သန္ထဝဇာတ်
ဒုကနိပါတ် - ၂။ သန္ထဝဝဂ် -၁၆၂ - သန္ထဝဇာတ်။ ။ မီးလုပ်ကျွေးခြင်း မှားယွင်းသော မိစ္ဆာအကျင့်ကို အပြစ်မြင်၍ တောသို့ဝင်သော ပုဏ္ဏားလုလင် အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်မိစ္ဆာကျင့်မှား ကျိုးမများ
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရသေ့တို့သည် မီးကို ပူဇော်ကြကုန်၏။ အထူးထူးအပြားပြားရှိသော မိစ္ဆာအကျင့်ကို ကျင့်ကြကုန်၏။
ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံ သွား၍ “အရှင်ဘုရား ... မိစ္ဆာအကျင့်၌ အကျိုးစီးပွား ရှိပါသလော” ဟု လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့ ... မိစ္ဆာအကျင့်၌ တစ်စုံတစ်ခုသော အကျိုးစီးပွား မည်သည်မရှိ၊ ရှေးပညာရှိတို့သည် မီးပူဇော်ခြင်း၌ အကျိုးစီးပွား ရှိသည်ဟူသော အမှတ်ဖြင့် ကြာမြင့်စွာ မီးကို ပူဇော်ခဲ့သော်လည်း နောက်အခါ အကျိုးစီးပွားမဲ့ကို မြင်လတ်သော် ထိုမီးကို ငြိမ်းသတ်ကာ ပြန်၍ပင် မကြည့်ကုန်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၍ ဖြစ်၍ အမိ,အဖတို့သည် မွေးဖွားသောနေ့၌ မီးကို ယူထားကြပြီးလျှင် ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သောအခါ “ချစ်သား ... သင်ဖွားနေ့၌ မီးကို ယူထားခဲ့ကြသည်၊ တော၌ မီးကိုလုပ်ကျွေးကာ ဗြဟ္မာ့ပြည်သို့ သွားမည်လော၊ သို့တည်းမဟုတ်၊ ဗေဒင်သုံးပုံကို သင်ကြားကာ ဥစ္စာကို ဖြစ်စေလျက် လူ့ဘောင်၌ နေမည်လော” ဟု မေးကြကုန်၏။
ပုဏ္ဏားလုလင်သည် “မိခင်၊ ခဖင်တို့ ... အကျွန်ုပ်သည် လူ့ဘောင်၌ မနေလို၊ မီးကိုယူ၍ တော၌ မီးကိုလုပ်ကျွေးကာ ဗြဟ္မာ့ပြည်သို့ သွားမည်” ဟု ပြောဆို၍ ဖွားသောနေ့၌ မီးကိုယူကာ မိဘတို့ကို ရှိခိုးပြီးလျှင် တောသို့ဝင်၍ သစ်ရွက်မိုး ကျောင်း၌နေလျက် မီးကို လုပ်ကျွေးလေ၏။
ကျောင်းတော်ဝိဟာ မီးလောင်ရှာ
ပြင်ဆင်ရန်တစ်နေ့သ၌ ဆွမ်းဖိတ်ရာ အရပ်သို့သွား၍ ထောပတ်နှင့် ရောနှောသော ဃနာကို ရခဲ့လျှင် ဗြဟ္မာကြီးကို လှူဒါန်းမည်ဟု မီးကိုညှိ၍ “အရှင်မီးမင်း ... အရှင်အား ထောပတ်နှင့် ရောနှောသော ဃနာကို သောက်စေအံ့” ဟု ဆိုပြီးလျှင် ဃနာကို မီး၌ထည့်လေ၏။ ထောပတ်စေးများသော ဃနာကို မီးလောင်ကာမျှ၌ မီးအလွန်တောက်၍ အထက်သို့ တက်လေ၏။ ထို့ကြောင့် သစ်ရွက်မိုးသော ကျောင်းသည် မီးလောင်လေ၏။ ပုဏ္ဏားလုလင်သည် အလွန်ထိတ်လန့်ရကား ပြေး၍ ပြင်ပ၌ ရပ်ပြီးလျှင် -
“စက်ဆုပ်ဖွယ်ရှိသောသူနှင့် ပေါင်းဖော်ခြင်းသည် အလွန်ယုတ်မာလှ၏။ ထိုလောက် ယုတ်မာခြင်း မည်သည်မရှိ၊ ထောပတ်နှင့် ရောနှောသောဃနာဖြင့် ရောင့်ရဲစေအပ်ပါလျက် ဤမီးသည် ငါဆင်းဆင်းရဲရဲ ဆောက်လုပ်ထားသော သစ်ရွက်မိုးကျောင်းကို လောင်ခဲ့လေပြီ” –
ဟု ပြောဆိုကာ အခွေခင်ပွန်းကောင်းကို ပြစ်မှားတတ်သော သင်မီးကို ငါအလိုမရှိတော့ပြီဟု ငြိမ်းစေ၍ သစ်ခက်တို့ဖြင့် ပုတ်ခတ်ပြီးလျှင် ဟိမဝန္တာအတွင်းသို့ ဝင်ပြီးသော် ရွှေအဆင်းရှိသည့်အတွက် သာမာမည်သော သမင်တစ်ကောင်၏ မျက်နှာကို ခြင်္သေ့၊ သစ်၊ ကျားတို့ ဝိုင်းအုံကာ လျက်နေသည်ကို မြင်လျှင် -
မီးကိုစွန့်ကာ ဗြဟ္မာ့ရွာ
ပြင်ဆင်ရန်သူတောင်ကောင်နှင့် ပေါင်းဖော်ခြင်းသည် အလွန် မွန်မြတ်လှ၏။ ထိုထက် မွန်မြတ်ခြင်းသည် မရှိ။ သာမာ မည်သော သမင်သည် ချစ်ခြင်းကြောင့် ခြင်္သေ့၊ သစ်၊ ကျားတို့ မျက်နှာကို လျက်၏ -
ဟု ပြောဆိုကာ ရသေ့ရဟန်းပြုပြီးလျှင် အဘိညာဉ်တို့ကို လည်းကောင်း၊ သမာပတ်တို့ကို လည်းကောင်း ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားလေ၏။
[ဤဇာတ်ကိုကား ပြဆိုခဲ့ပြီးသော ဓကနိပါတ် နင်္ဂုဋ္ဌဇာတ်နှင့် တူသဖြင့် အကျဉ်းမျှ ပြလိုက်သည်။]
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ရသေ့သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) မိစ္ဆာကျင့်များ၊ ကျိုးမပွား၊ ကိုးစားမကျင့်ရာ။
(၂) မီးပူဇော်ကြောင်း၊ ဃနာလောင်း၊ ကျောင်းကိုမီးလောင်ရှာ။
(၃) စက်ဆုပ်အပ်သူ၊ ပေါင်းဖက်မူ၊ လူတွင်လွန်ယုတ်မာ။
(၄) သူတော်ကောင်းမှန်၊ ပေါင်းဖက်ပြန်၊ အလွန်မြတ်လှစွာ။
သန္ထဝဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။