သနပ်ခါးလူးထားသော လူငယ်တစ်ဦး
မြန်မာ့သနပ်ခါးတုံး

ဆောင်းမှာနွေး၊ နွေမှာအေး ဆိုသည့် သနပ်ခါး၏ အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစ အရွယ်ကစ၍ အသက်အရွယ်မရွေး သနပ်ခါးလိမ်းကြပါသည်။

မြန်မာနိုင်ငံတွင် မည်သည့်နေရာကို သွားသွား သနပ်ခါး လိမ်းကျံထားသော မျက်နှာများကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင် ဖြစ်ပေသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိန်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပါသည်။ သနပ်ခါးကို မခုံမင် မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှခြယ်ပစ္စည်း ကိရိယာများ အသုံးများ၍ ခေတ်စားနေစေကာမူ သနပ်ခါးနှင့် ကင်းနိုင်သူ မြန်မာအမျိုးသမီးတို့၏ အရေအတွက်မှာ အလွန့်အလွန် နည်းပါးလှပေသည်။

သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပြန့်သော ရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများ အဆုံး သနပ်ခါးကို လက်မလွှတ်နိုင်ခဲ့ကြခြင်းပင် ဖြစ်ပေသည်။ ထို့ကြောင့် သနပ်ခါးကို အမြဲတစေ လိမ်းကျံသဖြင့် အသားအရေ စိုပြေဝင်းဖန့်နေသောသူကို တွေ့လျှင် "သနပ်ခါးသားရသည်"ဟု ရှေးမြန်မာအမျိုးသမီးများ ဆိုလေ့ရှိကြပေသည်။


မြန်မာလူမျိုးများသည် သနပ်ခါးကို နှစ်သက်ခြင်းသည် အလှအပ လိမ်းကျံစရာ ပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဘက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်း ဖြစ်ပါသည်။ ပူအိုက်စွတ်စို ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး အသားအရေကို ထိန်းသိမ်းနိုင်သည့် သနပ်ခါးကို မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပေသည်။

အထောက်အထား အစဉ်အလာပြင်ဆင်

သနပ်ခါးကို စာပေဖြင့် ရေးသားတင်စားကြခြင်းကို ၁၄-ရာစုနှစ် ကဗျာပညာရှင် မွန်ဘုရင် ရာဇာဓိရာဇ်၏ ကြင်ယာတော်နှင့် ၁၅-ရာစုနှစ် ရဟန်းကဗျာပညာရှင် ရှင်မဟာရဋ္ဌဿရတို့၏ ကဗျာများတွင် တွေ့ရှိကြရပေသည်။ မြန်မာနိုင်ငံ၏ အချို့သော နေရာဒေသများတွင် နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်း သနပ်ခါးသွေးပွဲတော်များ ကျင်းပလေ့ရှိနေပါသည်။ သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးကလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများတီးမှုတ်သီဆိုကြလေ့ရှိပါသည်။ သွေးပြီး ရရှိလာသော သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နှင့် ဆေးကြောပြီး ကုသိုလ်ယူကြသည့် မြန်မာတို့၏ ချစ်စရာကောင်းသော ဓလေ့ဟာလည်း ယနေ့ထိတိုင် ရှိနေပေသည်။

ပေါက်ရောက်ရာ ဒေသပြင်ဆင်

သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရပါသည်။ မြန်မာ့သနပ်ခါးသည် အရည်အေသွး အကောင်းဆုံးပင် ဖြစ်ပေသည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံ အပူပိုင်းဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်ကို တွေ့မြင်နိုင်ပေသည်။ သနပ်ခါးပင်သည် စိုက်ခင်းသစ် ပထမတစ်ကြိမ် ခုတ်၍ ရောင်းချပြီး သန်မာထွားကျိုင်းသည့် သားတက်များ ဆက်ခါဆက်ခါ ထားရှိနိုင်သဖြင့် ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် ခုတ်ယူရောင်းချပြီး ဝင်ငွေရသဖြင့် "အပူပိုင်း ပဒေသာပင်ဟု တင်စားပြီး အပူပိုင်းဒေသ၏ ရတနာ" ဟုပင်ခေါ်ဆိုကြပေသည်။

