ဒသကနိပါတ် - ၄၄၂။ သင်္ခဇာတ်

လှေပျက်၍ သမုဒ္ဒရာတွင် မျောပါနေသော သင်္ခ ပုဏ္ဏားကို ရှင်ပစ္စေကဗုဒ္ဓါအား ထီးဖိနပ် လှူခဲ့သော ကောင်းမှုကြောင့် မဏိမေခလာ နတ်သမီးသည် ရတနာလှေ ဖန်ဆင်း၍ ကယ်တင်ခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပရိက္ခရာလှူမှု ချီးကျူးပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌ နေသော ဒါယကာတဦးသည် ဘုရားအမှူးရှိသော သံဃာအား ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေးလှူ၏၊ ခုနစ်ရက်မြောက်သောနေ့၌ကား ဆွမ်းဘုဉ်းပေးပြီးသောအခါ သင်္ကန်းသပိတ် စသောအလုံးစုံသော ပရိက္ခရာတို့ကို ပေးလှူ၏၊ ပေးလှူသောအခါ၌လည်း ဖိနပ်ကိုပဓာနထား၍ ပေးလှူ၏၊ ဖိနပ်တရံလျှင်အသပြာတရာ အဖိုးထိုက်တန်၏။

ထိုအခါ မြတ်စွာဘုရားသည် အနုမောဒနာ ပြုသည် ရှိသော် “ဒါယကာ... သင်၏ အလုံးစုံသော ပရိက္ခရာ အလှူသည် မွန်မြတ်၏၊ ဝမ်းမြောက်လော့၊ ဘုရားမပွင့်မီအခါ ဖိနပ်တရံကို ပေးလှူဘူးသော ကောင်းမှုကြောင့် သင်္ဘောပျက်သည်ရှိသော် ထောက်တည်ရာမရှိသော မဟာသမုဒ္ဒရာ၌ ထောက်တည်ရာကိုရဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

နေစဉ်လှူဒါန်းပုံ ခြောက်သိန်းကုန်

လွန်လေ ပြီးသောအခါ ဗာရာဏသီပြည်ကား မောဠိနီ အမည်ရှိသတတ်၊ ထိုမောဠိနီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် သင်္ခမည်သောပုဏ္ဏားသည် စည်းစိမ်ဥစ္စာ ကြွယ်ဝ ချမ်းသာ၏၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏၊ အိမ် တံခါး, မြို့လယ်, မြို့တံခါးလေးခု ဤခြောက်ဌာနဝယ် အလှူ မဏ္ဍပ် ခြောက်ဆောင်ဆောက်လုပ်၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းသော အလှူဝတ္ထုတို့ကို ပေးလှူ၏။

ထိုသင်္ခပုဏ္ဏားသည် တနေ့သ၌ ငါသည်ဥစ္စာကုန်သည် ရှိသော် မလှူနိုင်ဘဲရှိလတံ့၊ ထို့ကြောင့် ဥစ္စာမကုန်မီ သင်္ဘောဖြင့် သုဝဏ္ဏဘူမိသို့ ကုန်ကူး သွားမည်ဟု ကြံစည်ပြီးလျှင် သင်္ဘော၌ ကုန်ပစ္စည်းတို့ကို အပြည့်စီမံကာ သားမယားတို့အား ပြန်မလာမီ အလှူဝတ်ကို မှန်မှန်ပေးလှူကြရန် မှာထားခဲ့၍ ဖိနပ်ကိုစီးလျက် ထီးကိုဆောင်းကာ ကျွန်အမှုလုပ်အပေါင်းခြံရံလျက် နေမွန်းတည့်အချိန်တွင် ပဋ္ဋနသင်္ဘောဆိပ်သို့သွားလေ၏။

