ဝိပလ္လာသ ဆိုသည်မှာ ဖောက်ပြန်မှားယွင်းခြင်း ဖြစ်သည်။ ဟုတ်သည်မှန်သည်၌ မဟုတ်မမှန်ဟု မှားယွင်းခြင်း၊ မဟုတ်သည် မမှန်သည်၌ ဟုတ်မှန်သည်ဟု မှားယွင်းခြင်းတို့ ဖြစ်သည်။ ဝိပလ္လာသသည် (၃) ပါးရှိသည်။ ၎င်းတို့မှာ -

(၁) သညာဝိပလ္လာသ

(၂) စိတ္တဝိပလ္လာသ

(၃) ဒိဋ္ဌိဝိပလ္လာသ တို့ ဖြစ်ကြသည်။[၁]

သညာဝိပလ္လာသ ပြင်ဆင်ရန်

သညာဝိပ္ပလာသဆိုသည်မှာ အမှတ်မှားခြင်း ဖြစ်သည်။ ထိုအမှတ်မှားခြင်း (၄) မျိုးရှိသည်။ ၎င်းလေးမျိုးတို့မှာ

(၁) အနိစ္စ၌ နိစ္စဟု အမှတ်မှားခြင်း။

(၂) အသုဘ၌ သုဘဟု အမှတ်မှားခြင်း။

(၃) ဒုက္ခ၌ သုခဟု အမှတ်မှားခြင်း။

(၄) အနတ္တ၌ အတ္တဟု အမှတ်မှားခြင်း။[၁]

စိတ္တဝိပလ္လာသ ပြင်ဆင်ရန်

စိတ္တဝိပလ္လာသဆိုသည်မှာ အကြံအသိမှားခြင်း ဖြစ်သည်။ ထိုအကြံအသိမှားခြင်း (၄) မျိုး ရှိသည်။ ၎င်းလေးမျိုးတို့မှာ

(၁) အနိစ္စ၌ နိစ္စဟု အကြံအသိမှားခြင်း။

(၂) အသုဘ၌ သုဘဟု အကြံအသိမှားခြင်း။

(၃) ဒုက္ခ၌ သုခဟု အကြံအသိမှားခြင်း။

(၄) အနတ္တ၌ အတ္တဟု အကြံအသိမှားခြင်း။[၁]

ဒိဋ္ဌိဝိပလ္လာသ ပြင်ဆင်ရန်

ဒိဋ္ဌိဝိပလ္လာသဆိုသည်မှာ အမြင်အယူမှားခြင်း ဖြစ်သည်။ ထိုအမြင်အယူမှားခြင်း (၄) မျိုး ရှိသည်။ ၎င်းလေးမျိုးတို့မှာ

(၁) အနိစ္စ၌ နိစ္စဟု အမြင်အယူမှားခြင်း။

(၂) အသုဘ၌ သုဘဟု အမြင်အယူမှားခြင်း။

(၃) ဒုက္ခ၌ သုခဟု အမြင်အယူမှားခြင်း။

(၄) အနတ္တ၌ အတ္တဟု အမြင်အယူမှားခြင်း။[၁]

ဝိပလ္လာသဥပမာ (၃) ပါး ပြင်ဆင်ရန်

သညာဝိပလ္လာသ၌ တောသမင် ဥပမာ ပြင်ဆင်ရန်

တစ်ခုသောတောကြီးအလယ်၌ စပါးခင်းလုပ်ကိုင်၍ ထား၏။ တောသမင်တို့သည် လယ်ရှင်ယောက်ျားမရှိခင် ထိုစပါးခင်းသို့လာ၍ အသီးအနှံတို့ကို စားတတ်ကြ၏။ လယ်ရှင်သည် တောသမင်တို့ကို ကြောက်လန့်စေခြင်းငှာ မြက်ခြောက်တို့ကို လူသဏ္ဌာန်ပြုလုပ်၍ စပါးခင်းအလယ်၌ စိုက်ထား၏။ ထိုလူအုပ်၌ မြက်ခြောက်တို့ကို လျှော်ဖြင့် ဖွဲ့စည်း၍ ကိုယ်သဏ္ဌာန်၊ ဦးခေါင်းသဏ္ဌာန်၊ လက်သဏ္ဌာန် လုပ်၏။ အိုးငယ်ကို ထုံးဖြူဖြင့် မျက်နှာသဏ္ဌာန်ရေး၍ ဦးခေါင်း၌ စွပ်ထား၏။ အဝတ်ဟောင်း၊ အင်္ကျီဟောင်း တို့ကို စွပ်ထား၏။ လက်တို့၌ လေးမြားတို့ကို ကိုင်စွဲ၏။ တောသမင်တို့သည် ထိုစပါးခင်းသို့ စားအံ့သောငှါ လာကြကုန်ရာ ထိုလူရုပ်ကို မြင်ကြလျှင် လူမဟုတ်သည်၌ လူအဟုတ်ထင်မှတ်ကြောက်လန့်၍ ပြေးကြကုန်၏။

