သင်္ကြန်

မြန်မာ့နှစ်သစ်ကူးသည့်အထိမ်းအမှတ်အဖြစ် ကျင်းပ‌သောပွဲတော်

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။

သင်္ကြန်
ပုဂံခေတ် သင်္ကြန်ပွဲတော်
တရားဝင်နာမည်Thingyan (သင်္ကြန်)
အခြားနာမည်Nick
ကျင်းပသည့်နိုင်ငံမြန်မာ
သိသာထင်ရှားမှုမြန်မာနှစ်သစ်ကူး
Observancesရေကစားခြင်း၊ တရားဘာဝနာပွားခြင်းနှင့် သက်ကြီးတို့အား ကန်တော့ခြင်း။
စတင်၁၃ ဧပြီ (အကြိုနေ့)
ပြီးဆုံး၁၆ ဧပြီ (အတက်နေ့)
နေ့ရက်၁၇ ဧပြီ (နှစ်သစ်)
ဆက်နွယ်မှုဆောင်ခရမ် အားလပ်ရက်, လာအိုနှစ်သစ်ကူး, Tamil New Year, ကမ်ဗောဒီယား နှစ်သစ်ကူးရက်

ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသော ရာဇဝင်

ပြင်ဆင်ရန်

သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး ( Arsi ) အငြင်းပွားကြရာ သိကြားမင်းနိုင်သဖြင့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကိုရခဲ့သည်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှသဖြင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းမည်ဖြစ်ပြီး မြေကြီးမှာထားလျှင် မီးလောင်ပျက်စီးကြမည်ဖြစ်သည်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမည်ဖြစ်သဖြင့် သိကြားမင်းက မည်သည့်နေရာတွင်မှ မထားလိုဘဲ လက်ထဲ၌သာ ကိုင်ထားရလေသည်။ နောက်ပိုင်းတွင် တန်ခိုးကြီးသော နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် မိန့်ဆိုသည်။ ဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး ထိုအကူးအပြောင်းကာလကို 'သင်္ကန္တ'အခါဟု ဆိုကြသည်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်သည်။


ထိုကာလ၌ သိကြားမင်းသည် လူ့ပြည်တွင် ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိသည်။ မှတ်တမ်းများကို မှတ်သားသည်ဟုလည်းဆိုသည်။ ကောင်းသူများကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မကောင်းသူများကို ခွေးသားရေတွင် ရေးမှတ်သည်။ (သေခါနီးစိတ်၊ ခန္ဓာငါးပါးချုပ်ပုံ၊ အကုသိုလ်သဘောနှင့် ငရဲ၊ ယမမင်း စသည့်အကြောင်းများကို ဘုရားရှင်က အဘိဏှသုတ်တွင် ဟောကြားခဲ့ပြီးဖြစ်သဖြင့် ထိုသို့ရေးမှတ်သည်ဆိုသည်မှာ မည်သို့မျှ အကျိုးအကြောင်းမရှိပေ။ ဆိုလိုသည်မှာ သိကြားမင်းက မည်သို့မျှ အရေးမပါ၊ သတ္တဝါတိုင်း မိမိကံနှင့်မိမိသာဖြစ်သည်။)


ထို့အပြင် ဘုရားရှင်များလက်ထက်ကပင် နတ်နှင့်သိကြားတို့သည် တရားနာလိုလျှင် ညသန်းခေါင်ကျော် လူသူကင်းရှင်းချိန်မှသာ လာလေ့ရှိသည့် သာဓကများရှိပေသည်။ မင်္ဂလသုတ်၊ သက္ကပညာသုတ၊ အာနာပါနသုတ် စသည်တို့မှာ ညအချိန်တွင် ဟောကြားခဲ့သည့် သုတ်များဖြစ်ပေသည်။ အကြောင်းမှာ လူတို့၏ ဝမ်းထဲမှ အစာဟောင်းအနံ့ကို နတ်တို့က မခံနိုင်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ကြန်တွင် သိကြားမင်းက လူတို့အကြားဆင်းသည်ဟူသော အပြောမှာ မဖြစ်နိုင်ပေ။