ပစ္စေမြင်မူ ထီးဖိနပ်လှူ

ထိုအခိုက် ဂန္ဓမာဒနတောင်၌ နေသော ပစ္စေကဗုဒ္ဓါသည် ကြည့်ရှုဆင်ခြင်လတ်သော် သင်္ခပုဏ္ဏားကား ကုန်ကူးသွားလတ်သော် သမုဒ္ဒရာဝယ် သင်္ဘောပျက်၍ ဘေးဖြစ်လတံ့၊ ယခုငါသွားလျှင် ထီးနှင့်ဖိနပ်ကို လှူလတံ့၊ ထိုအလှူ၏ အကျိုးဆက်ကြောင့် သမုဒ္ဒရာ၌ ထောက်တည်ရာကို ရလတံ့၊ ငါသွား၍ချီးမြှောက်မည်ဟု နေပူကြဲကြဲ၌ သဲပူကို ဖိနပ်မပါဘဲနင်းလျက် သင်္ခပုဏ္ဏားထံ ကြွတော်မူ၏။ သင်္ခပုဏ္ဏားလည်း ပစ္စေကဗုဒ္ဓါကိုမြင်လျှင် ထီးနှင့်ဖိနပ် ကိုလှူလေ၏၊ ပစ္စေကဗုဒ္ဓါလည်း အလှူခံပြီးလျှင် ဂန္ဓမာဒနတောင်သို့ ကောင်းကင်ခရီးဖြင့် ကြွတော်မူ၏၊ သင်္ခပုဏ္ဏားလည်း အလွန်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ သင်္ဘော ဆိပ်သို့ရောက်လျှင် သင်္ဘောပေါ်သို့ တက်ပြီးလျှင် သမုဒ္ဒရာ၌ သွားလေ၏။

သမုဒ္ဒရာထွက် သင်္ဘောပျက်

ခုနစ်ရက်မြောက်သောနေ့၌ သင်္ဘောသည် ပျက်လေ၏၊ ရေတို့သည် ပက်၍ မနိုင်အောင် ဝင်လေ၏၊ သင်္ဘောသားတို့သည် သေဘေးမှကြောက်သဖြင့် မိမိတို့ကိုးကွယ်သော နတ်တို့ကို ကိုးကွယ်ရှိခိုး၍ ငိုကြွေးမြည်တမ်း ဟစ်အော်ကြကုန်၏။

သင်္ခပုဏ္ဏားကား အလုပ်အကျွေး တယောက်နှင့်တကွ ကိုယ်ကို ဆီလိမ်းကျံ၍ ထောပတ်နှင့် သကာမုံ့တို့ကို ဝအောင်စားကာ လင်းယဉ်တိုင်သို့ တက်ပြီးလျှင် ငါး လိပ်တို့ဘေးမှလွတ်အောင် မောဠိနီမြို့ဆီသို့မျှော်မှန်းလျက် တအားခုန်ကြရာ တဥသဘခန့်မျှအရပ်တွင် ကျကုန်၏၊ ကြွင်းသောသင်္ဘောသားတို့ကား ထိုအရပ်မှာပင်သေကြ၍ ငါးလိပ်တို့အစာ ဖြစ်ကုန်၏။

နတ်စည်းစိမ်မွေ့ မေခလာမေ့

သင်္ခပုဏ္ဏားသည် အလုပ်အကျွေးနှင့်အတူ သမုဒ္ဒရာ၌ နေ့ည ပတ်လုံး ကူးလေ၏၊ ခုနှစ်ရက် မြောက်သောနေ့ကား ဥပုသ်နေ့ဖြစ်သဖြင့် ဆားငန်ရေဖြင့် လုပ်ကျင်းပြီးလျှင် ဥပုသ်ဆောက်တည်၏၊ ထိုအခါ လောကပါလနတ်မင်းကြီး လေးယောက်တို့သည် သမုဒ္ဒရာ၌ သင်္ဘောပျက်သည်ရှိသော် ရတနာသုံးပါးကို ဆည်းကပ်သူ သီလရှိသူ မိဘကို လုပ်ကျွေးသူတို့ကို စောင့်ရှောက် ကယ်တင်ရန် မဏိမေခလာနတ် သမီးကို အစောင့်တာဝန် ထားကုန်၏၊ ထိုမဏိမေခလာ နတ်သမီးလည်း ခုနစ်ရက်ပတ်လုံး နတ်စည်းစိမ်ကို ခံစားကာ သမုဒ္ဒရာကိုမကြည့်ရှုမိဘဲ နေခဲ့၏။

သမုဒ်မျောနေ သီလစောင့်လေ

ခုနစ်ရက်မြောက်သောနေ့၌ သတိရ၍ ကြည့်ရှုလတ်သော် သင်္ခပုဏ္ဏားကို မြင်လေ၏၊ ဤသင်္ခပုဏ္ဏားကား အကျင့်သီ

