သင်္ဘောနာနတ်
အရွက်မှ လျှော်ထုတ်ယူရရှိနိုင်၍ မြန်မာနိုင်ငံတွင် သင်္ဘောနာနတ်ဟု ခေါ်တွင်နေသောအပင်များသည် စင်စစ်နာနတ်ပင်နှင့် မျိုးရင်းချင်းမတူ၊ မျိုးစိတ်လည်း ကွဲပြားခြားနားသည်။ တိုတုတ်သော ပင်စည်မှအရွက်ချွန်ကြီးများ ထိုးထိုးထောင်ထောင်ထွက်၍ ပေါက်ပုံသာလျှင် အနည်းငယ် ဆင်တူသည်ဟုဆိုရပေမည်။ ယင်းတို့သည်မြန်မာနိုင်ငံ၌ မူလပေါက်ရောက်ခဲ့သော အပင်မျိုးမဟုတ်ချေ။ သင်္ဘောနာနတ်မျိုးသည် အမေရိကတိုက်အလယ်ပိုင်း မက္ကဆီကိုစသော အပူပိုင်းဒေသများ၌ မူလပေါက်ရောက်ခဲ့ရာ အခြားအပူပိုင်းဒေသနိုင်ငံများသို့ မျိုးယူစိုက်ပျိုးခဲ့ရာမှ ပြန့်ပွားခဲ့ခြင်း ဖြစ်လေသည်။
သင်္ဘောနာနတ်မျိုးတို့သည် အမာရီလီဒေစီအီး မျိုးရင်းတွင်ပါဝင်၍ မျိုးခွဲအမည်မှာ အဂေဗိဖြစ်သည်။ ထိုအပင်မျိုးတို့သည်နှစ်ကြာခံအပင်မျိုးဖြစ်၍ ငါးနှစ်မှဆယ်နှစ်အထိအပင်သက်ရှည်သည်။ အချို့ မျိုးစိတ်တို့သည် ထိုထက်ပို၍ အသက်ရှည်သေးသည်။ သင်္ဘောနာနတ်ပင်တွင် အသားထူ၍တောင့်တင်း ဖြောင့်မတ်ပြီးလျှင် လေးပေမှငါးပေအထိရှည်သော အရွက်ချွန် ကြီးများသည် နှင်းဆီပွင့်ဖတ်များ ထွက်ပုံကဲ့သို့ တစ်ခုနှင့်တစ်ခုထပ်၍ ပင်စည်၏ဘေးပတ်လည် လှည့်၍ထွက်သည်။ အချို့မျိုးစိတ်တို့၏ အရွက်ထိပ်တွင် ဆူးရှိသည်။ အချို့မျိုးစိတ်တို့၏အရွက်၌ရွက်ထိပ်ဆူးသာမက ရွက်စောင်းဆူးများ လည်းပါရှိလေသည်။ ပင်စည်သည် အလွန်တိုသဖြင့်အရွက်များသည် မြေကြီးထဲမှထွက်၍ပေါက်သကဲ့ သို့ထင်ရလေသည်။
သင်္ဘောနာနတ်မျိုးတို့သည် အကြီးနှေးကွေးသည်။ အပင်ရင့်လာသောအခါရွက်ထပ်များ၏ အလယ်ဗဟိုမှ ဝါးလုံးအရွယ်ခန့်ရှိ၍ ၁၅ပေမှပေ ၂ဝအထိမြင့်သောပွင့်တံကြီး ထွက်လာသည်။ ပွင့်တံ၏ အပေါ်ပိုင်းတွင် ဘေးကိုင်းဘေးလက်များထွက်၍ ယင်းတို့၏အဖျားတွင် ပြွန်ပုံသဏ္ဌာန် ဝါဖျော့ဖျော့ ပန်းခိုင်များပွင့်သည်။ ထိုသို့ ပွင့်တံကြီး မားမားစွင့်စွင့်ထွက်၍ပွင့်ပုံမှာ လှေများ၌ ရွက်တိုင်ထူထားသည် နှင့်ဆင်ဆင်တူပေသည်။ အပွင့်များကျသွားသည့်နောက်တွင် အသီးများသီးသည်။ ယင်းတို့ကိုပင်ပေါက်ဖူးဟုခေါ်သည်။ သင်္ဘောနာနတ်မျိုးတို့သည် ယင်းသို့အပွင့်ပွင့်၍ သီးပြီးနောက်တွင် အပင်များသေကြသည်။ သို့သော် သားတက်များထွက်နေတတ်သဖြင့် ထိုသားတက်များမှ အပင်သစ်များ တဖန်ပြန်၍ပေါက်နိုင်လေသည်။