ဤဥပမာတွင် တောသမင်တို့၌ ပကိသောလူ၏ အသွင်ကို ရှေး၌ မှတ်ရင်းရှိ၏။ ထိုအမှတ်အတိုင်း မြက်ရုပ်ကို လူဟူ၍ မှတ်ပြန်၏။ အမှတ်မှား၏။ သညာဝိပလ္လာသသည် ဤတောသမင်ဥပမာနှင့် တူ၏။ အလွန်တိမ်ကော၏။ မျက်စိလည်သောသူသည် နေထွက်နေဝင် ကြောင်ကြောင်မြင်လျက်နှင့် မှားသကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏။ မှားမိပြန်လျှင် အလွန်ခိုင်မြဲတတ်၏။ ပြောင်းလွဲ၍ မရနိုင် ရှိတတ်၏။

ကိုယ်ခန္ဓာတို့၌ အသုဘအချက်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအချက်များသည် ကိုယ်တွေ့မျက်မြင် ထင်ရှားရှိသည်လည်း အလွန်များ၏။ ကြောင်ကြောင်မြင်မျိုးပင် ဖြစ်၏။ သညာဝိပလ္လာသသည် တောသမင်ကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏။ [၁]

စိတ္တဝိပလ္လာသ၌ မျက်လှည့်ခြင်း ဥပမာ ပြင်ဆင်ရန်

မျက်လှည်ကြီး ပညာမျိုးသည် ရှိ၏။ ထိုပညာဖြင့် ပြုလုပ်၍ ပြသည်ရှိသော် ကြည့်မြင်သူလူအများတို့သည် မြေစိုင်ခဲ စသည်ကို ရွှေခဲ၊ ငွေခဲ စသည် ထင်မြင်ကြကုန်၏။ မျက်လှည့်ပညာ၏ အစွမ်းသည် လူတို့၏ ပကတိသော မျက်စိမြင်မှုကို ဖျက်၍ မျက်စိမြင်မှုတစ်မျိုး ပြောင်းလဲစေနိုင်၏။ တစ်ခဏအားဖြင့် စိတ်ကို ဖောက်ပြန်စေနိုင်၏။ ပကတိအခါ၌ မြေစိုင်မြေခဲကို မြေစိုင်မြေခဲအတိုင်း မြင်ကြကုန်၏။ ထိုအခါ၌မူ မြေစိုင်မြေခဲကို ဝါဝါဝင်းဝင်း ရွှေအဆင်း၊ ဖြူဖြူလင်းလင်း ငွေအဆင်းအနေနှင့် မြင်ကြကုန်၏။ ရွှေဟူ၍၊ ငွေဟူ၍ ယုံကြည်ခြင်း မှားယွင်းကြကုန်၏။

ဤဥပမာနှင့်တူစွာ စိတ်သည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်၏။ ညဉ့်အခါ သစ်ငုတ်ကို မြင်လေရာ လူဟူ၍ လှည့်စားတတ်၏။ တောချုံကို မြင်လေရာ တောဆင်ဟူ၍ လှည့်စား၏။ တောဆင်ကို မြင်လေရာ တောချုံဟူ၍ လှည့်စား၏။ လောက၌ ဒိဋ္ဌမျက်မြင်မျိုးထဲတွင် အထင်မှားသမျှသည် စိတ်၏ လှည့်စားမှုချည်း ဖြစ်သည်။ စိတ္တဝိပလ္လာသသည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်သောကြောင့် သညာဝိပလ္လာသထက် နက်နဲ၏။ သို့ရာတွင် အကြောင်းယုတ္တိနှင့် ဖြေဖျောက်လျှင် ပြေပျောက်လွယ်၏။ သညာကဲ့သို့ မခိုင်မြဲတတ်ပေ။ [၁]