လနှင့်ပြည့်စုံ၏၊ သင်္ဘောပျက်သည်မှာ ခုနစ်ရက်ပင်ရှိချေပြီ၊ အကယ်၍ သေကြေပျက်စီးငြားအံ့၊ ငါ့အား အလွန်ကဲ့ရဲ့ ပြစ်တင်ကြပေလိမ့်မည်ဟု ထိတ်လန့် တုန်လှုပ်သည်ဖြစ်၍ ရွှေခွက်၌မွန်မြတ်သောဘောဇဉ်ကို ပြည့်စေ၍ လျင်မြန်စွာ သွားပြီးလျှင် သင်္ခပုဏ္ဏား၏ ရှေ့တူရူ၌ ရပ်လျက် “အို-ပုဏ္ဏား...သင်ကား ခုနစ်ရက်ပတ်လုံး ထမင်းမစားရ၊ ဤနတ်ဘောဇဉ်ကို စားပါလော့” ထိုအခါ သင်္ခပုဏ္ဏားသည် နတ်သမီး၏ အသံကိုကြား၍ အထက်သို့ မော်ကြည့်လျက် သင့်ထမင်းကို ဖယ်ဦးလော့၊ ငါဥပုသ်ဆောက်တည်နေသည်”ဟု ပြောဆိုမြစ်ပယ်လေ၏။

မောပန်းပူဆွေး တပည့်အားပေး

ထိုအခါ သင်္ခပုဏ္ဏားနှင့်အတူ ကူးနေသော အလုပ်အကျွေးသည် နတ်သမီးကို မမြင်ရဘဲ အသံကိုသာ ကြားရ၍ ဤပုဏ္ဏားကား ပကတိအားဖြင့် နူးညံ့သိမ်မွေ့၏၊ ခုနစ်ရက်ပတ်လုံး အစာမစားရ၊ အလွန်ဆင်းရဲ၍ သေဘေးမှ ကြောက်သဖြင့် ငိုကြွေးမြည်တမ်းယောင် တကား–ငါသည် သက်သာရာကို ရစေမည်ဟု ကြံစည်လျက်–

“အရှင်သင်္ခပုဏ္ဏား... အရှင်ကား အကြား အမြင်များ၏၊ ပစ္စေကဗုဒ္ဓါထံ၌လည်း တရားနာခဲ့ရ၏၊ ပစ္စေကဗုဒ္ဓါကိုလည်း ဖူးမြင်ခဲ့ရ၏၊ ထိုသို့ဖြစ်ပါလျက် အရှင်သည် စကားပြောရာ အခွင့်အခါ မဟုတ်သည်၌ မြည်တမ်း ပြောဆိုဘိ၏ တကား၊ အကျွန်ုပ်မှ တပါးသော စကား ပြောဘက်ကား အဘယ်သူနည်း”—

ဟု သင်္ခပုဏ္ဏားအား မေးလေ၏၊

သင်္ခပုဏ္ဏားလည်း အလုပ်အကျွေး၏စကားကို ကြားလျှင် ဤသူကားနတ်သမီးကို မမြင်ယောင်တကားဟု ကြံစည်ကာ-

“အချင်း... အလွန်တင့်တယ်သော မျက်နှာ၊ မြတ်သောအဆင်း၊ ဆင်အပ်သော ရွှေတန်ဆာ၊ လည်ပင်း၌ စွပ်အပ်သော ပတ္တမြားလည်ရွဲရှိသော နတ်သမီးသည် ကြည်ညိုသဖြင့် ထမင်းဘောဇဉ် ပြည့်သော ရွှေခွက်ကို ချီမ၍ ငါ့ကိုထမင်းစားပါဟု ဆိုလာဘိ၏၊ ထိုနတ်သမီးကို ဥပုသ်ဆောက်တည်နေသောကြောင့် မစားပါ ဟုပြောဆိုမိ၏”—

ဟု အလုပ်အကျွေးအား ကြောက်လို့မြည်တမ်းခြင်း မဟုတ် စကားပြောဘက်ရှိကြောင်းကို ပြောဆိုလေ၏။

တပည့်ကြံပေး ပုဏ္ဏားမေး

ထိုအခါအလုပ်အကျွေးသည်နတ်သမီးအား သင်္ခပုဏ္ဏားမေးရန် တိုက်တွန်း လို၍-

“အရှင်သင်္ခပုဏ္ဏား... ဤလိုနတ်သမီးကို မြင်ရလျှင် ချမ်းသာကို လိုသောသူသည် မေးမြန်းရမည်၊ ထပါလော၊ သင်ကားနတ်သမီးဖြစ်သလော၊ သို့တည်းမဟုတ် တန်ခိုးကြီးသော လူမိန်းမပင် ဖြစ်သလော ဟု ထိုနတ်သမီးကို လက်အုပ်ချီကာ မေးလိုက်ပါလော့”—