မည်သို့ဆိုစေကာမူ အထက်ပါ ဇာတ်လမ်းအရဆိုလျှင် သိကြားမင်းဆင်းသည် ဆိုသော်ငြားလည်း ရေလောင်းခြင်းအမှုမှာ မပါဝင်သေးပေ။ နောက်ပိုင်းကာလများမှသာ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုသည့်သဘောဖြင့် ရေပက်ခြင်း၊ ရေလောင်းခြင်းဖြင့် ဆော့ကစားလာကြခြင်းဖြစ်သည်။ သို့ဖြင့် ကာလရှည်ကြာလာသောအခါ သင်္ကြန်၊ သိကြားမင်းနှင့် ရေပက်ခြင်းတို့မှာ ဇာတ်လမ်းအားဖြင့် တစ်သားတည်း ဖြစ်လာတော့သည်။ သို့ဖြင့် သိကြားမင်းသည် အကျနေ့တွင် လူ့ပြည်သို့ဆင်းသည်၊ အတက်နေ့တွင် လူ့ပြည်မှပြန်သည်၊ စသည်ဖြင့် ဆင့်ပွားဇာတ်လမ်းများပါ ထွက်ပေါ်လာတော့သည်။

နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာသော ရာဇဝင်

ပြင်ဆင်ရန်
 
မြန်မာနှစ်သစ်ကူးသင်္ကြန်တွင် ရေကစားနေပုံ၊ ရန်ကုန်၊ မြန်မာ ( ၁၃၊ ဧပြီလ၊ ၂၀၁၁)

ယခုဇာတ်လမ်းမှာမူ ဗုဒ္ဓဝင်ကျမ်းများ၊ ဗေဒင်ပညာရပ်များနှင့် ဆက်စပ်ပေသည်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိဿရာသီမှ စတင်ကြည့်လျှင် ပြိဿ၊ မေထုန်... မိန်ရာသီသို့ရောက်သောအခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်ကာ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာသို့ ဝင်သည်ဟု သတ်မှတ်ကာ နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ကူးပြောင်းရောက်ရှိသည်ဟု ဆိုသည်။ သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ သို့သော် နှစ်သစ်သို့ အမှန်တကယ်ကူးသည့် အချိန်မှာ နောက်ထပ် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်သည်။ ထိုသို့ နေသွားလမ်းကို ၁၂ ရာသီခွင်နှင့် ညှိနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလအတွင်းတွင် သင်္ကြန်ကျရောက်လေသည်။

သဘာဝကျသည်တစ်ခုမှာ တန်ခူးဟူသည့် ဝေါဟာရမှာ တာကူးမှ ဆင်းသက်လာခြင်းဖြစ်ပြီး တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီသို့ ကူးပြောင်းသည်ကိုရည်ရွယ်၍ ရှေးမြန်မာပညာရှိတို့က သတ်မှတ်အမည်ပေးခဲ့ခြင်းဖြစ်သည်။ နောက်ယူဆပုံတစ်မျိုးမှာ တန်(ဝါ)တန်းမှာ ထန်းဖြစ်၍ ခူးမှာ ခူးဆွတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ထန်းသီးခူးသောလဟုလည်း အဓိပ္ပာယ်ရောက်သည်။

