သင်းအခက်ဆုံး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

မုံရွေးရွာ၌ သံဃာကြီးငယ်တို့ ဝိသာခါ၏ နို့ကို ယောက္ခမစို့ကြောင်း မစို့ကြောင်း ငြင်းခုံကြရာ၊ မောင်းထောင်ရွာသို့ သတင်းစုံ ရောက်လာ၍ သံဃာတော်များက ရေးသားဆုံးဖြတ်ရန် မေတ္တာရပ်ခံကြသဖြင့် ယင်းအဋ္ဌကထာစကကားကို ပုဂ္ဂိုလ်ကျော်နှစ်ပါးက မနှစ်သက်ကြောင်း ရေးသားထားသော သံချိုကဗျာ ဖြစ်သည်။

သင်းအခက်ဆုံး ပြင်ဆင်ရန်

ဝတ္ထိပြေ ရွှေပြည်သာက၊ ဝိသာခါ, မိဂါရတို့၊ ဓိတကိုယ့်ရင်သွေးကဲ့သို့၊ မြတ်လေးစွာရိုသေခရှာတဲ့၊ ချွေးမနှင့် ယောက္ခမာ။

ဝါသနာ ဘာသာခြားသော်ကြောင့်၊ ဘုရားဆိုသူမသိတဲ့ပြင်၊ တရားကိုအယူမရှိပြီဘု၊ ရှင်ဝါသာခါက၊ ဒေသနာရွှေဗျာကျွေးရာသို့၊ ပါသွေးဆောင်သမ္ဗုဒ္ဓေါက၊ သုတ်ဓမ္မာထုတ်ကာဟောတော့၊ မင်္ဂသောတာဖိုလ်တည်ဘိသောကြောင့်၊ ရှင်မိဂါရွှေသဋ္ဌေးက၊ အတန်တန်ဆလန်ပေးသတဲ့၊ ချွေးမထံမှာ။

ဓမ္မပဒါ၏၊ ဋ္ဌကထာဆရာကြီးတွေက၊ လှသာခါတမာသီးလိုနှင့်၊ ကာဆီးပုံချုံလွှာလှပ်ပါလို့၊ စုံဟတ္ထာ နှစ်ဖြာပြိုင်နှင့်၊ သာကိုင်ကာညှာတိုင်က စုတ်သတဲ့၊ ဦးဗုဒ်ကယ် နာမည်ကောင်းပေတဲ့၊ အုဌ်ကျောင်းစံ ညောင်ကန်ဆရာတော်နှင့်၊ ထောင်တွင်းကျော်ပုဂ္ဂိုလ်တို့ မကြိုက်ကြဘု၊ ချိုမြိုက်ရည်ပိုက်ချီထွေးတဲ့၊ ရင်သွေးငယ် အမေနှင့်သားကဲ့သို့၊ ဘုရားရှင်စိန္တေယျော်၏ တရားတော်နို့ချိုအေးကို၊ စို့ပေးကာ လမ်းမှန်ချသထင့်၊ ကျမ်းဂန်ပြဋ္ဌကထာ၊ ဆစရာမျှော်အုံး။

ပဏ္ဍီတဆူဝိဓူဇာတ်တွင်မှ၊ ကောရပ္ပရာဇာနှင့်၊ နတ်မာဃာဂဠုန်နဂါးတို့၊ စောဒနာတွင်ဟောကာကြားလိုက်တဲ့၊ တရားကိုသူမနာရလို့၊ နဂါးပူဆာသည်းချာနှလုံးကို၊ စားသုံးချင်အလိုရှိသည်ဟု၊ ရှင်ဝိမေမာလာက၊ ဖြေမသာခွေကာလျသော်ကြောင့်၊ ရှာရသူမောင်ကစ္စည်းကဲ့သို့၊ ဤနည်းတူ ဌကထာရှိရစ်တဲ့၊ ပါဠိမှာ မိဂါပဒထင့်၊ ဝလဉ္ဇနာပညာနှင့်ဆပါတော့၊ မြင်ရသူသက်သေမရှိသော်ကြောင့်၊ မသိနိုင်တွေးကာဆလိုက်ယင်၊ ချွေးမကို အမယ်မှတ်စေတော့၊ မွေးဘခင်မဖွယ်မအပ်ပြီဘူ့၊ ကွယ်ညှပ်ကာပုဝါချုံးတဲ့၊ ရတနာနှစ်စုံ နံ့သာမှုန်မကင်းပေ၍၊ ခမျာငုံလျှင် လျှာထုံတဲ့ ခံတွင်းရယ်နှင့်၊ ဖရဏာဟုံ၊ ဓမ္မာရုံလို့ သွင်းရမှာက၊ သင်းအခက်ဆုံး။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဝတ္တိပြေ = သာဝတ္တိပြည်။

၂။ ဝိသာခါ = ဝိသာခါ သူဋ္ဌေးသမီး။

၃။ မိဂါရ = ဝိသာခါ၏ ယောက္ခမသဋ္ဌေးကြီး။

၄။ ဓီတ = သမီး။

၅။ စုံဟတ္ထာ = အစုံသောလက်။

၆။ မိဂါပဒ = မိဂပဒဝလဉ္ဇနနည်း၊ သားသမင်၏ ခြေရာကိုကြည့်၍ ကောက်ယူရသောနည်း(နည်းလေးဆယ်ရှိ)။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။