ဟု မေးမြန်းရန် တိုက်တွန်းလေ၏။

လူလားနတ်လား မေးမြန်းငြား

သင်္ခပုဏ္ဏားလည်း သင့်သောစကားကို ပြောဆိုပေသည်ဟု နှလုံးသွင်းကာ–

“အို-နတ်သမီး... သင်သည် ငါ့ကို ချစ်ဘွယ်သောမျက်စိဖြင့် ကြည့်ဘိ၏၊ ထမင်းကို စားလော့ဟု ဆိုလာဘိ၏၊ တန်ခိုးကြီးသော နတ်သမီး... ငါမေးမြန်းပါ၏၊ သင်သည်နတ်သမီးဖြစ်သလော၊ သို့တည်းမဟုတ် တန်ခိုးကြီးသော လူမိန်းမ ဖြစ်

သလော”—

ဟု သင်္ခပုဏ္ဏားသည် နတ်သမီးအား မေးမြန်းလေ၏။

ကယ်ဆယ်လုပ်ကျွေး စောင့်ရှောက်ပေး

ထိုနောင်သင်္ခပုဏ္ဏားမေးသော ပြဿနာကို ပြောလိုသော နတ်သမီးသည်–

“အို-သင်္ခပုဏ္ဏား... ဤသမုဒ္ဒရာ အလယ်သို့ ရောက်လာသော ငါကား တန်ခိုးကြီးသော နတ်သမီးဖြစ်ပေ၏၊ သနားကြင်နာတတ်၏၊ ပြစ်မှားသောစိတ်မရှိ၊ သင့်အကျိုးငှါသာ ဤသမုဒ္ဒရာ အလယ်သို့လာခဲ့၏”။

“အို-သင်္ခပုဏ္ဏား... ဤရွှေခွက်၌ ထမင်းအဖျော်သည်၎င်း, အိပ်ရာ နေရာသည်၎င်း, အထူးထူး အပြားပြား များကုန်သော ဆင်ယာဉ် မြင်းယာဉ် စသည်တို့သည်၎င်း ငါ့မှာရှိကုန်၏၊ သင့်စိတ်ဖြင့် လိုရာစည်းစိမ်ကို တောင်းပါ၊ စည်းစိမ် အလုံးစုံ၏ အရှင်ပြုကာ ငါပေးပါမည်”—

ဟု လိုရာရနိုင်ကြောင်းကို ဖိတ်မန် ပြောဆိုလေ၏။

စောင့်ရှောက်မှုတွက် မေးမြန်းလျက်

ထိုအခါ သင်္ခပုဏ္ဏားသည် ဤနတ်သမီးကား သမုဒ္ဒရာ ရေပြင်မှာ ဖြစ်လျက် ဤမည်ဤမည်သော စည်းစိမ်ကို ပေး မည်ဟု ပြောဆိုလာဘိ၏၊ ဤနတ်သမီးသည် ပြုအပ်သော ကောင်းမှုကြောင့် ပေးလိုသလော၊ သို့တည်းမဟုတ် မိမိ အစွမ်းဖြင့်ပင် ပေးလိုသလော မေးဦးမည်ဟု နှလုံးသွင်းကာ–

“တင့်တယ် ပါးလျသောကိုယ်၊ တင့်တယ်သော ပေါင်၊ တင့်တယ်သောခါး၊ တင့်တယ်သော မျက်မှောင်ရှိသော နတ်သမီး...ငါကား အလုံးစုံသော အလှူဝတ္ထုကို ပေးလှူခဲ့ပြီ၊ လာသမျှသော ဧည့်သည်တို့အား ပေးလှူခဲ့ပြီ၊ သင်နတ်သမီးသည် ငါ၏ အလုံးစုံသောကောင်းမှု၌ အစိုးရပေ၏၊ ဤသမုဒ္ဒရာ၌ ထောက်တည်ရာရသောအကျိုးသည် အဘယ် ကောင်းမှု၏ အကျိုးပေနည်း”—

ဟု မိမိထောက်တည်ရာ ရသောကောင်းမှုကို မေးလေ၏။

ကုသိုလ်မှုတွက် အကျိုးဆက်

ထိုအခါ နတ်သမီးသည် မသိ၍ မေးယောင်တကားဟု နှလုံးသွင်းကာ–

အို-သင်္ခပုဏ္ဏား...သင်သည်ပူပြင်းသောသဲပြင် ခရီးဝယ် ခြေထောက်ကို သဲပူကျောက်ပူတို့ဖြင့် ထိပါးလျက် ရေမွတ်သိပ်၍ ပင်ပန်းလာသောပစ္စေကဗုဒ္ဓါ တပါးကို ထီးနှင့်ဖိနပ်ကို လှူခဲ့ပြီ၊ ယခုသင်၏ ထိုမွန်မြတ်သော အလှူမျိုးစေ့သည် တောင့်တအပ်သော အကျိုးမြတ်ကိုပေး၏––

