သစ်ပုပ်ပင်သည် မဒမယင်းတိုက်ယင်းစပ်စသည်တို့နှင့်မျိုးတူ၍ ပါပီလီယိုနေစီအီး (Papilionaceae) မျိုးရင်း၌ပါဝင်ပြီးလျှင်ယင်းကို ရုက္ခဗေဒအမည်အားဖြင့် ဒါလဗားဂျီယားကာဇိုင်း (Dalbergia kurzii) ဟုခေါ်သည်။ မြန်မာနိုင်ငံ အထက်နှင့်အောက်ပိုင်း မိုးပါးဒေသသစ်တော (တောခြောက်) များ၌ပေါက်ရောက်သည်။ အပင်အလတ်စားမျိုးဖြစ်၍ အမြင့်ပေ ၅ဝ မှ လုံးပတ် လေးပေမှ ငါးပေအထိရှိသည်။

သစ်ပုပ်ပင်၏ကိုင်းညွှန့်များသည် အလုံးကြီး၍ ပြောင်ချောနေပြီးလျှင်အမွေးအမှင်မရှိချေ။ အရွက်များသည်လည်း ကြီးမား၍အမွေးအမှင်မရှိပေ။ နွေရာသီ၌ အရွက်ကြွေ၍ ရွက်သစ်များမထွက်မီ အဖြူနှင့် ခိုရောင် ကတ္တီပါမွေးများရှိသော ပန်းပွင့်တို့သည်အကိုင်းဖျား၌ စုပြုံ၍ ပွင့်ကြသည်။ သုံးလက်မမှ ငါးလက်မ အထိရှည်သော အသီးတောင့်များ သီးရာ ယင်းတို့၌ ကွန်ချာသဖွယ် ယှက်သန်းနေသော အကြောများ ပါရှိသည်။ အသီးတစ်တောင့်လျှင် အစေ့တစ်စေ့မှ နှစ်စေ့ခန့်သာပါရှိ၍ အစေ့ရှိသောနေရာသည် ခပ်ဖုဖု ဖြစ်နေသည်။ ထိုသစ်ပင်မျိုး၏ သစ်သားသည်တန်ဖိုးမရှိလှချေ။ သစ်ပုပ်အမည်ဖြင့်လည်းခေါ်သော အခြားသစ်ပင်များ ရှိသေးသည်။ ဘိုင်ပင်ကိုလည်းသစ်ပုပ်ဟု ခေါ်ကြသည်။

အခြားသစ်ပုပ်ပင်တစ်မျိုးမှာအာလေမေးစီအီး မျိုးရင်းဝ်ဖြစ်၍ ရုက္ခဗေဒအမည်ဖြင့် ဆဲလတစ် တက်တြန်ဒြာဟုခေါ်သည်။ အတော်အသင့်ကြီးသော သစ်ပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအထက်အောက် မြေညီသစ်တောနှင့် တောင်နိမ့်ပိုင်းသစ်တောများ၌ပေါက်ရောက်သည်။

ထိုသစ်ပုပ်ပင်မျိုး၏သစ်သားသည် ဖြူမွဲမွဲအရောင်မျိုးဖြစ်ပြီးလျှင် အတော်အသင့်မာသည်။ ကုဗတစ်ပေလျှင် ၃၈ ပေါင်လေးသည်။ ထိုသစ် သားဖြင့်လှေ၊ ဘောက်တူများစပ်ရန် ပျဉ်ခွဲရန်ကောင်းလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)