သန်းဖေလေး သည် မြန်မာနိုင်ငံသား အဆိုတော်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦးဖြစ်သည်။

ဘဝအကျဉ်း ပြင်ဆင်ရန်

သန်းဖေလေး ခေါ် ဦးသန်းဖေကို ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့၌ ဖခင် ဦးမောင်စန်း ခေါ် ဦးထွန်းမောင်နှင့် မိခင် ဒေါ်တင်မေတို့က ရန်ကုန်မြို့၊ ကျောက်မြောင်းရပ်တွင် မွေးဖွားသည်။ မွေးချင်းညီအစ်ကို သုံးယောက်အနက် အထွေးဆုံးသားဖြစ်ပြီး ငယ်နာမည်မှာ မောင်သန်းဖေဖြစ်သည်။

ဖခင်ဖြစ်သူသည် ရန်ကုန်ဂေဇက် အင်္ဂလိပ်သတင်းစာတိုက်၌ အလုပ်လုပ်၍ မိခင်ဖြစ်သူသည် လက်မှုပညာလုပ်ငန်းလုပ်ကိုင်သည်။

သန်းဖေလေးသည် အရိုးကုန်း မြူနီစီပယ်ကျောင်းတွင် သူငယ်တန်း၌ စတင်ပညာသင်ယူသည်။ ရေကျော် မက်ဒသစ် အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ အထက်တန်းပညာ ဆက်လက် သင်ယူခဲ့သည်။ ထို့နောက် ဝါသနာပါသော ဂီတလောကသို့ ခြေချ ဝင်ရောက်သည်။

သန်းဖေလေးသည် ၁၉၅၂ ခုနှစ်၌ တယောကိုပါ ရေးသားသော ' မမြင်နိုင်တဲ့မီး ' သီချင်းဖြင့် ဝင်ဒါမီယာ ကရက်ဆင့် အသံလွှင့်ရုံမှ သီဆိုအသံလွှင့်ရင်း ဂီတလောကသို့ ရောက်ရှိသည်။' ရွှေမြိုင်ကြည် ' တူရိယာအဖွဲ့မှ တေးသီချင်းများ သီဆိုအသံလွှင့်ခဲ့ရာ ထိုအဖွဲ့၌ သူနှင့်အမည်တူ လူတစ်ယောက်ရှိနေသဖြင့် သန်းဖေလေးဟု အမည်ပြောင်းလိုက်ရာမှ သန်းဖေလေး အမည်ဖြင့် ဂီတလောကတွင် ထင်ရှားကျော်ကြားခဲ့သည်။

သန်းဖေလေးသည် ၁၉၅၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ် ဗဟိုမှတ်ပုံတင်ဌာန၌ အရပ်သားစာရေးအဖြစ် စတင်အမှုထမ်းသည်။၁၉၅၆ ခုနှစ်တွင် ဂီတစာဆို ဘိုကလေးမြင့်မောင် ၏ မေတ္တာဇာတ်လမ်း ၊မောင်လွမ်းပြေ ၏ အပေါင်းသင်္ချာ မင်းသမီးညီမလေးရယ် စိုးရိမ်မိတယ် သီချင်းများဖြင့် အောင်မြင်ကျော်ကြားလာခဲ့သည်။၁၉၅၈ ခုနှစ်တွင် ကာကွယ်ရေးငွေစာရင်း ဝန်ရုံးမှ အင်းဝဘဏ်သို့ ပြောင်းရွေ့အမှုထမ်းသည်။ တစ်ဖက်မှလည်း တေးသီချင်းများဆက်လက်သီဆိုအသံလွှင့်ခဲ့ရာ လေရူးမလေး မိမိမော်ငယ်ကချစ်တော့ မမေ့သာသည်ကြာလေလေ ဝေးမှာစိုးတယ်လောင်းရိပ်မိသော ပန်းကလေး သီချင်းများဖြင့် ပို၍ ထင်ရှားကျော်ကြားသည်။

