သင်္ဘောဖရုံပင်
သင်္ဘောဖရုံပင်သည် ဘူး၊ဖရုံ၊သခွားတို့၏အနွယ်ဝင်ဖြစ်၏။ ယင်းတို့ နည်းတူ ကျူကာဗီတေစီအီးမျိုးရင်းတွင်ပါဝင်လေသည်။ ရုက္ခဗေဒ အမည်အားဖြင့် ကျူကာဗီတာပီပိုဟု ခေါ်သည်။ သမနွေးပိုင်းဒေသများ၌မူလပေါက်ရောက်ခဲ့သည်ဖြစ်၍ အပူပိုင်း ဒေသများတွင်ကုန်းမြင့် များ၌စိုက်ပျိုးဖြစ်ထွန်းလေသည်။ သင်္ဘောဖရုံသည် ရှင်သန်ကြီးထွားလွယ်၍ မြေလျှောက်ပင်စည်မျိုးဖြစ်သည်။ ထိုကြောင့် သင်္ဘောဖရုံကိုစင်တင်ပေးရန်မလိုဘဲမြေကြီးပေါ်ချ၍ စိုက်ပျိုးနိုင်သည်။ အထူးသဖြင့်ခြံဝန်းအိမ်ဝန်းများ ထဲရှိ အမှိုက်ပုံများတွင် သင်္ဘောဖရုံများအညွှန့်များအနွယ်များ သန်စွမ်း ဝေဖြာစွာပေါက်ရောက်သည်ကို တွေ့ကြရသည်။ အရွက်များသည်ကြီးမားကြမ်းတမ်းသည်။ ရွက်ကြော မကြီးများတွင်လည်းကောင်း၊ ပင်စည်တွင်လည်းကောင်း ဆူးမွှေးများရှိသည်။ အော်လံပုံအပွင့်ကားကားကြီးများသည် ကြီးမားလှပ၍ အဝါရောင်တောက်တောက် လည်းရှိသည်။ လိမ်မော်ရောင်လည်းရှိသည်။ တစ်ပင်တည်းတွင် အဖိုပွင့် အမပွင့်နှစ်မျိုးလုံးပါရှိသော အပင်မျိုးဖြစ်သည်။ အမပွင့်များတွင် ကြီး၍ လုံးဝန်းသောမျိုးစေ့အိမ်ပါသဖြင့်လည်းကောင်း၊ ဝတ်မှုန်မပါသဖြင့်လည်းကောင်း အဖိုပွင့်နှင့်ခွဲခြား သိသာနိုင်လေသည်။
သင်္ဘောဖရုံသည် အသီးကြီးသော အပင်မျိုးဖြစ်သည်။ ယေဘုယျအားဖြင့် ၁ဝ ပေါင်မှ၂ဝ ပေါင် ခန့်အထိ အချိန်စီးလေသည်။ အသီး၏ပုံပန်းသဏ္ဌာန်သည်သခွားသီးကဲ့သို့ လုံးဝန်း၍ရှည်မျောမျော ဖြစ်သည်။ အချို့မျိုးစိတ်ကွဲများသည် ဘဲဥပုံသဏ္ဌာန်ရှိသည်။ အသီးသီးချိန်မှစ၍ရေများများပေးရန် လိုအပ်သည်။ အသီးထိပ်ပိုင်းကိုရေစိမ်ပေးလေ၊ အသီးကြီး ထွားလေဟုဆိုကြသည်။ အသီးအစွမ်းကုန်ကြီး သည်အထိမစောင့်ဘဲအတော်အတန်ကြီးလာလျှင် ဆွတ်ခူးသင့်သည်။ အသီးရင့်လွန်းကအရသာမရှိဟု ဆိုကြသည်။ ဘူး၊ဖရုံ၊သခွားတို့နည်းတူအခွံမာ၍ အရည်ရွှမ်းသော အသားရှိသည်။ သင်္ဘောဖရုံသီးကို ဟင်းသီးဟင်းရွက် တစ်မျိုးအဖြစ်စားသုံးကြသည်။ အနောက်နိုင်ငံများတွင် မျိုးကောင်းသောဖရုံတို့ကိုလူတို့ စားသုံးရန်အတွက်စိုက်ပျိုးကြ ၍အမျိုးညံ့ညံ့များကိုမူနွားစားရန်စိုက်ပျိုးကြသည်။ ဘူး၊ ဖရုံ၊ သခွားတို့ နည်းတူအစေ့ပျိုး၍စိုက်ပျိုးကြသည်။ ရှည်လျားသော အနွယ်များဖြင့်မြေပြင်ပေါ်လျှောက်သွား ပေါက်ရောက်သဖြင့် အနောက်နိုင်ငံကြီးများတွင်လယ်ကွင်းများထဲ၌လည်း စိုက်ပျိုးကြ လေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)