ဝံသဗေဒသည် ကမ္ဘာပေါ်ရှိ လူမျိုးအသီးအသီးတို့ တိုးတက်ထွန်းကားလာပုံနှင့် ပျံ့နှံ့သွားပုံကို စနစ်တစ်ကျလေ့လာသော သိပ္ပံပညာတစ်ရပ်ဖြစ်သည်။ ဝံသဗေဒနှင့် အလားတူသော လူမျိုးခွဲခြားပြသရေး ပညာမှာကား ကမ္ဘာပေါ်တွင် လူများ ပထဝီဝင်ဒေသအလိုက် ပျံ့နှံ့နေပုံကိုလိုက်၍ လူများကို မြေပုံနှင့်တကွ အမျိုးခွဲခြားဖော်ပြသော သိပ္ပံပညာဖြစ်လေသည်။ အမှန်အားဖြင့် လူမျိုးခွဲခြားပြသရေးပညာသည် ဝံသဗေဒအတွက် အကြောင်းအချက်များ ရှာဖွေပေးလေသည်။


ဤပညာ နှစ်ရပ်ကို ပူးပေါင်းလေ့လာခြင်းအားဖြင့် ကမ္ဘာပေါ်တွင် လူအမျိုးမျိုး ကွဲပြားခြားနားပုံ၊ လူများ ကမ္ဘာအရပ်ရပ်တွင် အနှံ့အပြား နေထိုင်ကြပုံနှင့် ဘာသာအယူဝါဒ ဓလေ့ထုံးစံများ၊ စီးပွားရေး၊ နိုင်ငံရေး၊ ပေါင်းသင်းဆက်ဆံရေး၊ နေထိုင်စားသောက်ရေး အစရှိသည်တို့တွင် လူတစ်မျိုးနှင့်တစ်မျိုး မတူကြသည့်အကြောင်းများကို နှိုင်းယှဉ်လေ့လာနိုင်လေသည်။

ဝံသဗေဒပညာ ပါရဂူကြီးများ၏ ယူဆချက်အရ လူသည် ရှေးဦးပထမ လူမျိုးတစ်မျိုးတည်းမှ ဆင်းသက်ပေါက်ဖွားလာပြီးနောက် နှစ်ပေါင်းများစွာ ကြာသောအခါ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားသဖြင့် ကာလဒေသအလျောက် လူအမျိုးမျိုး ကွဲပြားသွားခဲ့လေသည်။ ကမ္ဘာပေါ်ရှိ အဓိက လူမျိုးကြီးများကို လူဝါမျိုး၊ လူဖြူမျိုး၊ လူမည်းမျိုးဟူ၍ အသွေးအရောင်ကို လိုက်၍ သုံးမျိုးခွဲခြားထားသည်။ အဓိက လူဝါမျိုးမှာ မွန်ဂိုလူမျိုးများဖြစ်၍ အာရှတိုက်အမေရိကတိုက် နှင့် ပိုလီနီးရှားဒေသများတွင် အနှံ့အပြားနေထိုင်ကြသည်ဟုဆိုသည်။ မွန်ဂိုလူမျိုးများ၏ ပုံပန်းသဏ္ဌာန်မှာ အသားဝါသည်။ သို့မဟုတ် ညိုသည်။ ဆံပင်မှာ မည်းနက်၍ဖြောင့်စင်းသည်။ မျက်နှာပြား၍ နဖူးမှာ နောက်သို့ခွက်နေသည်။ အဓိက လူဖြူများ၏ ပုံပန်းသဏ္ဌာန်မှာ အသားဖြူသည်။ နဖူးမောက်သည်။ ချွန်၍ပေါ်လွင်သော နှာတံရှိသည်။ ဆံပင်မှာ များသောအားဖြင့် နီညိုရောင်ဖြစ်သည်။ လူဖြူများသည် ဥရောပတိုက်နှင့် အာရှတိုက်အနောက်ပိုင်းတွင် နေထိုင်ကြ၏။ အဓိက လူမည်းမျိုး ဖြစ်သော နီဂရိုး အစရှိသည့် လူမျိုးများကိုကား အာဖရိကတိုက်တွင်သာ တွေ့ရှိရ၏။ သူတို့၏ပုံပန်းသဏ္ဌာန်မှာ အသားမည်းသည်။ အရပ်ပုသည်။ နှာခေါင်းပြားသည်။ ပါးရိုးများ အပြင်သို့ ငေါထွက်နေ၍ မည်းမှောင်လိမ် ကောက်သော ဆံပင်များရှိသည်။

အနောက်နိုင်ငံများရှိ ပြတိုက်များတွင် ဝံသဗေဒဌာနခွဲများထားရှိ၍ လူအမျိုးမျိုး၏ နေထိုင်လုပ်ကိုင်သွားလာပုံ ဓလေ့ထုံးစံနှင့် အလေ့အကျင့်များကို ဖော်ပြသည့် အရာဝတ္ထုများကို ပြသထားလေရာ နီးစပ်ရာလူမျိုးအချင်းချင်း ကွဲပြားခြားနားပုံ တူညီပုံတို့ကို နှိုင်းယှဉ်လေ့လာနိုင်လေသည်။ လူမျိုး ခွဲခြားပြသရေးသမားများကမူ ကမ္ဘာပေါ်တွင် လူမျိုးအသီးသီး ပျံ့နှံ့နေကြပုံနှင့် ရွှေ့ပြောင်းနေထိုင်ကြပုံတို့ကို မြေပုံဖြင့် ဖော်ပြကြသည်။ အမှန်အားဖြင့် ဝံသဗေဒနှင့် လူမျိုးခွဲခြားပြသရေးပညာတို့မှာ ဒွန်တွဲနေ၍ မနုဿဗေဒ ပညာရပ် အစိတ်အပိုင်းများသာဖြစ်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)