 
သင်္ကြန်ကာလ ကလေးငယ်များ ရေကစားနေပုံ၊ ၂၀၁၇ ခုနှစ်

ဗုဒ္ဓကျမ်းဂန်များအရ ထိုကာလတွင် ဘုရားရှင်၏ မယ်တော်ဘက်မှ အမျိုးများရှိသည့် ဒေဝဒဟပြည်မှ မင်းသားမင်းသမီးများ ရေကစားသည့် ကာလဖြစ်သည်ဟုလည်းဆိုသည်။ (ဒေဝမှာ နတ်ဟူသော အဓိပ္ပာယ်သာမက၊ မင်းသားမင်းသမီးဟုလည်း အဓိပ္ပာယ်ရသည်။) ဘုရားရှင်လက်ထက်မတိုင်မီကပင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ရှိသည်ဟုလည်း ဆိုသည်။ ယခုဇာတ်လမ်းများတွင်မူ သိကြားမင်းမပါတော့ပေ။ ဗုဒ္ဓဝင်နှင့် ဗေဒင်ကို ညှိနှိုင်းပြီး ရေကစားကြခြင်းသာဖြစ်သည်။

မြန်မာတို့နှင့် ယဉ်ကျေးမှုခြင်းတူညီသည့် ထိုင်းလာအိုကမ္ဘောဒီးယား တို့တွင် မည်သို့သော အစဉ်အလာမျိုးရှိသည်ကိုမူ မသိရပေ။ အမည်အားဖြင့် ထိုင်းတွင် ဆောင်ခရန် (Songkran )၊ လာအိုတွင် ပီမိုင်( Pimai )၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြသည်။ []


နှစ်ဟောင်းမှ နှစ်သစ်သို့

ပြင်ဆင်ရန်

တစ်နှစ်ဟူသော ကာလအပိုင်းအခြား၊ မြန်မာလူမျိုးတို့၏သင်္ကြန်နှင့်၊ သင်္ကြန်အကျ၊ အတက် တွက်ချက်နည်း၊ သင်္ကြန်ကျပြီးဖြစ်သော်လည်း နှစ်သစ်သို့ ချက်ချင်းမကူးသေးသည်မှာ အဘယ်ကြောင့်နည်း၊ အတာပြည့်နှစ်ဟူသည် အဘယ်နည်း။

သင်္ကြန်။ ။ သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။ မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော ၁၂ ရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲတော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်သည်။ ဤသင်္ကြန်ရေသဘင်ပွဲတော်သည် မည်သည့်လူမျိုးတို့၏ ယဉ်ကျေးမှုများမှ ဆင်းသက်လာသနည်း၊ အဘယ်ကြောင့် သင်္ကြန်ကျချိန်တက်ချိန်ဟု ဖြစ်လာသနည်း စသောအချက်အလက်များကိုဖြေဆိုရန် သူရိယသိဒ္ဓန္တကျမ်း၊ သံဒိဋ္ဌကျမ်းစသော ဗေဒင်တွက်ရိုးကျမ်းများကို လေ့လာရန်လိုပေသည်။

မြန်မာဘုရင်များလက်အောက် ဝင်ရောက်အမှုထမ်း၍ သင်္ကြန်တွက်ရိုးကျမ်း၊ ဝေဒင်္ဂကျမ်း၊ အသီတိဓာတ်ကျမ်း စသည်တို့ဖြင့် မဟာသင်္ကြန်စာများထုတ်ကာ စီးပွားရှာခဲ့ကြ၏။ သင်္ကြန်၊ သက္ကရာဇ် စသောအကြောင်းများနှင့် စပ်လျဉ်း၍လည်း သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အချင်းဖြစ်ပွား၍ ကဝါလမိုင်း ဆရာထံ အဆုံးအဖြတ်ဝင်သည့်အခါ ဗြဟ္မာမင်းရှုံးသဖြင့် သိကြားမင်းက ဗြဟ္မာမင်းဦးခေါင်းကိုဖြတ်၍ နတ်သမီး ခုနစ်ဖော်အား အလှည့်ကျကိုင်ဆောင်စေသည့် အကြောင်းများ ပါရှိသော သင်္ကြန်သမိုင်းများကို ကြံဖန်ပြုလုပ်ခဲ့သည့်အပြင်၊ သက္ကရာဇ်ကိုတည်၍ ၇ခုနှင့်စား၊ ၈ခုစား၊ ၁၂ခုစား သင်္ကြန်ဟောကိန်းများလည်း တီထွင်ခဲ့ကြသည်။


