သဒ္ဒနီတိ ဆရာတော် ရှင်အဂ္ဂဝံသ သည် ၄၅၄ ခုနှစ်တွင် မင်းပြုသော အလောင်းစည်သူမင်း၊ ၅၂၉ ခုနှစ်တွင် မင်းပြု သော နရသူမင်း၊ ၅၃၃ ခုနှစ်တွင်မင်းပြုသော မင်းယဉ်နရသိင်္ခ မင်းနှင့် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူမင်းတို့၏ လက်ထက်တွင် ပိဋကတတ်ပုဂ္ဂိုလ်အဖြစ် ကျော်စောထင်ရှားခဲ့ သည့် ဆရာတော်တစ်ပါးဖြစ်သည်။ ထိုခေတ်က သာသနာတော် ကျမ်းနှင့် သင်္သကရိုက် သဒ္ဒါကျမ်းများကို တတ်သော ရှင်မဟာ အဂ္ဂပဏ္ဍိတဆရာတော်ဟု ရှိသည်။ ထိုဆရာတော်သည် ၅၃၅ ခုနှစ်ခန့်လောက်တွင် ပျံလွန်တော်မူသည်ဟု ဆိုကြ၏။ ယင်းဆရာတော်၏ တပည့်ဖြစ်သူ ဒုတိယ အဂ္ဂပဏ္ဍိတ ဆရာတော်တစ်ပါးလည်း ရှိသေးသည်။ ဒုတိယအဂ္ဂပဏ္ဍိတဆရာ တော်ကား လောကုပ္ပတ္တိ ပကာသနီကျမ်းကို ပြုတော်မူခဲ့သူ တည်း။

သဒ္ဒနီတိဆရာတော် ရှင်အဂ္ဂဝံသကား ဒုတိယ အဂ္ဂပဏ္ဍိတ ဆရာတော်၏ တူအရင်းဖြစ်၏။ ပထမ မဟာအဂ္ဂပဏ္ဍိတ ဆရာတော်၏ တပည့်ဖြစ်သည်။ တတိယအဂ္ဂပဏ္ဍတဖြစ်တော် မူသော ဆရာတော်ရှင်အဂ္ဂဝံသသည် ၅၁၆ ခုနှစ်တွင် သဒ္ဒနီတိ ကျမ်းကြီးသုံးစောင်ကို ပြုစုတော်မူခဲ့သည်။ သဒ္ဒနီတိကျမ်းကား ထိုခေတ်က စာတတ်အကျော် သီဟိုဠ်ဆရာတော်များကပင် ချီးမွမ်းအံ့ဩရသော ကျမ်းဖြစ်သည်။ ယခုတိုင်ပင် ပရိယတ္တိ သာသနာ၌ လွန်စွာထင်ရှား၍၊ အားကိုးအားထား ပြုရသော ကျမ်းကြီးဖြစ်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)