သိပ္ပံအမည်နှင့် အမျိုးအစားခွဲခြားခြင်းပြင်ဆင်

  1. မြန်မာအမည် = သနပ်ခါး
  2. အင်္ဂလိပ်အမည် = Chinese Box Tree, Wood Apple
  3. မျိုးရင်း= Rutaceac
  4. မျိုးစု= Limonia
  5. မျိုးစိတ်= L.acidissima
  6. သိပ္ပံအမည်= Naringi crenulata (Roxb)
    1. Limonia acidissima
    2. Hespercthusa crenulata (Roxb) Rocam

[၁]

အပင်၏ ဝိသေသလက္ခဏာများပြင်ဆင်

သနပ်ခါးပင်၏ ပုံသဏ္ဌာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀-၃၀ ထိမြင့်တက်ပြီး ပင်စည်နှင့် အကိုင်းအခက်များတွင် လက္မဝက်၊ တစ်လက္မခန့် ရှည်သည့် မာကျောသော ဆူးများ ပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသော အခါမှ အပွေးထူလာပါသည်။ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါသည်။ ရွက်ပြားပြောင်ချောပြီး တောင့်တင်းမာကျောသည်။ အစိမ်းရင့်ရောင်ရှိသည်။ အပွင့်ပုံသဏ္ဌာန်မှာ သေးငယ်ပြီး၊ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုအပေါ် မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန်လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေသောက်မြစ် ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေးအခေါက်ပါရှိသည်။ အမြစ်မှ သားတက်များထွက်လေ့ရှိပါသည်။

စိုက်ပျိုးနည်းစနစ်ပြင်ဆင်

မြေအမျိုးအစားပြင်ဆင်

• စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ/ကျောက်စရစ်မြေ (Gravel soil)
• ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သော မြေများမှ လွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်သည်။
• သဲမြေတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ သို့သော် စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင် အသေအပျောက် များပြီး အပင်ဖြစ်ထွန်းအားနည်းပါသည်။
• အပင် ၂-၃နှစ်သား အရွယ်မှ စ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်းဖယ်ရှား ပေးရပါမည်။
• သားတက်စိုက်ခင်းများတွင် တစ်ပတ်လျှင် (၁-၂)တက်သာ ထား၍ ကျန်အတက်များအား ရှင်းလင်းဖယ်ရှားပေးရပါမည်။
• ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ် မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပက်ဖြန်းပေးသင့်ပါသည်။

ဈေးကွက်ဝင် သနပ်ခါးအဆင့်(ရိတ်သိမ်းချိန်)ပြင်ဆင်

• စိုက်ခင်းအသစ်များတွင် အပင်သက်တမ်း ၆-နှစ်၊ ၇-နှစ်သားမှ စတင်၍ သနပ်ခါးအဖြစ် စတင် ဈေးကွက်ဝင် ရောင်းချနိုင်ပါသည်။
• အများအားဖြင့် ၈-နှစ်မှ ၁၀-နှစ်သားအရွယ်သည် ဈေးကွက်တွင်းသို့ အရောင်းအများဆုံး အရွယ်ဖြစ်ပါသည်။
• သားတက် သနပ်ခါးခင်းများတွင် အပင်သက်တမ်း (၅-၆)နှစ်တွင် စတင်ရောင်းချပြီး၊ (၆)နှစ်မှ(၈)နှစ်အရွယ် သက်တမ်းသည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန် ဖြစ်ပါသည်။
• အရည်အသွေး အကောင်းဆုံး သနပ်ခါးတစ်ပင် ရရှိရန်မှာ သက်တမ်း(၃၅)နှစ်ခန့် လိုပါသည်။
• ဒေသအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံးဖြစ်သည်။[၂]

