မြန်မာဝေါဟာရအားဖြင့် သစ်ဥဟုခေါ်သော်လည်း ယင်းတို့သည်သစ်ပင်များတွင်တွေ့ရသော အင်္ဂါအစိတ်အပိုင်းတစ်ရပ်မဟုတ်ချေ။ ယင်းတို့ကို အပင်ပျော့များ၌သာတွေ့ရရာ အထူးသဖြင့်ရွက်ထီး ပင်ပျော့မျိုး၌ပို၍တွေ့ရသည်။ ဥများသည်စင်စစ် မြေငုပ်အဖူးအတက်တမျိုးဖြစ်၍ မြေငုပ်ပင်စည်မျိုးတွင် ပါဝင်လေသည်။ များသောအားဖြင့် ယင်းဥတို့သည် လုံးဝန်းသောပုံသဏ္ဌာန် ရှိသည်။ ရုက္ခဗေဒအရဆိုလျှင် သစ်ဥတို့ကို ဗဗ်အတက်များဟု ခေါ်ဝေါ်သုံးနှုန်းလေသည်။

သစ်ဥတွင် ပင်စည်ငုတ်တိုရှိ၍ ထိုပင်စည်ကိုအသားထူသောအရွက်များကဖုံးအုပ်ထားကြရာ ထိုအ ရွက်ဖတ်များတွင် အပင်စာ၊ သို့မဟုတ်အစာဩဇာ ဓာတ်အပြည့်အစုံရှိသည်။ ထင်ရှားသိသာလွယ်သောပုံစံ တစ်ခုကိုညွှန်ပြရလျှင် ကြက်သွန်နီဥကိုညွှန်ပြရပေမည်။ သစ်စေ့ကဲ့သို့ပင် သစ်ဥတွင်နောင်အပင်သစ် ဖြစ်လာမည့် အပင်လောင်း၏အရွက်၊ ပွင့်တံစသည့် အင်္ဂါအစိတ်အပိုင်းများအပြည့်အစုံပါရှိသည်။ အစေ့မှအပင်ပေါက်ခြင်းထက် ဥမှအပင်ပေါက်ခြင်းသည်ပို၍ လျင်မြန်သည်။ အကြောင်းမူ သစ်ဥတွင်အပင်သစ်ပေါက်နိုင်ရန် အပင်စာအလုံအလောက်သိုလှောင်ထား ရှိပြီးသောကြောင့်ပင် ဖြစ်ပေသည်။

အချို့သစ်ဥများသည် ကြက်သွန်ဥ၊ ဟိုင်းယားဆင့် (မြေပေါက်ဗေဒါမျိုး) ဥတို့ကဲ့သို့အသားထူသောအလွှာများ၊ အထပ်များဖြင့်ပြီး၍ ယင်းတို့၏အတွင်းထဲ၌အပင်လောင်း၏ အစိတ်အပိုင်းများရှိသည်။ အပေါ်ဆုံးလွှာသည်စက္ကူသဖွယ် အလွန်ပါးလှပ်၍ ယင်းသည်တလွှာတည်းဖြင့် ဥတစ်ခုလုံးကို ရစ်ပတ်လွှမ်း ခြုံထားသည်။ ကြက်သွန်နီဥကြီးတွင် ထိုအလွှာကိုကြက်သွန်မြှေးဟုခေါ်သည်။ လီလီပန်းပင်၏ ဥကဲ့သို့သော အချို့ဥများ၏အပေါ်ယံအလွှာသည် တခုတည်း မဟုတ်ချေ။ ငါးအကြေးခွံကဲ့သို့အဆင့်ဆင့်ရှိလေသည်။ နနွင်းတက်ကဲ့သို့အချို့ဥများတွင်အပေါ်လွှာသည်အသားနှင့် ကပ်လျက်တပြင်တည်းရှိ၍ အတွင်း သားသည်လည်း တလုံးတခဲတည်းကျစ်ကျစ်လျစ်လျစ်ဖြစ်လေသည်။

သင့်လျော်သောကာလ ဒေသတွင်လိုအပ်သော ရေမြေပေး၍ မြေကြီး၌ထိုဥများကိုချစိုက်ကြည့်လျှင် ဥ၏အောက်ဘက်မှ အမြစ်များထွက်လာသည်ကိုတွေ့ရလိမ့်မည်။ အစို့များမှာမူ ဥ၏အလယ်ဗဟိုမှထွက်သည်။ ထိုအစို့များတွင်ပင်စည်အရွက်နှင့်အပွင့်တို့ပါလာလေသည်။ နာဆစ်ဆပ်ပန်းပင်၊ ဒက်ဒီဖိုးပန်းပင်တို့၏ ဥများသည် မိမိတို့၌အရွက်နှင့်အပွင့်များပေါ်ထွက်ရန် အစာဩဇာဓာတ် ရိက္ခာ အပြည့်အစုံပါရှိသည်။ ထိုကြောင့်ထိုပန်းပင်မျိုးတို့ကို အိုးများထဲတွင် ရေနှင့် ကျောက်ခဲများထည့်ကာ အိမ်တွင်း၌ပင်စိုက်ပျိုးနိုင်လေသည်။

မြေငုပ်ပင်စည်ရှိသော အပင်မျိုးတို့သည်အပင်စာဩဇာ ဓာတ်များကိုဥများ၊ အတက်များအားဖြင့်သို လှောင်ထားနိုင်ကြ သဖြင့် ကာလရှည်လျား၍ချမ်းအေးလွန်းသော ဆောင်းရာသီ၏ ဒဏ်ကိုခံနိုင်ရည်ရှိကြသည်။ ထိုကြောင့်ထိုရာသီဥတုမျိုး၌ရှိသော ဒေသများ၌ထိုအပင်မျိုးတို့ကိုတွေ့ကြရသည်။

ဥမှပေါက်သောအပင်တို့သည်မူ ပင်မကြီးနှင့် တစ်ပုံစံတည်း ပင်ပေါက်သည်။ အချို့ဥများမှပေါက်သော အပွင့်တို့သည်အလွန်လှပ၍ သင်းပျံ့ပျံ့ယနံ့လည်းရှိသည်။ တျူးလစ်တို့သည် သစ်ဥမှပေါက်သော ပန်းပင်မျိုးဖြစ်ကြသည်။ သစ္စာပန်းပင်တို့သည်ကွမ်းအတက်များမှပေါက်သည်။

မြေငုပ်ပင်စည်မျိုးခြင်းတူ သော်လည်း ဗဗ်အတက်နှင့်ကွမ်းအတက်တို့၏ခြားနားချက်ကား ကွမ်းအတက် တွင်အရွက်လောင်းမပါချေ။ ဗဗ်သည်နှစ်ကြာကြာ ခံသော်လည်းကွမ်းသည်တစ်နှစ်သာခံ၍အသစ်ပြန်၍ပြန်၍အတက် သစ်ထွက်လေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)