ဘုရားပိဋကတ်တော်၌ သင်္ကြန်ကျခြင်း၊ တက်ခြင်း အကြောင်းများမပါချေ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ၌ ကျင်းပလေ့ရှိသော နက္ခတ်ပွဲသဘင်များအကြောင်းသာ ဖော်ပြထားလေသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေမည်။ သိုးဆောင်းလူမျိုးများနှင့် ယင်းတို့၏ အယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ ၁ ရက် နှစ်ဆန်းရက်ဖြစ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင်မတိုင်မီ အခါက နှစ်သစ်ကူးရက်ကြို ပျော်ရွှင်ပွဲများ ကျင်းပကြ၏။ အချို့ကလည်း ဘုရားကျောင်းများတွင် နှစ်ကူးအချိန်အခါ၌ ဆုတောင်းမေတ္တာများ ပို့သကြ၏။ ဤသည်ကိုလည်း သိုးဆောင်းနှစ်ကူးသင်္ကြန်ဟု ခေါ်ဆိုနိုင်သည်။ တရုတ်လူမျိုးများလည်း နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလအတွင်း အကြီးအကျယ် ကျင်းပသကဲ့သို့ ဟိန္ဒူ-ဗင်္ဂါလီ လူမျိုးတို့လည်း မတ်လအတွင်း မိမိတို့လူမျိုး အချင်းချင်း ဆေးနီရေများဖြင့် မေတ္တာရေစင်များ လောင်းစားကြ၍ နှစ်ကူးသင်္ကြန်ပွဲတော်များ ပျော်ရွှင်စွာကျင်းပကြ၏။ နှစ်ဆန်းတစ်ရက်နေ့

မြန်မာလူမျိုးတို့၏ နှစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်သောဓလေ့အတိုင်း ရှေးယခင်ကာလများ၌ မိဘဆရာသမားများနှင့် သက်ကြီး ဝါကြီးများကို သနပ်ခါးနံသာရေများ၊ သပြေခက် ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထရှိခဲ့ကြသည်။ သို့ရာတွင် ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ အလွန်အကြူးအပြန်အလှန် ရေကစားမှုများ၊ အားကစားစိတ်ဓာတ် သဘောမျိုးဖြင့် အပြိုင်အဆိုင်စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ်ဆင်နွှဲမှုများ ဖြစ်လာခဲ့သည်။

ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက် မိဖုရားစောလုံနှင့် ရေပက်ကစားရာတွင်​ ဘုရင်က အကျီစားလွန်သဖြင့် စောလုံစိတ်ဆိုးကာ ဘုရင်ကို သေကြောင်းကြံသောကြောင့် စောလုံကွပ်​မျက်​ခံရသည်ဟူသော ဖြစ်ရပ်အရ သင်္ကြန်ရေ ကစားသည့်အလေ့သည် ပုဂံခေတ်ကပင်ရှိခဲ့ပြီဟု မှတ်ယူဖွယ်ရှိသည်။


အတာသင်္ကြန်တစ်ကြိမ်မှ နောက်တစ်ကြိမ်ကာလသည် တစ်နှစ်တာအပိုင်းအခြားကာလဖြစ်သည်။ စကြဝဠာအတွင်းရှိ ဂြိုဟ်နက္ခတ်တာရာများတွင် သူရိယနေမင်းကိုဗဟိုပြု၍ လှည့်လည်သွားသည့်အခါ တစ်ပတ်မြောက်ကာလသည် တစ်နှစ်အပိုင်းအခြားကာလဖြစ်သည်။