ဟုထီးနှင့်ဖိနပ် အလှူကောင်းမှုကြောင့် ထောက်တည် ရာရကြောင်းကို ပြောကြားလေ၏။

တောင်းတိုင်းရလျက် ကံကျိုးတွက်

ထိုအခါ သင်္ခပုဏ္ဏားသည် နတ်သမီး စကားကိုကြားလျှင် ပစ္စေကဗုဒ္ဓါအား ထီးနှင့်ဖိနပ်ကို လှူရခြင်းသည် ကောင်းလေစွ၊ အလှူ၏အကျိုးသည်အံ့ဘွယ်ရှိပေစွဟု ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍–

“အို-နတ်သမီး... လှေသင်္ဘောကို ဖန်ဆင်း ပါလော့၊ ထိုလှေသင်္ဘောသည် စေ့စပ်သောပျဉ်ချပ်များစွာနှင့် ပြည့်စုံလျက် ရေမဝင်နိုင်ဘဲ လှေဖြင့် ဆောင်ယူသွားနိုင်သည်ဖြစ်ပါစေ၊ စင်စစ်သမုဒ္ဒရာ၌ ဆင်ယာဉ် မြင်းယာဉ် စသည်တို့ သွားရာအရပ် မဟုတ်ပါ၊ ငါ့ကို ယနေ့ပင်လျှင် မောဠိနီပြည်သို့ အရောက်ပို့ပါ” –

ဟုနတ်သမီးအား တောင်းပန်ပြောဆိုလေ၏။

အကျိုးကံစ နတ်က မ

ထိုအခါနတ်သမီးသည် ရတနာခုနစ်ပါး ဖြင့်ပြီးသော လှေသင်္ဘောကိုဖန်ဆင်း၏၊ အလျားရှစ်ဥသဘ၊ အနံလေးဥသဘ၊ အစောက်တာ နှစ်ဆယ်ရှိ၏၊ ပတ္တမြားညို လင်းယဉ်တိုင်၊ ရွှေစက်ကြိုး၊ ငွေရွက်၊ ရွှေတက်မ၊ ရွှေထိုးဝါးတို့လည်း အပြည့်အစုံပါ၏၊ လှေသင်္ဘောဝယ် ရတနာခုနစ်ပါးဖြင့် ပြည့်စေပြီးလျှင် သင်္ခပုဏ္ဏားကို ပွေ့ယူကာ လှေသင်္ဘော ထက်၌တင်၏၊ အလုပ်အကျွေးကိုကား မတင်ဘဲကြည့်၍သာ နေ၏။

ကုသိုလ်ပြုဘူး အကျိုးထူး

ထိုအခါ သင်္ခပုဏ္ဏားသည် သတိရ၍မိမိ အလှူ၏အဖို့ကို အမျှပေးဝေ၏၊ အလုပ်အကျွေးသည် ဝမ်းမြောက်စွာ သာဓုခေါ်၏၊ ထိုအခါမှနတ်သမီးသည် အလုပ်အကျွေးကိုလည်း ပွေ့ယူကာ သင်္ဘောပေါ်သို့တင်၏၊ ထို့နောက်လှေသင်္ဘောကို မောဠိနီပြည်သို့ ရောက်စေ၍ သင်္ခပုဏ္ဏား၏အိမ်၌ ရတနာတို့ကို ပြည့်စေပြီးလျှင် မိမိနေရာသို့ သွားလေ၏။

သင်္ခပုဏ္ဏားလည်း မနှိုင်းယှဉ်အပ်သော ဥစ္စာကိုရ၍ အသက်ထက်ဆုံး အလှူပေးခြင်း, သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုဆည်းပူးကာ သေလွန်သောအခါ သားမယား အခြွေအရံနှင့်တကွ နတ်ပြည်သို့ လားရ၏။

ဤဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြသည်၏ အဆုံး၌ ဖိနပ်လှူသော ဒါယကာသည် သောတာပတ္တိဖိုလ်၌ တည်လေပြီ။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် တန်သောဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ မဏိမေခလာနတ်သမီးသည်-ယခုအခါ ဥပ္ပလဝဏ်။

*အလုပ်အကျွေးသည်-အာနန္ဒာ။

*သင်္ခပုဏ္ဏားသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အလှူပေးရိုး၊ ကုသိုလ်မျိုး၊ အကျိုးကြီးလှစွာ။

(၂) ထီးနှင့်ဖိနပ်၊ အလှူမြတ်၊ လှူအပ်ပစ္စေကာ။

(၃) မြစ်သမုဒ်နက်၊ သင်္ဘောပျက်၊ ပေးဆက်သင်္ဘောလာ။

သင်္ခဇာတ်ပြီး၏။

***

[]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