သက်ပန်းမိဖုရားကြီးဟာ လင်ပန်းမိဖုရားကြီးရဲ့ ညီမတော်အရင်းဖြစ်ပြီး မြောက်နန်းမိဖုရားကြီးခင်သဲ နဲ့လဲ ဖအေတူ အမေကွဲ ညီမတော်စပ်ပါတယ်။ တဖန် သရစိမ်းမိဖုရားကြီးနဲ့လဲ မအေတူ ဖအေကွဲ ညီမအစ်မတော်စပ်ပြန်တဲ့အတွက် သက်ပန်းမိဖုရားကြီးတို့ ညီအစ်မတတွေဟာ မိဖုရားမျိုးနွယ်တွေလို့ဆိုရအောင် မင်းတုန်းမင်းကြီး လက်ထက် အနောက်နန်းဆောင်မှာ အင်အားတောင့်တင်းခဲ့ကြသူတွေဖြစ်ပါတယ်။

သက်ပန်းမိဖုရားဖြစ်လာမည့် ခင်သက် ကို မင်းတုန်းမင်းကြီးနန်းရတဲ့အခါမှာ "သီရိသုစန္ဒာမဟေ" ဘွဲ့နဲ့မိဖုရားမြှောက်ခဲ့ပေမယ့် နောက်ပိုင်းမှာ "သုသီရိရတနာဒေဝီ"ဘွဲ့ပေးလို့ ဒေဝီဘွဲ့ခံ မိဖုရားကြီးဖြစ်လာခဲ့ပါတယ်။

သက်ပန်းမိဖုရားကြီးတို့ဟာ သာမန်အရပ်သူ တွေဖြစ်ပေမယ့် သူတို့ရဲ့ မိခင်ဟာ မွန်အမျိုးအနွယ်မလို့ လင်ပန်း၊ သက်ပန်း၊ သရစိမ်း မိဖုရားကြီး သုံးပါးဟာလည်း မင်းတုန်းမင်းရဲ့ မွန်မိဖုရားတွေလို့ဆိုရင်မှားမယ်မထင်ပါဘူး။

သက်ပန်းမိဖုရားကြီးဟာ ရွှေကူမင်းသား၊ မိုးလှိုင်မင်းသားနဲ့ တောင်ညိုမင်းသား ဆိုပြီး သားတော်သုံးပါးဖွားမြင်ခဲ့ပေမယ့်လို့ သူ့ရဲ့ ညီအစ်မတွေလို ဘုရင်ရဲ့ မြတ်နိုးမှု့ကိုရခဲ့ဟန်မတူပါဘူး။

သူ့ရဲ့ အစ်မတော်ကြီး မြောက်နန်းမိဖုရားဆိုရင် သားသမီးမထွန်းကားခဲ့ပေမယ့် အနောက်နန်းတခုလုံးမှာ မင်းတုန်းမင်းရဲ့ မင်္ဂလာအိမ်တော်ပါမယားကြီးရယ်လို့ မိဖုရားခေါင်ကစပြီး နေရာပေး အလေးထားခံခဲ့ရပါတယ်။

အစ်တော် လင်ပန်းမိဖုရားကြီးရဲ့ သားတော်ကျပင်းမင်းသား နဲ့ သမီးတော် စလင်းစုဖုရားဆိုရင် လည်းမင်းတုန်းမင်းကြီးရဲ့ အချစ်ဆုံးသား နဲ့သမီး ဖြစ်ရရုံသာမက ကျပင်းကိုယ်တော်ကြီးကမွေးဖွားတဲ့ မြေးတော်မင်းသားလေးဆိုရင်လည်း ဘိုးတော်ချစ်မင်းသားလေးရယ်လို့ နာမည်ကြီးတဲ့အထိဖြစ်ခဲ့ရပါတယ်။

ညီမတော် သရစိမ်းမိဖုရားကြီး ဆိုရင်လည်း ဘဏ္ဍာစိုး ရာထူးပေးရုံမက သူ့ရဲ့ သမီးတော်သုံးပါးလုံး "ဃနမတ္တက" အဆင်တန်ဆာကိုဆင်ရသည်အထိ အရေးပေးခံရတဲ့သူဖြစ်ခဲ့ပါတယ်။

သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာ လင်ပန်းမိဖုရားကြီး နှင့် သက်ပန်းမိဖုရားကြီတို့ ညီအစ်မဟာ အဖမ်းဆီးခံခဲ့ရပြီး သက်ပန်းမိဖုရားကြီးရဲ့ သားတော်သုံးပါးစလုံးဟာ သူတို့ရဲ့ မြောက်သားတော် (ကြင်ယာတော်)တွေနဲ့တကွ အကုန်အသတ်ခံရလို့ သက်ပန်းမိဖုရားကြီး မျိုးဆက်ဟာ ပြတ်တဲ့အထိဖြစ်ခဲ့ပါတယ်။

ကံကောင်းတာကတော့ သက်ပန်းမိဖုရားကြီးရဲ့ သားတော်အငယ်ဆုံး တောင်ညိုမင်းသားလေးရဲ့ ရင်သွေးတော်ကို လွယ်ထားရတဲ့ ကိုယ် လုပ်တော်မယ်ယာ ဆိုတဲ့ ထိုင်းမလေးဟာ သူ့ရဲ့အစ်ကိုတော်အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ ရပေမယ့် ထိုင်းမြန်မာနယ်စပ် ကျောက်ခေါင်း အရပ်မှာပဲအခြေချနေထိုင်ခဲ့လို့ မြေးတော်လေးဟာ သူ့ရဲ့ဘွားတော်သက်ပန်းမိဖုရားကြီးနဲ့ ပြန်လည်မဆုံတွေ့ခဲ့ရတော့ပါဘူး။

ပါတော်မူခါနီး ၂နှစ်အလိုကျမှသာ လင်ပန်းမိဖုရားနဲ့သက်ပန်းမိဖုရားတို့ဟာ ထောင်ကလွတ်ကျရပါတယ်။ အင်္ဂလိပ်လက်ထက်မှာ လင်ပန်း၊ သက်ပန်း၊ သရစိမ်း ဆိုတဲ့မိဖုရားညီအစ်မသုံးဖော်ကို ရန်ကုန်ကိုပို့ဆောင်ခဲ့ပြီး သက်ပန်းမိဖုရားကြီးဟာလည်း ကျန်မိဖုရားများနည်းတူ ပင်စင် ၁၅၀နဲ့ အိမ်လခ ၆၀ရခဲ့ပါတယ်။ အစကနဦးမှာ သူ့ရဲ့ညီမတော် သရစိမ်းမိဖုရားကြီး နဲ့အတူနေခဲ့ပေမယ် နောက်ပိုင်းမှာ သူ့ညီမတော်သရစိမ်းမိဖုရားက ပြောင်းရွှေ့ခဲ့တဲ့အတွက် သက်ပန်းမိဖုရားကြီးဟာ ဘဒ္စ်လမ်းက စံအိမ်တော်မှာ မုဆိုးမမိဖုရားအိုကြီး တစ်ပါးတည်းသာ အခြွေအရံအနည်းအကျဉ်းနဲ့နေထိုင်ခဲ့ရပါတော့တယ်။

သက်ပန်းမိဖုရားကြီးဟာ ၁၂၆၁ခုနှစ် သက်တော် ၆၇နှစ်အရွယ်မှာ လေနာရောဂါနဲ့ ကံတော်ကုန်ပြီး ငါးထပ်ကြီးဘုရားအနီးက ဝင်္ကပါရေလယ်ကျောင်းတိုက်နားမှာ ညီမတော် သရစိမ်းမိဖုရားဝယ်ယူထားတဲ့မြေနေရာမှာ အုတ်နန်းပြဿဒ်ပြုလုပ်ထားခဲ့ပါတယ်။

မင်းတုန်းမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ သက်ပန်းမိဖုရားကြီးဟာ လောကရဲ့ ဆန်းကြယ်တဲ့ ကြမ္မာနဲ့ သာမန်အရပ်သူကနေ ဒေဝီဘွဲ့ခံ မိဖုရားကြီး ဘဝရောက်ခဲ့ရပြီး သားတော်သုံးပါးဖွားမြင်ခဲ့ပေမယ့် ဆိုးရွားလှတဲ့ ကံတရားကြောင့် သားတော်အကုန်အသတ်ခံခဲ့ရလို့ မိဖုရားကြီးမျိုးဆက်ဟာလဲပြတ်လုနီးပါးဖြစ်ခဲ့ရတဲ့အပြင် ကျန်ရှိခဲ့တဲ့ မြေးတော်လေးကိုလည်း မတွေ့ဆုံခဲ့ရရှာတော့ပဲ မိဖုရားကြီးသာ ကံတော်ကုန်ခဲ့ရပါတယ်။

ကိုးကား ပြင်ဆင်ရန်

  1. ကုန်းဘောင်အလွန်
  2. မင်းနန်သူ