သနပ်ခါးတွင် ဓာတုပစ္စည်း ပါဝင်မှုပြင်ဆင်

  1. 2-quinolone and 2-hydroxy quinoline
  2. N-acetyl-N-methyltryplamine
  3. Tanakine and Tanakamine
  4. 7-methoxy-6-(2,3-epoxy-6-methylbutyl) coumarin
  5. 4-methoxy -1-methy 1-2quinolone and marmesin from the organic extracts of the root bank
  6. Suberosin နှင့် marmesin တို့သည် Antibacterial activity နှင့် UV absorption ဂုဏ်သတ္တိများ ရှိပါသည်။

သနပ်ခါးမှ ဆေးဘက်အသုံးဝင်ပုံပြင်ဆင်

မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ ခါး ချုပ် ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ။ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားပါသည်။

အသုံးပြုပုံပြင်ဆင်

အရွက်
  1. ဝက်ရူးပြန်ရောဂါဆေးတွင် သုံးသည်။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများ ခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်သည်။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။
  2. အရွက်ကို အခြောက်လှမ်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင်။ အနာအဆာနှင့် ကိုယ်တွင်းရောဂါ ဟူသမျှ ကင်းရှင်းပပျောက်၏။
အသီး
  1. အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
အမြစ်
  1. ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်၏။ ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျ၏။
  2. သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ၅-ပဲသားစီကို ပျားရည် ၆-ပဲသားနှင့် ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏။
  3. သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့် ရောလျက်သောက်ပါက အစာအိမ်ရှိ အဆိပ်ပြေစေ၏။ ဟု ဆိုထားပါသည်။

သိပ္ပံနည်းဆေးကျမ်းအရ

  1. Anti-bacterial နှင့် Anti-fungal ပါဝင်မှုကြောင့် အသားအရေကို ကြည်လင်သန့်စင်စေသည်။ ဝက်ခြံ၊ တင်းတိပ်ကို ပျောက်ကင်းစေသည်။ အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊ အဖူးအပိတ်များကိုလည်း ပျောက်ကင်းစေပါသည်။
  2. သနပ်ခါးတွင် Coumarine တို့ပါဝင်သဖြင့် အသားအရေပေါ်တွင် ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများ ကို ဖယ်ရှားပေးနိုင်ပြီး၊ အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျို လန်းဆန်းစေပါသည်။
  3. Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ချည် (UV-A ray)ကြောင့်ဖြစ်ပေါ်သော မျက်နှာပေါ်တွင် အရေပြားတွန့်လိမ်ခြင်း (အရေးအကြောင်း ပေါ်ခြင်း) တို့မှ ကာကွယ်ပြီး၊ ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း (Skin discoloration) မှကာကွယ်ပြီး တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပါသည်။

[၃]

ရှင်မတောင် သနပ်ခါးပြင်ဆင်

သနပ်ခါးထဲတွင် လူကြိုက်အများဆုံးမှာ ရှင်မတောင် သနပ်ခါးဖြစ်သည်။

ရှင်မတောင်သနပ်ခါး၏ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင် သနပ်ခါးကို နှစ်သက်ကြခြင်း ဖြစ်သည်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးသည်။ ရွှေဘိုသနပ်ခါးသည် ရှင်မတောင်သနပ်ခါးကဲ့သို့ ထူးခြားစွာ အနံ့ မမွှေးပေမယ့် ဝင်းဝါတဲ့ အဆင်းကိုပေးပြီး ညက်လှတဲ့အတွက် ရွှေဘိုသနပ်ခါးကိုလည်း မြန်မာအမျိုးသမီးများက နှစ်သက်ကြပါသည်။ သနပ်ခါးပင်နှင့် မျိုးစိတ်နာမည်တူပြီး သနပ်ခါးနဲ့ လို့လည်း ခေါ်ဆိုကြတဲ့ သီးပင် (Limonia acidissima)လည်းရှိပါသေးသည်။ သီးပင်ကို wood apple ဟု အမည်ခေါ်ဆိုကြသည်။ မြန်မာလူမျိုးများက သီးပင်၏ အသီးကို ထန်းလျက်နှင့်ပေါက်ကာ ရောမွှေစားလေ့ရှိကြပါသည်။ သီးပင်၏ အခေါက်ဖြစ်သော သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါသည်။ ရှင်မတောင် သနပ်ခါးကဲ့သို့ အနံ့ မမွှေးပျံ့ သော်လည်းပဲ ကျောက်ပျဉ်၌ သွေးလိုက်သည့်အခါမှာ စေးနေပြီး လိမ်းလိုက်ရင် အသားအရေ စိုပြည်ဝင်းပလာသောကြောင့် မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးသည်။

သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြခြင်းသည် သနပ်ခါး၏ ဆေးဖက်ဝင်သော ဂုဏ်သတ္တိကြောင့်လည်း ဖြစ်ပါသည်။ နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်သော သနပ်ခါးကို ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် မြန်မာနိုင်ငံမှာ အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါသည်။ အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနှင့် ရောသွေးကာ လိမ်းကျံကြပါသည်။ မျက်နှာမှာ ဝက်ခြံကင်းပြီး အသားအရေ ချောမွေ့ဖို့အတွက် သနပ်ခါးက ဆေးဖက်ဝင်ပါသည်။

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် နှစ်စဉ် သင်္ကြန်အကြိုနေ့တိုင်းမှာ သနပ်ခါးသွေးပွဲ ကျင်းပလေ့ရှိပါသည်။သင်္ကြန်အကြိုနေ့ညမှာ အမျိုးသမီးလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားလေးများက သီချင်းများ တီးမှုတ်သီဆိုကြပါသည်။ သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့ ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါသည်။

သနပ်ခါးအတုံးကို ကျောက်ပျဉ်မှာ ရေနှင့်သွေးလိမ်းခြင်းအပြင် သနပ်ခါးမှုန့်ကိုလည်း မျက်နှာလိမ်း ပေါင်ဒါ အဖြစ် အသုံးပြုကြပါသည်။ အဆီပြန်တဲ့ အသားအရေ ရှိသူများအတွက် သနပ်ခါးသည် အသင့်တော်ဆုံး အလှပြင် သဘာဝ မိတ်ကပ်တစ်မျိုးပဲ ဖြစ်ပါသည်။

ရှင်မတောင်သနပ်ခါးတုံးများကို သိမ်းဆည်းတဲ့အခါမှာ ပလပ်စတစ်အိတ်ထဲ ထည့်ပြီး သိမ်းဆည်းခြင်းသည် အကောင်းဆုံးပါ။ သစ်သားစားပွဲပေါ်မှာ သစ်သားနဲ့ ထိထားရင် ရှင်မတောင်သနပ်ခါးနံ့သာ သစ်သားဆီကို ကူးသွားပြီး ရှင်မတောင်သနပ်ခါးက အနံ့ ပြယ်သွား တတ်ပါသည်။

ရှင်မတောင်သနပ်ခါးတုံးများ အထားကြာ၍ မမွှေးတော့ဘူးဆိုရင် ရေနွေးပွက်ပွက်ဆူကို သနပ်ခါးတုံးပေါ် လောင်းချလိုက်ရင် အနံ့ပြန်မွှေးလာပါသည်။ ရှင်မတောင် သနပ်ခါးတုံးကို ရေနွေးပူပူနဲ့ ဆေးကြောပြီး နေပူပူမှာ နေလှန်းထားရင် ရှင်မတောင်နံ့ အလွန်မွှေးပျံ့ နေမှာ ဖြစ်ပါသည်။

ရုပ်ပုံများပြင်ဆင်

ကိုးကားပြင်ဆင်

  1. Thanaka; Wekipedia, the free encyclopedia.
  2. စိုက်ပျိုးရေး ဦးစီးဌာန ထုတ်၊ သနပ်ခါး အကြောင်း သိကောင်းစရာ နှင့် စိုက်ပျိုးနည်းစနစ် စာအုပ်မှ
  3. Application of Myanmar traditional THANAKHA as cosmetic; Asian Institute of Technology. Food Engineering and Bioprocess Technology, School of Environment, Resources and Development.