ဝိစိကိစ္ဆာသည် “ဟိုဟာ ဖြစ်လေသလား၊ ဒီဟာ ဖြစ်လေသလား၊ ဟုတ်မှ ဟုတ်ပါ့မလား၊ အဟုတ်ဘဲများ ဖြစ်နေမလား " ဟု ပိုင်ပိုင် နိုင်နိုင် မဆုံးဖြတ်နိုင်ဘဲ အာရုံ၌ ယုံမှား တွေးတောခြင်း သဘောပင်တည်း။

ဝိစိကိစ္ဆာ ပြင်ဆင်ရန်

သုတ္တန်လာ ဝိစိကိစ္ဆာသည် ၁၆ ပါး၊ အဘိဓမ္မာလာ ဝိစိကိစ္ဆာ ၈ ပါးဟူ၍ နှစ်မျိုးရှိ၏။[၁]

သုတ္တန်လာ ၁၆ ပါး ပြင်ဆင်ရန်

အတိတ်၌ ယုံမှားခြင်း (၅) ပါး ပြင်ဆင်ရန်

  1. ရှေး၌ ငါဖြစ်ဖူးပြီလော။
  2. ရှေး၌ ငါမဖြစ်ဖူးသေးလော။
  3. အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ဖူးလေသနည်း။
  5. အဘယ်အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ခဲ့ရလေသနည်း။(ဤသည်မှာ အတိတ်၌ ယုံမှားခြင်းငါးပါး ဖြစ်သည်။) [၁]

အနာဂတ်၌ ယုံမှားခြင်း (၅) ပါး ပြင်ဆင်ရန်

  1. နောင်၌ ငါဖြစ်ရလတ္တံ့လော။
  2. နောင်၌ ငါမဖြစ်ရလတ္တံ့လော။
  3. အဘယ်အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တံ့နည်း။
  5. အဘယ်အမျိုးအနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ် ဖြစ်ရလတ္တံ့နည်း။ (ဤကား အနာဂတ်၌ ယုံမှားခြင်းငါးပါး ဖြစ်သည်။) [၁]

ပစ္စပ္ပုန်၌ ယုံမှားခြင်း (၆) ပါး ပြင်ဆင်ရန်

  1. ယခု ငါသည် ဖြစ်ဆဲလော။
  2. ယခု ငါသည် ဖြစ်ဆဲမဟုတ်လေသလော။
  3. အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း။
  4. အဘယ်အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်လေသနည်း။
  5. အဘယ်ဘဝမှ လာခဲ့သနည်း။
  6. အဘယ်ဘဝသို့ သွားရမည်နည်း။ (ဤကား ပစ္စုပ္ပန်၌ ယုံမှားခြင်း (၆) ပါး ဖြစ်သည်။) [၁][၂]

အဘိဓမ္မာလာ (၈) ပါး ပြင်ဆင်ရန်

  1. ဘုရား၌ ယုံမှားခြင်း
  2. တရား၌ ယုံမှားခြင်း
  3. သံဃာ၌ ယုံမှားခြင်း
  4. အကျင့်သိက္ခာ၌ ယုံမှားခြင်း
  5. သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း
  6. သံသရာ၏ နောက်အစွန်း၌ ယုံမှားခြင်း
  7. သံသရာ၏ ရှေ့နောက်အစွန်းနှစ်ပါး၌ ယုံမှားခြင်း
  8. ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း။ (ဤသည်မှာ အဘိဓမ္မာလာ ဝိစိကိစ္ဆာရှစ်ပါး ဖြစ်သည်။) [၁]

(တစ်နည်း) ၈-ပါးဟူသော်ကား ပြင်ဆင်ရန်

(၁) ဒုက္ခသစ္စာ၌ ယုံမှားတွေးတောခြင်း။

(၂) သမုဒယသစ္စာ၌ ယုံမှားတွေးတောခြင်း။

(၃) နိရောဓသစ္စာ၌ ယုံမှားတွေးတောခြင်း။

(၄) မဂ္ဂသစ္စာ၌ ယုံမှားတွေးတောခြင်း။

(၅) ရှေ့အဘို့ ဖြစ်ပြီးသော ခန္ဓာစသည်, (အတိတ်ဘဝ)၌ ယုံမှားတွေးတောခြင်း။

(၆) နောက်အဘို့ (ဖြစ်လတ္တံ့သော ခန္ဓာစသည်, အနာဂတ်ဘဝ)၌ ယုံမှား တွေးတောခြင်း။

(၇) ရှေ့အဘို့, နောက်အဘို့ (ဖြစ်ပြီး, ဖြစ်လတ္တံ့သော ခန္ဓာစသည်, အတိတ်ဘဝ, အ နာဂတ်ဘဝ)၌ ယုံမှားတွေးတောခြင်း။

(၈) (ဇာတိစသော) အကြောင်းတရား, ထိုအကြောင်းတရားကို စွဲ၍ဖြစ်သော (ဇရာ, မရဏစသော)အကျိုးတရားတို့၌ ယုံမှားတွေးတောခြင်းတို့ ဖြစ်ကြသည်။ [၃]


ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍ မရှိဟု ယူသော အဟောတုကဒိဋ္ဌိ, ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရားဖန်ဆင်းသည်ဟူ၍ ယူသော ဝိသမဟေတုဒိဋ္ဌိ အစရှိသည့် ဒိဋ္ဌိအမျိုးမျိုးတို့ကိုလွန်မြောက်သော် ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်သည်။[၁]

