ဝံသာနုအထည် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ သံချို ဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

နိုင်ငံခြားအထည်များကို ပယ်ရှားပြီး တိုင်းရင်းဖြစ်အထည်များကိုသာ ရက်လုပ်ဝတ်ဆင်ကြရန် သင့်လျော်ကြောင်း ရေးဖွဲ့ထားသည်။

ဝံသာနုအထည် ပြင်ဆင်ရန်

ကမ္ဘာတွင် မြန်မာမျိုးတို့
ဓမ္မတာအမျိုးအမည် ဖျင်ပင်နီနှင့်
ဆင်ထဘီ တဘက်ကြမ်းတို့ကို
ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့
ပန်းဆိုးကာ ကိုယ်စီဝတ်ကြရ
မိုးစွတ်နှင့် နေပူခံ။

သရက်ထည် နီအပြာနှင့်
ကတ္တီပါ ပလီပလာကြံလို့
အီတာလျံ ဂျာမန်ကလုပ်ခဲ့တဲ့
ပိတ်အုပ်တွေ ချည်တွေဆိုက်ပြန်တော့
ငွေပိုက်ဆံ ပုံကာနှင်းပါလို့
လုံကွင်းတွေ ဆင်ထဘီနှင့်
ပိတ်အင်္ကျီ ဖြူဖြူလွတို့ကို
တစ်လဆယ်ထည်ချုပ်နိုင်ရဲ့
မလုပ်ချင် ဝယ်လို့ပေါသည်ဟု
ရယ်မောကာ မိန်းမတွေတို့
ငြိမ်းပေကြပြန်။

ပြောကြသည့် စကားပုံကတော့
ပေါလှသည့်ကုန်ဟာ ရှားသည့်ဟု
ရှားတဲ့ကုန် တစ်ဖန်ပေါပြန်တော့
သင်္ဘောချည် ရှံချည်ထုပ်ကဲ့ပြင်
အပ်ချုပ်ရန် အပ်ချည်လုံးကိုမှ
လွယ်တကူ ဝယ်ယူလို့မသုံးနိုင်ဘု
နယ်လုံးကျွတ် တို့နိုင်ငံ
မြို့ခရိုင်မကျန်ပ ခက်စတောင်း။

ယာပြင်မှာ ဝါပင်တွေကြဲမိရင်
တာရဲတွေ ဆွေတလုပ်တို့က
ငွေထုတ်ကာ ကိုယ်စီငှားကြလို့
ပွဲစားတွေ ဝယ်ယူလာကြရ
စူလျာ ဖျင်တဘက်ကိုမှ
တင်ပခွက်လုံအောင် မဖုံးနိုင်ဘု
သက်ဆုံးတိုင် ရှည်ကြာနေကြရ
သည်ဝါတွေတစ်ပြည်တစ်ရွာသို့သို့ဖြင့် မရောင်းကြပါနှင့်
၎င်းဝါအထည်ဖြစ်တော့ကမှ
ချည်ရှစ်ဆယ် အစိတ်ပေးရလိမ့်
ပိတ်ဈေးမှာ အလွန်တိုသောကြောင့်
အရင်လိုမဝယ်နိုင်၍
ပိတ်အင်္ကျီ လျှိုမစွတ်ရပေဘု
ကိုယ့်အဝတ် ကိုယ်ရိုသေလို့
မိန်းမတွေ အငြိမ်မနေကြစမ်းပါနှင့်
ရက်ကန်းမှာ ဗိုင်းဝါအလုပ်ကိုဖြင့်
အများတကာကို အားမနာလို့မဟုတ်ပါဘု
အသွားအလာ ခါးဗလချာ မစုတ်ရအောင်လို့ကွယ်
အားထုတ်ဖို့ကောင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ တာရဲတွေ = တရုပ်လူမျိုးတွေဟု ဆိုလိုဟန်ရှိ၏။

၂။ ဆွေတရုပ် = မိတ်ဆွေတရုပ်။

၃။ စူလျာ = ခါးတတ်ထည်ဖျင်ပိုင်း။

၄။ ဗလချာ = စုတ်ပြဲနေသောအဝတ်။

၅။ ဝံသာနု = အမျိုးအနွယ်ကိုစောင့်ရှောက်ခြင်း။အမျိုးကိုစောင့်ရှောက်သူ။

၆။ ဓမ္မတာ = မြဲသောအစဥ်အလာ။ ဖြစ်မြဲထုံးစံ။

၇။ ပင်နီ = အုန်းခွံရောင်ရှိသောဝါမှထုတ်လုပ်သည့်ချည်နှင့်ရက်လုပ်သောအထည်။

၈။ လွန်း = ရက်ကန်းရက်ရာတွင်ဖောက်ချည်ရစ်ပတ်ထားသောရက်ဖောက်ထည့်ရာအိမ်ပါသည့်အချောင်းအတံ။

၉။ လွန်းပြန် = လွန်းပြန်လက်ချိတ်ပုဆိုး။

၁၀။ ပန်းဆိုး = အဝတ်အထည်ကိုဆေးရောင်ဆိုးသည်။

၁၁။ သရက်ထည် = နိုင်ငံခြားမှလာသောပွင့်ရိုက်စက်ရိုက်ချည်ထည်တစ်မျိုး။

၁၂။ ပလီပလာ = ဆန်းဆန်းပြားပြား။

၁၃။ သဘော်ချည် = နိုင်ငံခြားမှလာသောချည်။

၁၄။ ရှံချည် = ရှံတဘက်။ရှံစောင်ရက်လုပ်ရသည့်သိုးမွေးနှင့်ချည်ရောစပ်ထားသောချည်ချော။

၁၅။ ခရိုင် = ရွာအများ၊မြို့အများကိုစုပေါင်း၍ဝန်တစ်ဦးအုပ်ချုပ်ရသောနယ်မြေအပိုင်းအခြား။စီရင်စု။

၁၆။ ခက်စတောင်း = အထူးခက်ခဲသည်။

၁၇။ ချည်ရှစ်ဆယ် = ချည်အမျိုးအစား။

၁၈။ တို = ရှားပါးသည်။

၁၉။ ဗိုင်းဝါ = ချည်ငင်ရန်အတွက်ဖတ်ပြီးသားဝါကိုအရှည်တစ်ညိုခန့်အတောင့်ပြုလုပ်ထားသောဝါလိပ်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း