ပြည်သန်းနွယ်

ပြင်ဆင်ရန်

၁၂၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၂) ရက်နေ့တွင် ပြည်မြို့ ဦးဘတင်နှင့် ဒေါ်ပုတို့မှ ဖွားမြင်သည်။ သားသမီး (၅)ယောက်အနက် ဒုတိယသား ဖြစ်သည်။ အမည်ရင်းမှာ ဦးသန်းမြင့် ဖြစ်သည်။ အနုပညာကို ငယ်စဉ်ကပင် ဝါသနာကြီးလှ၍ ၁၉၄၀ ပြည့်နှစ်တွင် ရန်ကုန်သို့ ဆင်းလာပြီး သီချင်းရေးဆရာ ဒဂုန်ဆရာတင်နှင့်အတူ နေထိုင်၍ ပညာများ ဆည်းပူးခဲ့သည်။ ၁၉၄၂ ခုနှစ်ဦးပိုင်းတွင် အေဝမ်းသဘင်ဝန် ဓာတ်ပြားကုမ္ပဏီထုတ် ချစ်ဒုက္ခအမည်ရှိ တေးထပ်မှာ နာမည်ကျော်ခဲ့၏။ ရာဇဝင် ပါမောက္ခဖြစ်လာမည့် ဦးဘညွန့်မှာလည်း ချစ်ဒုက္ခဦးဘညွန့်ဟု အမည်တွင်သည်အထိ ကျော်ကြားခဲ့သည်။ ဂျပန်ခေတ်အတွင်း ဝိဇယပြဇာတ်၊ လူပျိုပါပဲအပျိုပါပဲ၊ အမေ့ချွေးမ စသော ပြဇာတ်၊ ချစ်ဒေါသ၊ မောင့်ရင်သွေး ပြဇာတ်များ၊ မိုးဒေဝါပြဇာတ်များတွင် ပြဇာတ်သီချင်းများ ရေးခဲ့ရသည်။ အာရှလူငယ် ရန်ပုံငွေအဖြစ် ကပြသော မျိုးချစ်မျိုးနှစ် ပြဇာတ်တွင် ဒါရိုက်တာ သီချင်းရေးဆရာအဖြစ် ဆောင်ရွက်နိုင်ခြင်းကြောင့် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သည်။ စစ်ပြီးခေတ် ချစ်စိတ်မကုန် ပြဇာတ်နှင့် ချစ်ဋီကာ ပြဇာတ်များတွင် ဂီတလုလင်မောင်ကိုကို တီးဝိုင်းနှင့်တွဲဖက်၍ သီချင်းများ ရေးသားခဲ့ရသည်။ ၁၉၄၉ ခုနှစ် မြို့တော်ခန်းမ၌ ကပြသော ဒါရိုက်တာဆရာသုခ၏ သာယာရွှေပြည် ပြဇာတ်မှာ တပ်မတော်သားများ ပါဝင်ကြပြီး ကွယ်လွန်သူ မင်းသားဗိုလ်ဗကိုမှာ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့၍ ဆရာပြည်သန်းနွယ်က သီချင်းများ ရေးသားခဲ့ရသည်။ ၁၉၄၉ ခုနှစ်အတွင်းမှာပင် ကာဌေးရုံ၌ ဆရာပြည်သန်းနွယ် ဒါရိုက်တာအဖြစ် ပြသခဲ့သော ချစ်ပန်းသဇင် ပြဇာတ်မှာ တစ်နှစ်အတွင်း အကောင်းဆုံး ငြိမ်းချမ်းရေးငွေဒိုင်းဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယခုအချိန်တွင် ဆရာပြည်သန်းနွယ် (ဦးသန်းမြင့်)မှ အသက်(၈၀) အရွယ်သို့ ရောက်ရှိနေပြီဖြစ်၍ သားနှစ်ယောက်၊ သမီးလေးယောက် ထွန်းကားပြီး၊ ကျောက်မြောင်း ဒဂုန်သီရိလမ်း၊ အမှတ် (၃၄)၊ (၅)လွှာတွင် နေထိုင်လျက်ရှိသည်။

[]

ရည်ညွှန်းကိုးကား

ပြင်ဆင်ရန်
  1. တေးရေးဆရာကြီး ပြည်သန်းနွယ်နှင့် ကိုယ်တိုင်တွေ့ဆုံ မေးမြန်းချက် ဖြစ်သည်။