ဒိဋ္ဌိဝိပလ္လာသ၌ လမ်းမှားကြီး ဥပမာ ပြင်ဆင်ရန်

တစ်ခုသော တောကြီးသည် ရှိ၏။ ထိုတောကြီး၌ ဘီလူးခေါ်သော နတ်ဆိုးတို့သည် မြို့ရွာတည်ထောင်၍ နေကြ၏။ လမ်းခရီး၌ မကျွမ်းကျင်သော ခရီးသည်တို့သည် ထိုတောကြီးသို့ ရောက်ကြ၏။ နတ်ဆိုးတို့သည် မိမိတို့ မြို့ရွာကို နတ်မြို့၊ နတ်ရွာတို့ကဲ့သို့လည်းကောင်း၊ မိမိတို့ကိုယ်ကိုလည်း နတ်သမီး၊ နတ်သားတို့ကဲ့သို့လည်းကောင်း ဖန်ဆင်းကြပြီးလျှင် လမ်းကိုလည်း နတ်လမ်းကဲ့သို့ သာယာစွာ ဖန်ဆင်းကြ၏။ ခရီးသည်တို့သည် ထိုလမ်းကို မြင်တွေ့ရာ မြို့ကြီး၊ ရွာကြီးသို့ သွားသောလမ်းဟု ယုံကြည်ကြကုန်သဖြင့် လမ်းရိုးလမ်းမှန်ကို စွန့်လွှတ်ကြပြီးလျှင် ထိုလမ်းဆိုး လမ်းမှားကြီးသို့ လိုက်သွားကြလေ၏။ နတ်ဆိုးတို့၏ မြို့ရွာသို့ ရောက်ကြသောအခါ လူကောင်းသူကောင်းတို့၏ မြို့ရွာဟု ထင်မှတ်ကြကုန်၍ ယုံကြည်စိတ်ချစွာ အိပ်ကြ၏။ နတ်ဆိုးတို့သည် ညဉ့်အချိန်ရောက်သည့်အခါ သူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ ပူးဝင်ကုန်ကြပြီးလျှင် အသည်း၊ အဆုတ်၊ နှလုံး၊ သည်းပွတ်တို့ကို ကိုက်၍ တစ်ကိုယ်လုံးမှ အသွေး၊ အဆီတို့ကို စုပ်မျိုသောက်ကြကုန်၏။ ထိုခရီးသည်တို့သည် သေဆုံးပျက်စီးကြရလေသည်။

ဤဥပမာ၌ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟူသော ဘုံသုံးပါးသည် ၎င်းတောကြီးနှင့် တူ၏။ ဤသတ္တဝါတို့သည် ၎င်းခရီးသည်တို့နှင့် တူကုန်၏။ သမ္မာဒိဋ္ဌိအယူသည် လမ်းရိုးလမ်းမှန်နှင့် တူ၏။ မိစ္ဆာဒိဋ္ဌိအယူမျိုးသည် လမ်းဆိုးလမ်းမှားကြီးနှင့် တူ၏။

ဤတွင် သမ္မာဒိဋ္ဌိသည် (၂) မျိုးရှိ၏။ ၎င်းတို့မှာ (၁) လောကီသမ္မာဒိဋ္ဌိ၊ (၂) ဗောဓိပက္ခိယသမ္မာဒိဋ္ဌိ တို့ ဖြစ်ကြသည်။ မိမိပြုသော ကုသိုလ်ကံ၊ အကုသိုလ်ကံသည်သာလျှင် ဘဝသံသရာ၌ အစဉ်ပါလာသော ကိုယ်ပိုင်ဥစ္စာ မှန်ချေသည်ဟု ယူသော ကမ္မဿကတာသမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိ မည်၏။ ပဋိစ္စသမုပ္ပါဒ်နှင့်တကွ ခန္ဓာအာယတန အနတ္တတို့ကို သိမြင်သော ဉာဏ်သည် ဗောဓိပက္ခိယ သမ္မာဒိဋ္ဌိ မည်၏။

ထိုနှစ်ပါးတွင် ပဋ္ဋပက္ခ၌ ကမ္မဿကတာသမ္မာဒိဋ္ဌိသည် လမ်းရိုးလမ်းမှန်ကြီးနှင့် တူ၏။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟူသော သုဂတိဘုံများသည် လူကောင်းသူကောင်းတို့၏ မြို့ရွာနှင့်တူ၏။

ကုသိုလ်ကံ၊ အကုသိုလ်ကံကိုလည်းကောင်း၊ ကုသိုလ်ကံ၊ အကုသိုလ်ကံ၏ အကျိုးကို လည်းကောင်း ပစ်ပယ်သော နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ များသည် လမ်းဆိုးလမ်းမှားကြီးနှင့် တူ၏။ ငရဲပြည်၊ တိရစ္ဆာန်ပြည်၊ ပြိတ္တာပြည်၊ အသုရကာယ်ပြည်ဟူသော ဒုဂ္ဂတိဘုံများသည် နတ်ဆိုးတို့၏ မြို့ရွာနှင့် တူ၏။

ဝိပဋ္ဋပက္ခမူကား ဗောဓိပတိယသမ္မာဒိဋ္ဌိသည် လမ်းရိုးလမ်းမှန်ကြီးနှင့် တူ၏။ နိဗ္ဗာန်သည် လူကောင်းသူကောင်းတို့၏ မြို့ရွာနှင့် တူ၏။ မိမိခန္ဓာကိုယ်ကို ငါ၏ အတ္တဟု စွဲလမ်းသော အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိသည် လမ်းဆိုးလမ်းမှားကြီးနှင့်တူ၏။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်နှင့် တကွသော သံသရာလောကကြီးသည် နတ်ဆိုးတို့၏ မြို့ရွာနှင့် တူ၏။

ဤဝိပဋ္ဋပက္ခ၌ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိကိုပင် ဒိဋ္ဌိဝိပလ္လာသ ဆို၏။ ဤဒိဋ္ဌိဝိပလ္လာသသည် စိတ္တဝိပလ္လာသထက် နက်နဲ၏။ အလွန်လဲ ခိုင်မြဲသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၁၊ ၂၊ ၃၊ ၄။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)