ဝိစိကိစ္ဆာ၏ လက္ခဏာစသည် ပြင်ဆင်ရန်

ဝိစိကိစ္ဆာသည်

(၁) ယုံမှားခြင်း (ဝါ) ဤသို့ ဟုတ်လေသလော၊ ဤသို့ မဟုတ်လေသလော စသည်ဖြင့် ထက်ဝန်းကျင် ရွေ့သည်၏အစွမ်းအားဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။

(၂) အထူးထူးသောအာရုံ၌ စိတ်၏တုန်လှုပ်ခြင်း ကိစ္စရှိ၏။

(၃) မဆုံးဖြတ်နိုင်ခြင်း ဟူသော နှလုံးနှစ်ခွကို ဖြစ်စေတတ်၏။ (တစ်နည်း) အာရုံ၌ ဧကန်မဟုတ် အထူးထူးသောသဘောကို ယူသောအခြင်းအရာအားဖြင့် ဉာဏ်အား ရှေးရှုထင်တတ်၏။

(၄) မသင့်သောအားဖြင့် နှလုံးသွင်းခြင်းလျှင် နီးစွာသော အကြောင်းရှိ၏။ [၄]

ယှဉ်ရာစိတ် ပြင်ဆင်ရန်

ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁-ခုတည်း၌သာ ယှဉ်၏။ သင်္ဂဟ၊၁၀။

ဥဒ္ဓစ္စစေတသိက်နှင့် ဝိစိကိစ္ဆာ စေတသိက်တို့၏ အထူး ပြင်ဆင်ရန်

ဥဒ္ဓစ္စစေတသိက်သည် တစ်ခုတည်းသော အာရုံ၌သာလျှင် တုန်လှုပ်၏၊ ဝိစိကိစ္ဆာစေတသိက်သည်ကား အထူးထူးသောအာရုံ၌ တုန်လှုပ်၏။ [၅]

ဖြစ်ရာ ဌာနများ ပြင်ဆင်ရန်

ဝိစိကိစ္ဆာသည်—နီဝရဏစသည်တို့တွင် ဝိစိကိစ္ဆာနီဝရဏ, ဝိစိကိစ္ဆာနုသယ, ဝိစိကိစ္ဆာသံယောဇဉ်, ဝိစိကိစ္ဆာကိလေသာ မည်၏။ [၆]

ဝိစိကိစ္ဆာ၏ ဆန့်ကျင်ဘက် ပြင်ဆင်ရန်

ဝိစိကိစ္ဆာနီဝရဏ၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သော ဈာနင်ကား ဝိစာရဈာနင်ဖြစ်သည်။ [၇]

ကိန်းရာ ဌာန ပြင်ဆင်ရန်

ဝိစိကိစ္ဆာနုသယသည် အလုံးစုံသော သက္ကာယဒိဋ္ဌိ၌ အကျုံးဝင်သော တရားဖြစ်ကုန်သော ကာမ ၁၁-ဘုံဟုဆိုအပ်သော ကာမဓာတ်, ရူပ ၁၆-ဘုံဟုဆိုအပ်သော ရူပဓာတ်, အရူပ ၄-ဘုံဟုဆိုအပ်သော အရူပဓာတ်, သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ အားဖြင့် ဓာတ် ၃-ပါး, ဝေဒနာ ၃-ပါး, ပုထုဇဉ်ပုဂ္ဂိုလ်တို့၌ ကိန်း၏။ [၈]

ပယ်ကြောင်းတရား ပြင်ဆင်ရန်

ဝိစိကိစ္ဆာသံယောဇဉ်ကို သောတာပတ္တိမဂ်သည် အကြွင်းမရှိသောအားဖြင့်ပယ်၏။ [၉]

ဝိစိကိစ္ဆာကို ပယ်နိုင်ကြောင်း တရား ၆-ပါး

(၁) ဗဟုဿုတတာ-များသောအကြားအမြင် ရှိသည်၏အဖြစ်။

(၂) ပရိပုစ္ဆကတာ-အဖန်ဖန် မေးတတ်သည်၏ အဖြစ်။

(၃) ဝိနယေပကတညုတာ-ဝိနည်း၌ ကျွမ်းကျင် လိမ္မာသည်၏ အဖြစ်။

(၄) အဓိမောက္ခဗဟုလတာ-ဆုံးဖြတ်နိုင်ခြင်း များသည်၏အဖြစ်။

(၅) ကလျာဏမိတ္တတာ-ကောင်းသော အဆွေခင်ပွန်း ရှိသည်၏အဖြစ်။

(၆) သပ္ပါယကထာ - လျောက်ပတ်သည်ကို ပြောဆိုခြင်း ဟူ၍ ၆-ပါးရှိကုန်၏။ [၁၀][၁၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ကမ္မဋ္ဌာန်းကျမ်းကြီး
  2. မ၊၁၊၁၀။ သံ၊၁၊၂၆၅။ ဝိသုဒ္ဓိ၊၂၊၂၃၄။
  3. မဟာနိ၊၃၂၅။
  4. အဘိ၊ဋ္ဌ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊၂၊၁၀၁။ မဟာနိ၊ဋ္ဌ၊၅၃၊ ၃၇၉
  5. ဝိသုဒ္ဓိ၊ဋီ၊၂၊၁၅၃
  6. သင်္ဂဟ၊၄၇။
  7. အဘိ၊ဋ္ဌ၊၁၊၂၁၀။ ဝိဘာဝိနီ၊၉၃။
  8. ယမက၊၂၊၅၅၊ ၆၁။ အဘိ၊ဋ္ဌ၊၃၊၃၂၇။
  9. အဘိ၊ဓ၊၂၄၉။
  10. ဒီ၊ဋီ၊၁၊၂၆၁။ သီ၊ဋီ၊သစ်၊၂၊၁၃၂-၃။)
  11. တိပိဋကအဘိဓာန် အတွဲ-၁၉