သင်္ဘောနာနတ်ရွက်များမှ သင်္ဘောကြီးများကို ချည်နိုင်သည့် မနီလာကြိုးနီးပါးတောင့်တင်းသန်မာသော ကြိုးများကို ကျစ်နိုင်သည့်လျှော်ပင်များကိုထုတ်ယူရရှိနိုင်သည်။ ထိုလျှော်မျှင်များဖြင့်ကြိုးအကြီး အသေးအစားစားကိုပြုလုပ် နိုင်ကြသည်။ ထို့ပြင်အိတ်များ၊ ဖျာများကိုလည်း သင်္ဘောနာနတ်လျှော်များ ဖြင့်ရက်လုပ်ကြသေးသည်။ ထိုကြောင့်သင်္ဘောနာနတ်မျိုးတို့ကို လျှော်မျှင် ထုတ်ယူရန်အတွက်စိုက်ခင်းကြီးများဖြင့် အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ အမေရိကတိုက်၌အရွက်များကို နွားစာအဖြစ် သုံးရန်လည်းစိုက်ပျိုးကြလေသည်။ သင်္ဘောနာနတ်မျိုးတို့၏ ပွင့်တံအလယ်အူတိုင်ကို ပါးပါးလွှာ၍အခြောက်လှန်းပြီးနောက် အမျိုးမျိုးသုံးနိုင်သည်။ အချို့ကမုတ်ဆိတ်ရိတ်ဓားသွေးရန်လည်းကောင်း၊ အချို့က ဓာတ်ကာပစ္စည်း အဖြစ်ဖြင့်လည်းကောင်း၊ အချို့ကပိုးကောင်ကလေးများထည့်သော သေတ္တာအတွင်းခံ အဖြစ်လည်းကောင်းအသုံးပြုကြသည်။ အရွက်မှထွက်သောအမြုပ်ပါသည့် အရည်သည်ဆပ်ပြာကဲ့သို့ချေးကျွတ်သည်။ ထိုကြောင့်အရွက်များကို ချေးတွန်းရန်လည်းသုံးကြသည်။ အချို့မျိုးစိတ်များ၏အနီရောင်အမြစ်တုတ်တုတ်ကြီးများသည် ဆေးဖက်ဝင်သည်ဟုဆိုကြသည်။
အချို့မျိုးစိတ်၏ အပင်များမှရရှိသော အစေးကို မက္ကဆီကိုနိုင်ငံတွင် သေရည်ပြုလုပ်သောက်သုံးကြသည်။ ထိုအစေးရရှိပုံမှာဤသို့တည်း။ ပွင့်တံမထွက်မီကာလတွင် အပင်သည်ပွင့်တံထွက်နိုင်အောင် လိုအပ်သောအဟာရဓာတ်များကို အရွက်များ၌သိုမှီးသည်။ ပွင့်တံထွက်စပြုလာသောအခါအစေးများသည် ပွင့်တံရင်းသို့ သွား၍စုကြသည်။ ထိုကြောင့် အစေးကိုလိုလျှင် ပွင့်တံဖူးကြီးကို ဖယ်ရှားပစ်ပြီး လျှင်အပင်၏အလယ်ဗဟိုဖြစ်သောထိုနေရာ၌ ခေါင်းပေါက်ဖြစ်အောင်တူးခြစ်ထုတ်လိုက်လျှင် ချိုမြမြ အရသာရှိသောအစေးကိုရရှိသည်။ ထိုအစေးကိုကစော်ဖောက်၍ ပြုပြင်ခြင်းဖြင့် မက္ကဆီကိုနိုင်ငံသုံး အမျိုးသားအရက် ဖြစ်လာသည်။ ထိုအစေးသည် ဘယဆေးအဖြစ်ဖြင့်လည်း အသုံးချနိုင်၍ ရှားပါးလှသော အဂေဖော့ဟုခေါ်သည့် ဆေးသကြားတစ်မျိုးကိုလည်းထုတ်ယူရရှိနိုင်သည်။ ဆိုခဲ့သည့်အတိုင်း သင်္ဘောနာနတ်မျိုးစိတ် အများအပြားရှိသည့်အနက်လျှော်ထွက်ရာ၌ ကျော်ကြား သောမျိုးစိတ်တို့တွင် ယူးကတန်လျှော်ပင်လည်းအပါအဝင်ဖြစ်သည်။ ယင်းကိုရုက္ခဗေဒ အမည်ဖြင့် အဂေဗီဖိုကရိုင်ဒီဟုခေါ်၍ ယူးကတန်ပြည်နယ်၏ လျှော်ထွက်အများဆုံးသောအပင်ဖြစ်သည်။ ယူးကတန်လျှော်ပင်ကို အခြားသင်္ဘောနာနတ်မျိုးတို့နှင့် ခွဲခြားသိသာနိုင်သောအချက်မှာ အရွက်ရောင်သည်စိမ်းပြာပြာဖြစ်၍ ရွက်ထိပ်မှာသာမက ရွက်စောင်းဆူးများလည်းရှိလေသည်။ ပွင့်တံမှအပွင့်များကျသွားပြီးနောက်တွင် ပင်ပေါက်ဖူးများသာမက အစေ့တောင့်များပါ ထွက်လာလေသည်။
ရုက္ခဗေဒအမည်အားဖြင့် အဂေဗီ အမေရိကားနားဟု ခေါ်သော သင်္ဘောနာနတ်မျိုးကို အမေရိ ကန်ပြည်ထောင်စုတွင် နှစ်တစ်ရာပင်ဟုခေါ်ကြသည်။ ယင်းသို့ခေါ်ဝေါ်ခြင်းမှာ အပွင့်ပွင့်ခဲလှသောအပင်မျိုးဖြစ်၍ အနှစ်တစ်ရာမှ တစ်ခါပွင့်သည်ဟူသော ယူဆချက်ဖြင့် အမည်မှားပေးခဲ့ခြင်းဖြစ်လေသည်။ ထိုအပင်မျိုးမှ ပိုင်တာဟုခေါ်သောလျှော်ရရှိ၍ ဥရောပတိုက်တောင်ပိုင်း၊ အနောက်အိန္ဒိယကျွန်းစုနှင့် မက္ကဆီကိုနိုင်ငံများတွင် အများအပြားစိုက်ပျိုးကြသည်။ ထိုသင်္ဘောနာနတ်မျိုးသည် ၁၆ရာစုနှစ်ခန့်ကစတင်၍ ဥရောပတိုက်သို့မျိုးရောက်ခဲ့ရာ၊ လှပခံ့ညားသောအပင်အနေအထားကြောင့် အလှစိုက်ပျိုးခဲ့သည်။ မျိုးစိတ်ကွဲအချို့၏အရွက်များတွင် အရင်းမှအဖျားအထိ အရွက်စောင်းတွင်သော်လည်းကောင်း၊ အရွက် အလယ်တွင်သော်လည်းကောင်းအဖြူ၊ သို့မဟုတ် အဝါရောင်အစင်းကြောင်းများပါရှိတတ်လေသည်။ ထို့ပြင် ဖိလစ်ပိုင်လျှော်(ရုက္ခဗေဒအမည် အဂေဗီကန်တျူလာ) ဟုခေါ်သော သင်္ဘောနာနတ်မျိုး၊ မက္ကဆီကန် ဇာပူပေလျှော်(ရုက္ခဗေဒအမည် အဂေဗီဇာပူပေ)ဟုခေါ်သော လျှော်ပင်မျိုးတို့သည်လည်းရှိ ပေသေးသည်။ အဂေဗီနက္ကလက်တာဟုခေါ်သော ဖလော်ရီဒါပြည်နယ်မှ သင်္ဘောနာနတ်မျိုးသည် အပင်ကြီးမျိုးဖြစ်၍ ပွင့်တံသည် ၄၂ ပေကျော် မျှပင်မြင့်မားနိုင်လေသည်။ မြန်မာနိုင်ငံအထက်ပိုင်း၌တွေ့ရှိရသော သင်္ဘောနာနတ်မျိုးကို အဂေဗီစစ္စလာနာ (စစ်ဇယ် လျှော်ပင်) ဟုခေါ်သည်။ မူလကအမေရိကတိုက် အလယ်ပိုင်းဒေသတွင် ပေါက်ရောက်ရာမှ အာဖရိကတိုက်အလယ်ပိုင်းမောရစ်ရှကျွန်း၊ အနောက်အိန္ဒိယကျွန်းစု၊ အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့သို့ မျိုးယူ စိုက်ပျိုးခဲ့ရာ မြန်မာနိုင်ငံသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့လေသည်။ အာဖရိကတိုက်အရှေ့ပိုင်း မောရစ်ရှကျွန်း စသည်တို့၌ လျှော်ထုတ်လုပ်ရေးအတွက် အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း မြန်မာနိုင်ငံတွင်မူ ယင်းသို့အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသေးပေ။ အိန္ဒိယနိုင်ငံမဒရပ်ပြည်နယ်တွင် သင်္ဘောနာနတ်မျိုးတို့ကို မီးရထားလမ်းတလျှောက် စည်းရိုးတန်းအဖြစ် စိုက်ပျိုးထားလေသည်။