အနုပညာလမ်းခရီး ပြင်ဆင်ရန်

သန်းဖေလေးသည် အဆိုတော် ကိုသန်းလှိုင်စန္ဒရားလှထွတ်တို့နှင့်အတူ တေးသီချင်းများ သီဆိုအသံလွှင့်ခဲ့သည်။ 'သီတဂူ တူရိယာအဖွဲ့' ကို ကိုသန်းလှိုင်နှင့်ပူးတွဲ၍ ဦးဆောင်ဖွဲ့စည်းသည်။ ကိုယ်တိုင် သီဆိုအသံလွှင့်ခဲ့သော တေးသီချင်းအပုဒ် (၁၀၀) ခန့်​ရှိပြီး ကိုယ်တိုင်တေးသီချင်း အပုဒ် ၂၀ ခန့်ရေးသားခဲ့သည်။

သန်းဖေလေးသည် ၁၉၆၂ ခုနှစ်တွင် ဒါရိုက်တာ မင်းသား တင်ညွန့် ရိုက်ကူးသော ရန်သူ့ကျော့ကွင်း ရုပ်ရှင်ဇာတ်ကား၌ မင်းသား ရွှေဘ၊မင်းသမီး သင်းသင်းလဲ့ တို့နှင့်တွဲဖက်ကာ ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်သည်။ နောင်ဂျိန်ဖူးစာ ဇာတ်ကားတွင် မင်းသမီး ခင်သန်းနု နှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ တတိယအရွယ်၏ ဒုတိယဝေဒနာပဲခူးဆား စသည်ဖြင့်ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွင် ရုပ်ရှင်ဇာတ်ကားပေါင်း (၂၅၀) ခန့်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကိုယ်တိုင် ပထမဆုံးဒါရိုက်တာအဖြစ် ' မရယ်ပါနဲ့လွမ်းနေတယ် ' ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။

သန်းဖေလေးသည် ခေတ်အဆက်ဆက် ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမြောက်မြားစွာ၌ မင်းသား၏ညီအစ်ကိုအဖြစ်လည်းကောင်း၊ သူငယ်ချင်းအဖြစ်လည်းကောင်း ဟာသနှင့်သဘာဝနေရာမှ လိုရာအားဖြည့်ပေးခဲ့သော အနုပညာရှင်တစ်ဦးအဖြစ် ကျွမ်းကျင်စွာပါဝင်သရုပ်ဆောင်ခဲ့သည်။

သန်းဖေလေးသည် ရုပ်ရှင်လောကတွင် ဟာသနှင့်သဘာဝ သရုပ်ဆောင်အဖြစ် နှစ်အတန်ကြာရပ်တည်နေစဉ် တေးသီချင်းများကိုလည်း ဆက်လက်သီဆိုထုတ်လွှင့်သည်။ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သော တေးသံရှင်ဦးမြကြီး သီဆိုခဲ့သည့် မခင်နှင်းဆီမခင်နှင်းဆီရဲ့နှင်းဆီမခင်နှင်းဆီရဲ့ဇာတ်သိမ်းမခင်နှင်းဆီသို့ပေးစာ သီချင်းများကို မြန်မာ့ရုပ်မြင်သံကြားမှ သီဆိုဖျော်ဖြေသည်။ ကျွန်တော်နှင့် ကိုမြကြီး ခေါင်းစဉ်ဖြင့် ဦးမြကြီး၏တေးသီချင်းများကို ပြန်လည်ဆန်းသစ်သီဆိုပြီး တေးစီးရီးခွေ ထုတ်လုပ်သည်။ ဗီဒီယိုလောကတွင် ဗီဒီယိုဇာတ်ကားပေါင်း (၁၀၀) ခန့်ရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာ၊ သရုပ်ဆောင် အဖြစ်ပါဝင်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

အဆိုတော်၊ ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင်၊ဒါ​ရိုက်တာ​အဖြစ် နိုင်ငံအဝန်းထင်ရှားကျော်ကြားခဲ့သော သန်းဖေလေးသည် ၂၀၀၁ ခုနှစ်၊မတ်လ ၁၀ ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်နုနုရီနှင့် သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

  • မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၂)