျယ်ကတ်ကတ်။
(၂) သဲ, ရေ, ကမ်းပင်၊ ခြားမမြင်၊ ခေါ်တွင်ဂင်္ဂါမှတ်။
(၃) ပရိဗာဇက၊ ဖြေမရ၊ ထ၍ပြေးသတတ်။
ဝိဂတိစ္ဆဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။