ယင်းကာလအပိုင်းအခြားသည် ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ဖြစ်၏။ ဤသင်္ချာကိန်းသည် သူရိယသိဒ္ဓန္တကျမ်းတွင် ဖော်ပြချက် စတု ယုဂ်နှစ်ပေါင်း ၄၃၂ဝဝဝဝ တွင် သာဝရရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ မှတွက်ရသော အချိန်ကာလ ဖြစ်၏။ အနောက်နိုင်ငံ ခေတ်သစ်နက္ခတ်ပညာကျမ်းများအရ ရာသီနှစ်တစ်နှစ်လျှင် ၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၄၆ စက္ကန့်ဖြစ်၏။ ယင်းကဲ့သို့လှည့်လည်ရာ နေသွားလမ်းစက်ဝိုင်းတွင် ရာသီ ၁၂ ပိုင်း ပိုင်းခြား၍ ပထမမိဿရာသီအစ သုညအံသာသည် အဿဝဏီနက္ခတ်နှင့် တနင်္ဂနွေရဝိဖုဋဂြိုဟ်ယှဉ်သည့်အချိန်တွင် အတာသင်္ကြန်ကျ၏။ အိန္ဒိယလူမျိုးတို့သည် ဤအချိန်အခါမှစ၍ နှစ်သစ်ဆန်းချိန်ယူလေသည်။

