ဝေဠုဝန်ဆရာတော်
လွတ်လပ်ရေးခေတ်ဦး ရန်ကုန်မြို့တော် သာသနာရေးရှေ့ဆောင်၊ တောင်တန်းသာသနာပြုအဖွဲ့ကြီး ဥက္ကဋ္ဌ၊ ဓမ္မာကထိက အဖွဲ့ချုပ်ကြီး ဥက္ကဋ္ဌ၊ ဗဟန်းဝေဠုဝန်ကျောင်းတိုက်ကြီး၏ နာယက၊ ဝေဠုဝန်ဆရာတော် အမည်ဖြင့် ထင်ရှား၏။ ပရိယတ်စာပေကို သာမဏေဘဝဖြင့် မန္တလေး စကုတိုက်၊ တောင်သမန်တိုက်၊ ခင်မကန်တိုက်တို့၌ သင်ယူခဲ့၍ ရဟန်း ၄ ဝါရတွင် ရန်ကုန် ဗဟန်း ဝေဠုဝန်ကျောင်းတိုက်တည် ပထမဝေဠုဝန် ဆရာတော်ထံ နည်းခံသင်ယူခဲ့သည်။ ပထမဝေဠုဝန်ဆရာတော် ရှင်ပဏ္ဍဝံသ မှာ အဘိဓမ္မာအရာ အလွန်ထင်ရှားသည်။ ဝေဠုဝန်ဆရာတော် ရှင်ခေမာစာရမှာ အပြောအဟော ကျွမ်းကျင်လိမ္မာ၍ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက် ဂိုဏ်းပေါင်းစုံ မဟာသံဃအဖွဲ့ချုပ်ကြီး၏ မြန်မာနိုင်ငံ အောက်ပိုင်း အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၄၆ ခု တောင်တန်းသာသနာပြုအဖွဲ့ကြီး စတင်တည်ထောင်သည်မှ ၁၈ နှစ် အတွင်း ကယားပြည်နယ်၊ ရှမ်း ပြည်နယ်၊ ဝနယ်၊ ကိုးကန့်နယ်၊ ကချင် ပြည်နယ်၊ ပူတာအို၊ နာဂတောင်တန်းနှင့် ချင်းတောင် သာသနာပြု ခရီးပေါင်း ၇ဝ ကျော် ခက်ခဲပင်ပမ်းစွာ ကြွရောက်ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းသာမက သီရိလင်္ကာ၊ ဂျပန်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်းနိုင်ငံများသို့ လည်း ဓမ္မဒူတခရီးများ သွားရောက်ခဲ့ပါသည်။
ခေမာစာရ၊ ရှင်၊ ဝေဠုဝန်ဆရာတော်
ပြင်ဆင်ရန်၁၈၈၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် တနင်္လာနေ့တွင် မန္တလေးခရိုင် စဉ့်ကူးမြို့နယ် ခက်သင်ရွာ၌ ဖွားသည်။ အဖ ဦးကြူး အမိ ဒေါ်ထယ် ဖြစ်သည်။ မွေးချင်း ၃ ယောက်တွင် အငယ်ဆုံး။ ငယ်မည် မောင်တုတ်ဖြူ ဖြစ်သည်။
၉ နှစ်အရွယ်တွင် ခက်သင်ရွာကျောင်းဆရာတော် ရှင်ဂန္ဓမာထံ စတင်ပညာသင်သည်။ ၁၃ နှစ်တွင် အစ်ကို ဘုန်းတော်ကြီး ရှင်သုန္ဒရ သီတင်းသုံးရာ ပုသိမ်ခရိုင် ကန်ကြီးဒေါင့်မြို့ လိုက်ပါ ပညာသင်သည်။ ကန်ကြီးဒေါင့်ရပ်ရွာ ဒကာ၊ ဒကာမများက ရှင်ဒါယကာခံ၍ ရှင်သာမဏေ ဖြစ်သည်။ ဘွဲ့ ရှင်ခေမာစာရ ဖြစ်သည်။ ထို့နောက် ဇာတိ ခက်သင်ရွာ ကျောင်းဆရာတော်ထံ ပြန်၍ ပရိယတ္တိစာပေ ဆက်လက်သင်ယူသည်။ ၁၅ နှစ်တွင် ဘထွေး ဦးတိုးနှင့် မိဘဆွေမျိုးများက ရှင်ဒါယကာခံ၍ ဒုတိယအကြိမ် သာမဏေဖြစ်သည်။ သာမဏေပြုပြီး ၇ ရက်အကြာ မန္တလေး စကုတိုက် တိုက်ကြပ်ဆရာတော် ရှင်ဝိစိတ္တထံ မှီခို၍ တောင်သမန် တိုက် စာချအကျော် ရှင် (ဦး) စိန္တာ၊ စကုတိုက် ကျောင်းကြီးဆရာတော် ရှင်ခေမိန္ဒ၊ ခင်မကန်တိုက် ရှင်သူရိယ၊ ရွှေလောင်းကျောင်းဆရာတော် ရှင်နန္ဒဝံသတို့ထံ ပရိယတ္တိ စာပေသင်ယူခဲ့သည်။
