သခွားသီးသနပ် ပြင်ဆင်ရန်

 
သခွားသီးသနပ်ဟင်း

ပါဝင်သော ပစ္စည်းများ ပြင်ဆင်ရန်

  • လက်ဖျံရိုးအရွယ် သခွားသီး (၃) လုံး
  • ရှာလကာရည် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁) လုံး
  • ဆား စားပွဲတင်ဇွန်း (၁) ဇွန်း
  • အချိုမှုန့် လက်ဖက်ရည်ဇွန်း (၃) ဇွန်း
  • ပုစွန်ခြောက်မှုန့် စားပွဲတင်ဇွန်း (၅) ဇွန်း
  • ကြက်သွန်နီကြော် လက်ဖက်ရည်ပန်းကန်လုံး (၃) လုံး
  • ဆီချက်အရည် လက်ဖက်ရည်ပန်းကန်လုံး (၁/၂) လုံး
  • နှမ်းအနက် လှော်ပြီးသား (၃) ကျပ်သားနဲ့
  • ငရုတ်သီးအခြောက်တောင့်လုံးကြော်

အဆင့်ဆင့် ပြလုပ်ပုံ ပြင်ဆင်ရန်

သခွားသီးကို ရေစင်အောင်ဆေး ထက်ခြမ်းခွဲပြီး ကန့်လန့်ဖြတ် ခပ်ပါးပါးလေးတွေဖြစ်အောင် လှီးပေးပါ။ သခွားသီးတွေ အားလုံး လှီးပြီးပြီဆိုရင် ဇလုံတစ်လုံးထဲထည့်ပြီး သခွားသီးတွေကို ရှာလကာရည်နဲ့ ဆားနဲ့ အတူရောနယ်ပေးပါ။ ပြီးရင် သခွားသီးတွေကို ပိတ်ပါးစနဲ့ ထုပ်ပြီး လုံအောင်ပိတ်လိုက်ပါ။

ဇလုံအကြီးတစ်လုံးကိုယူ၊ ပြီးတော့ ပန်းကန်ပြားတစ်ချပ်ကို ဇလုံထဲ မှောက်ထည့်လိုက်ပါ။ ပြီးရင် အပေါ်ကနေ သခွားသီးအိတ်ကို တင်ပြီး သခွားသီးအိတ်ရဲ့အပေါ်ကနေမှ ကျောက်ပျဉ်ဖိ၊ ကျောက်ပျဉ်ပေါ်ကမှ ငရုတ်ဆုံကို တင်ပြီး အနည်းဆုံး နှစ်နာရီလောက် ဖိထားပေးလိုက်ပါ။ အပေါ်က အလေးချိန်ရဲ့ ဖိအားနဲ့ သခွားသီးထဲက အရည်တွေ စိမ့်ထွက်လာမှာနော်။ အရည်တွေကို သပ်သပ်ဖယ်ထားလိုက်။ သုပ်စားခါနီးကျရင် သခွားသီးတွေထည့်ထားတဲ့ အိတ်ထဲက သခွားသီးတွေကို ယူပြီး မြည်းကြည့်လိုက်ပါ။ ကျွတ်ကျွတ်ကျွတ်ကျွတ်နဲ့ ဝါးလို့စားလို့ကောင်းပါတယ်နော်။ (သခွားရည်ကိုတော့ ခေါင်းလျှော်မယ့်ရက်ဆို ခေါင်းမလျှော်ခင် တစ်နာရီလောက်အလိုမှာ အဲ့ဒီသခွားရည်ကို လိမ်းပြီးမှ ခေါင်းလျှော်ရင် အဲ့ဒါ ဦးရေကိုအေးစေတယ်)

နှမ်းအနက်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ မီးအေးအေးနဲ့ လှော်ပေးပါ။ နှမ်းလှော်နံ့လေး သင်းလာရင်တော့ အကျက်ညီအောင် သေချာမွှေပေးပြီးတော့ မီးဖိုပေါ်က နှမ်းလှော်အိုးကို ချပြီး ပန်းကန်လုံးထဲ ပြောင်းထည့်ပေးပါ။ နောက်ပြီး ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာပြီဆိုရင် ငရုတ်သီးအခြောက်တောင့်ထည့်ပြီး မီးနွေးနွေးနဲ့ကြော်ပေးပါ။ ငရုတ်သီးကြော်ရပြီဆိုရင်လည်း ပန်းကန်ထဲပြောင်းထည့်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ရင် ဇလုံအကြီးကြီးထဲမှာ သခွားသီးတွေထည့်၊ ဆား၊ အချိုမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်အရည်၊ ကြက်သွန်နီကြော်တွေ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အရသာကို မြည်းကြည့်ပါ။ ပြီးတော့မှ နှမ်းလှော်မွှေးမွှေးလေးထည့်ပြီး မွှေပါ။ ပြီးသွားရင်တော့ ပန်းကန်ပြားလေးထဲ သခွားသီးသနပ်သုပ်လေးကို ထည့်၊ အပေါ်ကနေ ကြက်သွန်နီကြော်လေးထည့်ဖြူးပေးပါ။ ငရုတ်သီးတောင့်လုံးကြော်လေးထည့်ပါ။ အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ သခွားသီးသနပ်သုပ်လေး ရပါပြီနော်။ အအီလည်းပြေ၊ ခံတွင်းလည်း မြိန်စေတဲ့ သခွားသီးသနပ်သုပ်လေးပါနော်။

(မှတ်ချက်။ သတ်သတ်လွတ် စားသုံးသူများအတွက် ပုစွန်ခြောက်မှုန့်မထည့်ဘဲ သုပ်စားနိုင်သည်။)