ဝဏ္ဏကျော်ထင်ဦးထွန်းတင် (တက္ကသိုလ်သက်ပန်)ကို ၁၉၂၃-ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်တွင် အဖ ဦးဖိုးစိန်၊ အမိ ဒေါ်ညွန့်တို့မှ ရခိုင်ပြည်နယ်သံတွဲမြို့၌ မွေးဖွားသည်။

ဦးထွန်းတင်သည် ၁၉၃၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ပညာသင်ယူသည်။ ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ် ဥပစာတန်းစာမေးပွဲ၌ မြန်မာစာ (အထူး) ဘာသာရပ်အတွက် သာဒိုးအောင် ဆုရရှိ၍ ဝိဇ္ဇာဘွဲ့နှင့် ဥပဒေဝိဇ္ဇာဘွဲ့များရရှိသည်။ ဦးထွန်းတင်သည် ထိုအချိန်မှစ၍ မြန်မာ့အလင်းသတင်းစာ၊ နဂါးနီဂျာနယ်၊ ဂန္ထလောကစာစောင်တို့တွင် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေးသားသည်။ မြန်မာ့အလင်း သတင်းစာ၏ တက္ကသိုလ်သတင်းထောက် အဖြစ်လည်း ဆောင်ရွက်သည်။ ကလောင်အမည်များမှာ တက္ကသိုလ်သက်ပန်၊ တက်ထွန်းအောင်တို့ဖြစ်သည်။

ဦးထွန်းတင်သည် ၁၉၄၃-၄၄ ခုနှစ်တွင် ဂျပန် ဒိုမေသတင်းဌာန လက်ထောက်သတင်းအယ်ဒီတာ၊ ၁၉၄၄ ခုနှစ်တွင် ဗမာ့ကာကွယ်ရေး တပ်မတော် အချက်ပြဆက်သွယ်ရေးတပ် နိုင်ငံခြားသတင်းဌာန အယ်ဒီတာ၊ ၁၉၄၆-ခုနှစ်တွင် သတင်းစုံဂျာနယ် အမှုဆောင်အယ်ဒီတာ၊ ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှသတင်း ပြန်ကြားရေးဌာန နေ့စဉ်ထုတ်သတင်းလွှာ မြန်မာသတင်းအယ်ဒီတာ၊ ၁၉၅၃ ခုနှစ်တွင် မြန်မာ နိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန တတိယ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၈၃ ခုနှစ် တွင် ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူသည်။


ဦးထွန်းတင်သည် အငြိမ်းစားယူပြီးနောက် စာပေဗိမာန်မှ နှစ်စဉ်ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်များတွင် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာရေးရာများကို ရေးသားခဲ့သည်။ ဦးထွန်းတင်သည် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်)၊ လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်တို့ကို ရရှိသူဖြစ်သည်။ ဦးထွန်းတင်သည် ဒေါ်အေးမြင့်နှင့် လက်ထပ်ပြီး သားနှစ်ဦး၊ သမီးတစ်ဦး၊ မြေးငါးဦးနှင့် မြစ်ခုနစ်ဦး ထွန်းကားသည်။ ဇနီးနှင့်သား တစ်ဦးသည် ကွယ်လွန် ပြီးဖြစ်သည်။ နိုင်ငံတော်တာဝန်များကို ကြိုးပမ်းထမ်းဆောင်ခဲ့သော ဝဏ္ဏကျော်ထင်ဦးထွန်းတင် (တက္ကသိုလ် သက်ပန်) သည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၈)