သာမဏေ ၅ ဝါရ ၁၉ဝ၁ ခုနှစ် ဇူလိုင်လ ၂၇ ရက် စနေနေ့တွင် မွေးရပ် ခက်သင်ရွာ ရေသိမ်၌ ရဟန်းဖြစ်သည်။ ဘွဲ့ ရှင်ခေမာစာရ။ ဥပဇ္ဈာယ်မှာ တောရကြီး ကြည်လုံးကျောင်းတိုက် ကြည်လုံးဆရာတော် ရှင်သဝန ဖြစ်သည်။ ရဟန်းဒါယကာမှာ ဘထွေးတော် ပြာသာဒ်ဒါယကာ ဦးတိုး၊ ဒေါ်ဒွန်းဖြူ ဖြစ်သည်။ ရဟန်းဖြစ်ပြီး မန္တလေး စကုတိုက်ပြန်၍ ပရိယတ္တိစာပေ ဆက်လက်သင်ယူ၏။
ရဟန်း ၃ ဝါရတွင် မန္တလေး၌ ပလိပ်ရောဂါကျရောက်၍ ရောဂါ ရှောင်ရန် မြန်မာနိုင်ငံအောက်ပိုင်း သွားရောက်သည်။ ဟင်္သာတခရိုင် ကြံခင်းမြို့ လယ်ယာကျောင်းဆရာတော် ရှင်မာလာထံ ၁ နှစ်နှင့် ၆ ရက် သီတင်းသုံးသည်။ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ ပထမ ဗဟန်း ဝေဠုဝန် ဆရာတော် ရှင်ပဏ္ဍဝံသထံ ပြောင်းရွှေ့ပညာသင်သည်။ ပထမဝေဠုဝန် ဆရာတော် ရှင်ပဏ္ဍဝံသ (၁၈၆၅ -၁၉၄၃) ထံ ဝိနည်းအဋ္ဌကထာနှင့်
အဘိဓမ္မာဆိုင်ရာ မူလဋီကာ နည်းခံသင်ယူသည်။ ဝေဠုဝန်ဆရာတော်မှာ အဘိဓမ္မာဆိုင်ရာ မူလဋီကာပို့ချမှု အလွန်ထင်ရှား၍ မြန်အောင် ဂူကိုးလုံး ဆရာတော် ရှင်နန္ဒိယ (၁၈၃၄-၁၉၀၆)၊ ပြည် ပွင့်လှသိမ်ကုန်း ပထမ ဆရာတော် ရှင်နာရဒ (၁၈၃၂-၁၉၀၂)၊ ဒုတိယမြို့ပြင်ကြီးဆရာတော် ရှင်စန္ဒဝံသ (၁၈၂၇-၁၉ဝ၂) တို့၏ တပည့်ရင်းဖြစ်သည်။ ဝေဠုဝန်ဆရာ တော်ကို အကြောင်းပြု၍ နောင်အခါ ဝေဠုဝန်နိကာယဟု သီးခြားဂိုဏ်း တစ်ခု ဖြစ်လာသည်။
ရှင်ခေမာစာရသည် ပထမဝေဠုဝန်ဆရာတော်ထံ နည်းခံနေစဉ် တစ်ဖက်မှလည်း ပရိယတ္တိစာပေ ပြန်လည်ပို့ချသည်။ ၁၉၀၈ နှင့် ၁၉ဝ၉ ခုနှစ်များတွင် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသနှင့် သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူး ၂ ကြိမ် သွားရောက်၍ ဒေသန္တရ ဗဟုသုတရှာမှီးကာ “ဝေဠုဝန် ဦးခေမာစာရခရီးစဉ်” အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။ ၁၉ဝ၉ ခုနှစ်တွင် ပထမဝေဠုဝန်ဆရာတော်သည် ဝေဠုဝန်တိုက်အုပ် ရှင်တိဿအား လွှဲအပ် ကာ ပုသိမ်ဝေဠုဝန်၊ ထိန်တောဝေဠုဝန်၊ မြန်အောင်ဝေဠုဝန်၊ ရန်ကုန် ကြည့်မြင်တိုင် ဝေဠုဝန်ကျောင်းများ တည်ထောင်၍ ပရိယတ္တိစာပေ ပို့ချ သည်။ ဗဟန်းဝေဠုဝန်တိုက်သည် ရှင်တိဿမှတစ်ဆင့် ရှင်ခေမာစာရကို လွှဲအပ်ခဲ့ရာ ဗဟန်း ဝေဠုဝန်ဆရာတော် ရှင်ခေမာစာရဟု အမည်တွင်ခဲ့သည်။
ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် လမ်းပန်း အဆောက်အအုံနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီး ဗန္ဓုလဦးစိန်၏ အားထုတ်မှုဖြင့် ဂိုဏ်းပေါင်းစုံ မဟာသံဃအဖွဲ့ချုပ်ကြီး ဖွဲ့စည်းရာ ဝေဠုဝန် ဆရာတော် ရှင်ခေမာစာရသည် မြန်မာနိုင်ငံအောက်ပိုင်း အထူးအမှုဆောင် အဖွဲ့ဝင်၊ စစ်ပြီးစ ၁၉၄၆ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို၊ သူဌေးဆာဦးသွင်၊ တရားဝန်ကြီး ဒေါက်တာသိမ်းမောင်တို့ ဦးဆောင်၍ တောင်တန်းသာသနာပြုအဖွဲ့ကြီး တည်ထောင်ရာ အမှုဆောင်ဆရာတော် အဖြစ် ပါဝင်သည်။ ၁၉၄၇ ခု မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပသော ချင်းတောင် ထီးလင်းမြို့ ချင်း-မြန်မာ ချစ်ကြည်ရေးညီလာခံကို ပြန်ကြား ရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုနှင့်အတူ တောင်တန်းသာသနပြုအဖွဲ့ကိုယ်စား သံဃာ ၃ ပါးကို ဦးဆောင် တက်ရောက်သည်။ ညီလာခံတွင် သာသနာ အခြေခံတရားများ ဟောကြားခဲ့သည်။ ၁၉၅၂ ခုနှစ်မှစတင်၍ တောင်တန်းသာသနာပြုအဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီး နိုင်ငံတော်သြဝါဒါစရိယ၊ ဆဋ္ဌသင်္ဂါယနာ ဩဝါဒါစရိယ၊ ဆဋ္ဌသင်္ဂါယနာ တတိယသန္နိပါတ (၁၉၅၈) သံဃမဟာနာယကအဖွဲ့ဝင်၊ စတုတ္ထ သန္နိပါတ (၁၉၅၉)၊ ဋီကာသံဂါယနာ ပဋ္ဌမသန္နိပါတ (၁၉၆၀)၊ ဒုတိယ(ပစ္ဆိမ) သန္နိပါတ (၁၉၆၁) တို့တွင် သံဃမဟာနာယကအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆဋ္ဌသင်္ဂါယနာတင်ကာလ ၁၉၅၇ ခုနှစ်တွင် တရားဝန်ကြီး သတိုး မဟာသရေစည်သူ ဦးချန်ထွန်း ခေါင်းဆောင်သော လူပုဂ္ဂိုလ်အဖွဲ့နှင့်အတူ သံဃာအဖွဲ့ (မဟာစည်ဆရာတော်၊ အနီးစခန်းဆရာတော်၊ မြင်းခြံ ကိုးဆောင်တိုက်ဆရာတော်၊ မန္တလေး ဝိဇ္ဇာလင်္ကာရဆရာတော်၊ ဂျပန် သာသနာပြု ဦးခေမိန္ဒ) ကို ဦးဆောင်၍ ဂျပန်နိုင်ငံ မိုဂျီမြို့ သို့ သာသနာပြ သွားရောက်ခဲ့သည်။ ထို့ပြင် သာသနာ ၂၅ဝဝ ပြည့် ဗုဒ္ဓဇယန္တီပွဲတော် အထိမ်းအမှတ် လာအို၊ ထိုင်း၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင်နိုင်ငံများကို ဓမ္မဒူတ ခရီးသွားရောက်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည်။
ဝေဠုဝန်ဆရာတော်သည် ဗဟန်း ဝေဠုဝန်ကျောင်းတိုက်၏ ဦးစီး နာယကတာဝန်အပြင် ရွှေတိဂုံစေတီတော် ဂေါပက၊ ဆူးလေစေတီတော် ဂေါပက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ မဟာဗျူဟာအသင်း, ဝေနေယျသုခအသင်းတို့၏ ဩဝါဒါစရိယ၊ စေတီယင်္ဂဏအသင်း၊ အဘိဓမ္မာ ပြန့်ပွားရေးအသင်း၊ အလယ်တောရ သီလရှင်များအဖွဲ့ချုပ်တို့၏ မဟာ နာယက၊ ဓမ္မကထိကအဖွဲ့ချုပ်၊ ရန်ကုန်ခရိုင် ကျောင်းထိုင်ဆရာတော်များ အဖွဲ့၊ တောင်တန်းသာသနာပြုအဖွဲ့တို့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါ သည်။ ၁၉၆၄ ခု မြစ်ကြီးနားတွင် ကျင်းပသော ၁၇ ကြိမ်မြောက် တောင်တန်းသာသနာပြုအဖွဲ့ နှစ်လည်ညီလာခံကို တက်ရောက် ဩဝါဒ ပြောကြားပြီး မွေးရပ် စဉ့်ကူးမြို့နယ် ခက်သင်ရွာဝင်၍ ခေတ္တ သီတင်း သုံးရာမှ ကျန်းမာရေး ချို့ယွင်းလာသည်။
သက်တော် ၈၆ နှစ် သိက္ခာ ၆၆ ဝါအရ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၁၇ ရက် တနင်္ဂနွေနေ့ နံနက် ၇:၄၅ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး သံဃဆေးရုံ၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ [၁]