မြန်မာနိုင်ငံတွင် သင်္ဘောနာနတ်ကြီးဟုခေါ်သော အပင်မျိုးကိုအနှံ့အပြားတွေ့ရသေးသည်။ ယင်းသည်ဖော်ပြခဲ့သော သင်္ဘောနာနတ်မျိုးတို့နှင့် မျိုးရင်း တူသော်လည်း မျိုးခွဲမတူချေ။ ရုက္ခဗေဒအမည်မှာ ဖာကရီးယာဂျိုင်ဂန်တီးဟူ၍ဖြစ်သည်။ ထိုသင်္ဘောနာနတ်မျိုးတို့သည်လည်း အမေရိကတိုက် အလယ်ပိုင်းဒေသ၌ မူလပေါက်ရောက်ရာမှ မောရစ်ရှ၊ အိန္ဒိယ၊ သီဟိုဠ်ကျွန်းစသည်တို့သို့ ပျံ့နှံ့လာခဲ့သည်။ ပထမတွင် ဥယျာဉ်တွင်း အလှစိုက်ခဲ့ကြသော်လည်း နောင်အခါမျိုးပျံ့ခဲ့သဖြင့်
မီးရထားလမ်းဘေး၌လည်းကောင်း၊ မြေရိုင်းဖုန်းဆိုး များ၌လည်းကောင်းတွေ့ကြရသည်။ မြန်မာနိုင်ငံသို့လည်း မျိုးပျံ့ခဲ့သည်။ စိုက်ပျိုးရန်မခဲယဉ်းဘဲ အရွက်များမှ လျှော်များရရှိနိုင်သဖြင့်လျှော်ထုတ်ယူရန် သီဟိုဠ်ကျွန်းစသည်တို့၌
စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြလေသည်။ ထိုသင်္ဘောနာနတ် ကြီးမျိုးသည် အဂေဗီစစ္စလာနာ (စစ်ဇယ်လျှော်ပင်) မျိုးစိတ်ဝင်အပင်များနှင့်ဆင်ဆင်တူသည်။ သို့သော်စစ်ဇယ် အရွက်များထက်ပို၍ ပါးပြီးလျှင်အစိမ်းရောင်ဖျော့သည်။
ထို့ပြင်အရွက်အလယ်ခန့်မှစ၍ အရင်းတိုင်အောင် ရွက်စောင်းဆူးများရှိလေသည်။ သင်္ဘောနာနတ်တို့သည် စိုက်ပျိုးပြုစုရန်ခဲယဉ်းသောအပင်မျိုးဖြစ်ကြသည်။ ယင်းတို့သည် ပူပြင်းခြောက်သွေ့သော၊ သို့မဟုတ် မိုးသင့်တင့်သော
ရာသီဥတုရှိ၍ရေမဝပ်ဘဲ ထုံးကျောက်မြေဆံသည့် ဒေသမျိုး၌ ပိုမိုဖြစ်ထွန်းသည်။ မိုးပါးရေရှားသည့်ဒဏ်ကိုခံနိုင်ရည်ရှိ၍ စိုက်ပျိုးရာ၌လည်း သားတက်များကိုဖယ်ရှားရန်၊ ပေါင်းပင်များကို သုတ်သင်ပေးရန်မှတစပါး ဂရုတစိုက် စိုက်
ပျိုးပြုစုရန်မလိုပေ။ မိုးများ၍မြေကောင်းသော ဒေသတွင် အရွက်များမှ လျှော်အထွက်နည်းသည်။ သို့သော်အရွက် ရေပို၍များများထွက်သဖြင့် တစ်ပင်လုံးခြုံ၍ဆိုရလျှင် လျှော်ပို၍ရပြန်လေသည်။ အပင်များစိုက်ရန် ပင်ပေါက်ဖူးတို့ကိုလည်းကောင်း၊ သားတက်တို့ကိုလည်းကောင်း ပျိုး၍စိုက်နိုင်သည်။ ပေါက်ဖူးကို ပျိုးသည့်တစ်နှစ်သားအပင်ပေါက်သည်စိုက်ပျိုးရန်ပို၍ ကောင်းသည်။ သားတက်ကိုပျိုးယူသော အပင်သည်ပွင့်တံ စောစောထွက်လေ့ရှိပြီး အပင်ချင်းလည်းအရွယ်မညီပေ။