ဗေဒင်တွက်ရိုးကျမ်းများတွင် ရဝိမဓျဂြိုဟ်သွမ်းနှင့် ရဝိဖုဋဂြိုဟ်စင်ဟူ၍ တနင်္ဂနွေနေမင်း၏ သွားရာလမ်းကို ဌာနအားလျော်စွာ ခွဲခြား၍ခေါ်ဝေါ်ကြ၏။ သူရိယ သိဒ္ဓန္တကျမ်းများကို ကျွမ်းကျင်သူတို့သာလျှင် ခွဲခြားသိနိုင်၏။ သာမန်လူများကား ထိုကျမ်းကိုမလိုက်စားဘဲ သိနိုင်ရန် ခဲယဉ်းပေသည်။ တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်သည် မျက်မြင် တနင်္ဂနွေ ဂြိုဟ်သွား၏ ရာသီအံသာစသည်ဖြစ်၏။ ဤရာသီအံသာ စသည်များကို တနင်္ဂနွေရဝိမဓျဂြိုဟ်သွမ်း၏ ရာသီအံသာ စသည်မှတွက်ရ၏။ ထို့ကြောင့်တနင်္ဂနွေရဝိမဓျ ဂြိုဟ်သွမ်းသည် သင်္ကေတအားဖြင့် ၁၂ ရာသီတွင်မှန်မှန် ပျမ်းမျှ၍သွားသော ရာသီအံသာတို့ဖြစ်၏။ တစ်ဖန် သူရိယနေမင်း၏ဗဟိုချက်နှင့် အဝေးဆုံးတနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည်လည်း တဖြည်း ဖြည်းရွေ့လျားလျက်ရှိသော ရာသီအံသာစသည်ကို အကြောင်းပြု၍ မိဿရာသီသို့ တနင်္ဂနွေရဝိဖုဋဂြိုဟ် စင်ရောက်သည့်ကာလနှင့် တနင်္ဂနွေရဝိမဓျဂြိုဟ် သွမ်းရောက်သည့်ကာလ အပိုင်းအခြားတစ်ခု ဖြစ်ပေါ်လာ၏။ ယင်းကာလအပိုင်းအခြားသည် ယခုအခါ တနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် မေထုန်ရာသီ ၁၇ အံသာ ၁၇ လိတ္တာ ၃၃ ဝိလိတ္တာ ၁၂ အနုလိတ္တာသို့ရောက်ဆဲဖြစ်၍ မိဿရာသီသို့ တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်ရောက်ပြီး နောက်နှစ်ရက် ၄ နာရီ ၄ မိနစ် ၄ဝ စက္ကန့်ကြာပြီးသကာလ တနင်္ဂနွေရဝိမဓျဂြိုဟ် သွမ်းရောက်၏။ (ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြက္ခဒိန်အကြံ ပေးအဖွဲ့မှ တွက်သောကိန်းဖြစ်၏။ သံဒိဋ္ဌကျမ်း၏ကိန်းမှာ ၂ ရက် ၄ နာရီ ၁ မိနစ် ၁၂ စက္ကန့်ဖြစ်၏။) တနင်္ဂနွေ၏ မန္ဒဥစ်ဂြိုဟ်သည် အလွန်အသွားနှေး၏။ နှစ်ပေါင်း ၁ဝဝ လျှင် ၁၁ဝ လိတ္တာ ၃၇ အနုလိတ္တာသာ သွား၏။ ကလိယုဂ်နှစ်သုည (သက္ကရာဇ် ၁၃၂၄ နှစ်တွင်နှစ်ပေါင်း ၅ဝ၆၃ လွန်ခဲ့၏။) အခါ ကမန္ဒဥစ်ဂြိုဟ်သည် မေထုန်ရာသီ၁ရ အံသာ၊ ၇ လိတ္တာ၊ ၄၈ ဝိလိတ္တာ၊ ၆ အနုလိတ္တာရှိ၏။ တနင်္ဂနွေ ၏ မန္ဒဥစ်ဂြိုဟ်သည် တူရာသီသို့ရောက်လျှင် မိဿရာသီသို့ ရဝိမဓျဂြိုဟ်က ပထမရောက်သဖြင့် သင်္ကြန်အလျင်တက်၍ ရဝိဖုဋဂြိုဟ်သည် နောက်ကျသဖြင့် သင်္ကြန်နောက်မှကျမည်။ ဤကား တနင်္ဂနွေ မန္ဒဥစ်ဂြိုဟ်၏ သဘာဝတည်း။ ဆိုခဲ့ပြီးသည့်အတိုင်း တနင်္ဂနွေရဝိဖုဋဂြိုဟ်စင်သည် မိဿရာသီအစ သုညအံသာသို့ ဝင်ရောက်ချိန်သည် မြန်မာ လူမျိုးတို့၏ သင်္ကြန်ကျချိန်ဖြစ်သော်လည်း နှစ်သစ်မကူးသေးချေ။ တနင်္ဂနွေရဝိမဓျ ဂြိုဟ်သွမ်းမိဿရာသီအစ သုညအံသာသို့ ဝင်ရောက်ချိန်သာ သင်္ကြန်တက်ချိန်ဖြစ်၍ နှစ်သစ်ဆန်းချိန်ဖြစ် သည်။ ဤကား သူရိယသိဒ္ဓန္တကျမ်း၏ မူလဌာနဖြစ်သော ဟိန္ဒူ လူမျိုးတို့၏ အယူဝါဒနှင့်မတူချေ။ တနင်္ဂနွေဂြိုဟ်သည် မိဿရာသီမှအစပြိဿ၊ မေထုန်၊ ကြဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊မကာရ၊ ကုမ်၊ မိန် ၁၂ ရာသီအံသာအဆုံးအထိ လှည့်လည် သွားသောအချိန်မှာ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ရှိ၏။ ကလိယုဂ်တစ်နှစ်လျှင်ရှိသော ရက်နာရီအပိုင်းအခြားဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ် ၁၃၂၄ ခုနှစ်နှစ်ဆန်းချိန်မှာ ၃ နာရီ ဝ မိနစ် ၃၃ စက္ကန့်တွင် သင်္ကြန်တက်၏။ ထိုအချိန်သည် ဥဇ္ဇေနီပြည်လင်္ကာ၏ ဒေသန္တရနာရီဖြစ်၍ မြန်မာစံတော်ချိန်နာရီ ၃ နာရီ ၂၅ မိနစ် ၅၉ စက္ကန့်တွင် မြန်မာနိုင်ငံ၌သင်္ကြန်တက်၍ နှစ်​ဟောင်​မှ နှစ်သစ်သို့ ကူးပြောင်း၏။ (နိုင်ငံတော်ပြက္ခဒိန်အကြံပေး အဖွဲ့၏ဆုံးဖြတ်ချက်၊) သင်္ကြန်ကျချိန်နှင့် သင်္ကြန်တက်ချိန် တွက်လိုလျှင် လွန်ခဲ့သောနှစ်၏ သင်္ကြန်တက်ချိန်၏ နေ့ရက်အချိန်များကို မှတ်၍ ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် (ရံဖန်​ရံခါ ၃၆ စက္ကန့်)နှောလျှင် နောက်နှစ်သင်္ကြန်တက်ချိန်ရ၏။ အင်္ဂလိပ်ရက်တွက်လိုမူ ဖေဖော်ဝါရီလတွင် တစ်ရက်ပိုသော ရက်​ထပ်​နှစ်နှင့် မြန်မာသက္ကရာဇ် အတာပြန်နှစ်များတွင် တစ်ရက်နှုတ်ရာ (အတာပြန်နှစ်ဆိုသည်မှာ ၃၆၅ ရက်ဖြင့် နှစ်မသတ်ဘဲ ၃၆၆ ရက် ဖြင့်သတ်သောနှစ်ဖြစ်၏။)

သက္ကရာဇ် ၁၃၂၂ ခုနှစ်၏ သင်္ကြန် တက်ချိန်မှာ ၁၉၆ဝ ပြည့်နှစ် ဧပြီလ ၁၅ ရက် သောကြာနေ့ မွန်းလွဲ ၃ နာရီ ဝ မိနစ် ၄၆ စက္ကန့် (မြန်မာစံတော်ချိန်)ဖြစ်၏။ ယင်းကို အထက်ပါကိန်း နှင့်နှောလျှင်-၁၉၆ဝ ပြည့်နှစ် ဧပြီလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ဝ မိနစ် ၄၆ စက္ကန့် ၆။ ၁၂။ ၃၇ စက္ကန့် ၁၉၆၁ ခုနှစ် ဧပြီလ ၁၅ ရက် ။ ၉။ ၁၃။ ၂၃ စက္ကန့် သင်္ကြန်ကျချိန်တွက်လိုလျှင် သင်္ကြန်တက်ရက်အချိန်နာရီတွင် ၂ ရက် ၄ နာရီ ၄ မိနစ် ၄ဝ စက္ကန့်နုတ်လျှင် သင်္ကြန်ကျ ရက်နာရီရ၏။

၁၃၂၃ ခုနှစ်၏ သင်္ကြန်တက်ချိန် ၁၉၆၁ ခုနှစ် ဧပြီလ ၁၅ ရက် ၉ နာရီ ၁၃ မိနစ် ၂၃ စက္ကန့် ၂။ ၄။ ၄။ ၄ဝ စက္ကန့် ၁၉၆၁ ခုနှစ် ဧပြီလ ၁၃ ။ ၅။ ၈။ ၄၃ စက္ကန့် ဤကဲ့သို့တွက်နည်းဖြင့် နှစ်ပေါင်း ၁ဝဝ ကျော်အထိ သင်္ကြန်ကျ သင်္ကြန်တက်ရက်များကို ခရစ်နှစ်ဖြင့်တွက်နိုင်၏။ မြန်မာပြက္ခဒိန်ဖြင့်တွက်ရန် ဝါထပ်ရက်ငင်ပြဿနာအမျိုးမျိုး ကြောင့် သုံးလေးနှစ်ခန့်သာ တင်ကြို၍တွက်နိုင်၏။ အကယ်၍ ဝါထပ်ရက်ငင်မူသေကိန်းများ ပေါ်ပေါက်ခဲ့လျှင် နှစ်ပေါင်း ၁ဝဝ ပြက္ခဒိန်၌ သင်္ကြန်ကျ၊ နှစ်ဆန်းနှင့် ဝါထပ်များတင်ကြို၍ စီမံနိုင်မည်ဖြစ်လေသည်။ သင်္ကြန်ကျ ရက်နှင့် သင်္ကြန်တက်ရက်အတွင်းရက်များကို သင်္ကြန်အကြတ်ရက်များဟုခေါ်သည်။