စိုက်ခင်းထဲတွင် အပင်တန်းများကြား၌ အခြား ပွင့်လွယ်သီးလွယ်သော အပင်များကိုလည်းစိုက်ပျိုးနိုင်သည်။ သင်္ဘောနာနတ်ပင် တို့ကိုမြေကောင်းသည့်အရပ်၌ တစ်ပင်နှင့်တစ်ပင် ရှစ်ပေမှခြောက်ပေအထိခွာ၍လည်းကောင်း၊
မြေညံ့ညံ့၌ ထိုထက် ပို၍ကပ်ပြီးလျှင်လည်းကောင်း စိုက်ပျိုးနိုင်သည်။
လျှော်ထုတ်ရန်အရွက်များကို သုံးနှစ်ကျော် လေးနှစ်သားခန့် အပင်သက်ရမှသာလျှင် စ၍ ဖြတ်ယူသင့်သည်။ တစ်နှစ်ပျမ်းမျှ တစ်ပင်မှအရွက် ၂၅ရွက်ခန့်ဖြတ်မှသာ သင့်တော်ပေသည်။ ဖြတ်ယူမည့် အရွက်များသည် အောက်ဘက်ကျ၍ရင့်ပြီးလျှင် အနည်းဆုံးသုံးပေခွဲရှည်သော အရွက်များဖြစ်ရပေမည်။ နောက်လေးနှစ်မှ ငါးနှစ်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိသာဖြတ်ယူပြီးလျှင် တစ်ပင်မှ စုစုပေါင်း ဖြတ်ယူရရှိနိုင်သောအရွက်ရေသည် ၁၅ဝ မှ ၁၈ဝ ခန့်ရှိပေလိမ့်မည်။ ယင်းသို့လေးနှစ်မှ ငါးနှစ်ခန့်အထိ ဖြတ်ယူပြီးနောက်တွင်မူလအပင်များကိုဖယ်ရှားပစ်၍ တစ်နှစ်ခန့် အပင် မစိုက်ဘဲထားသင့်သည်။ မိုးများသောဒေသရှိ သင်္ဘောနာနတ်ရွက်များ၏ လျှော်ထွက်နှုန်းသည် သုံးရာခိုင်နှုန်း၊ မိုးပါး ခြောက်သွေ့သောဒေသမှဆိုလျှင်လေးရာခိုင်နှုန်း၊ သို့မဟုတ် တစ်ဧကလျှင် လျှော်တစ်တန်ခွဲထွက်နိုင်သည်။ အရွက်၁ဝဝဝ မှ လျှော်ပေါင် ၄ဝ မှ ၅ဝ အထိ ထွက်နိုင်မည်ဟုခန့်မှန်းရလေသည်။ အရွက်များကိုဖြတ်ယူပြီး ၂၄နာရီအတွင်း လျှော်ထုတ်ယူသင့်သည်။ ဖြတ်ပြီးသားအရွက်များကို အစည်းများစည်းပြီးလျှင် လျှော်ထုတ်သည့် စက်ရှိရာသို့သယ်ယူရသည်။ ထိုစက်များရှိခုံးနေသော သတ္ထုအပြားများအပေါ် အရွက်များကို တင်ပေးလိုက်လျှင် ယင်းတို့က တစ်ဆင့်တစ်ဆင့် သယ်ယူသွား၍ လည်နေသောဘီးများရှိရာသို့ရောက်သည့်အခါ အရွက်တွင်ရှိသော အသားဖတ်များကို ခြစ်ယူလိုက်လေသည်။ ထိုနောက်ကျန်ရစ်သောလျှော်မျှင်များကိုနေပူလှန်း၍လည်းကောင်း၊ အခြားသိပ္ပံနည်းများဖြင့်လည်းကောင်း၊ ခြောက်သွေ့အောင်ပြုပြီးနောက်တွင် သန့်ရှင်းပြီးခါချ၍ အထုပ်များပြုလုပ်ကာ နိုင်ငံခြားသို့ တင်ပို့ရန် အသင့်ထားရှိရလေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)