၁၉၆၂ ခုနှစ် ဧပြီလ ၁၃ ရက် သင်္ကြန်ကျရက် ၁၄ ရက် သင်္ကြန်အကြတ်ရက် ၁၅ ရက် ၁၆ ရက် သင်္ကြန်တက်ရက် မြန်မာဗေဒင်ကျမ်းများ၌ တနင်္ဂနွေဂြိုဟ်သည် တစ်နှစ်တစ်ကြိမ် မိဿရာသီသို့ဝင်သောအခါ၌ မိဿ သင်္ကြန်ခေါ်၏။ အနောက်နိုင်ငံ သိုးဆောင်းလူမျိုးတို့၏ နိုင်ငံရေးဟောကိန်းများ၌လည်း မတ်လ ၂၁ ရက် နေ့ သာယနရဝိမိဿရာသီဝင် ဇွန်လ၂၁ ရက်နေ့ သာယနရဝိကြဋ် ရာသီဝင် စက်တင်ဘာလ၂၃ ရက် သာယနရဝိတူရာသီဝင် ဒီဇင်ဘာ ၂၂ ရက် သာယနရဝိမကာရရာသီဝင်စသော အချိန်များဖြင့် ဒွာရလေးခွင် သင်္ကြန်ဝင်ဟောကိန်းများကို ရာသီ၏ နှစ်စဉ်ဂြိုဟ်သွားပြက္ခဒိန်နှင့် ဟောကိန်းစာအုပ်တွင် ဖော်ပြလေ့ရှိ၏။ သို့ရာတွင်ဗေဒင်လောကတွင် သင်္ကြန်မည်သည် တနင်္ဂနွေရဝိဖုဋဂြိုဟ်စင် ရာသီများသို့ ဝင်ချိန်ဖြစ်၏။ []

လက်ရှိကာလ သင်္ကြန်ပွဲဆင်နွဲကြပုံ

ပြင်ဆင်ရန်

သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ မည်သို့ပင်ကွဲပြားစေကာမူ လက်ရှိအချိန်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန်ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျှက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်​မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။ ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များနှင့် ရေပိုက်များအသုံးပြုကာ အတာရေဘသင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များတည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ သင်္ကြန်ရေဘသင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်​ကျွတ်​ ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သလို တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။

သင်္ကြန်ကာလတွင်း ဥပုသ်​သီလ​ဆောက်​တည်​ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေကစားသူများကလည်း ​ရေကစားသူများအ​လျောက်​ ရေပက်ခံသူ၊ ရေလောင်းရေပက်သူများနှင့် စည်ကားလှသည်။ ကိုယ်​​လေးလက်​ဝန်​နှင့် မ​ပေါ့မပါးအမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဘာသာရေးပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်​သည်​)ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းသည့် လက်ရှိအချိန် အတာသင်္ကြန်ကာလ ကျင်းပပုံဖြစ်သည်။ အချို့သော မြို့ကြီးများ၌ မဏ္ဍပ်များတည်ဆောက်၍ ရေကစားကြရာတွင် ယခင်က သင်္ကြန်ယိမ်းအကအလှများအစား ခေတ်ပေါ်တေးဂီတများဖြင့် မလုံမခြုံအဝတ်​အစားများဝတ်ဆင်ကာ ​ဖော်​ချွတ်​ကပြ​ဖျော်ဖြေသည်​တို့ကိုလည်း တွင်တွင်ကျယ်ကျယ် တွေ့မြင်လာရသည်။ ခေတ်ဟောင်းငွေဖလားနှင့် သပြေခက်ယဉ်ကျေးမှုများ၊ ခေတ်သစ် ဂီတအကအလှယဉ်ကျေးမှုများဖြင့် ရောထွေးလျက်ရှိသော်လည်း သင်္ကြန်သည် မြန်မာပြည်​သူပြည်​သားတိုင်း ပျော်ရွှင်ရသည့် အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုပင်ဖြစ်သည်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 23 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2009 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)