သပြေကန်ဆရာတော် ရှင်ဝါသေဋ္ဌ
မြန်မာနိုင်ငံ ပရိယတ္တိသာသနာဝင်တွင် “ပရိတ်ကြီးနိဿယသစ်”ဖြင့် ပညာရှင်အများ၏ လေးစားခြင်းခံရသည်။ သာမဏေ ဘဝကပင် အစိုးရ ပထမပြန်ငယ်၊ လတ်၊ ကြီး အောင်ခဲ့ခြင်း၊ ဝိနည်း ငါးကျမ်းပါဠိတော် အာဂုံပြန်ဆိုနိုင်ခြင်းတို့ကြောင့် အလွန်ကျော်ဇောခဲ့သည်။ ရဟန်းတစ်ဝါရတွင် သံယုတ်ငါးကျမ်းကို အာဂုံပြန်ဆို၍ “သံယုတ္တဘာဏက” ဘွဲ့ ဆက်ကပ်ခံရသည်။ မန္တလေးမြို့ သကျသီဟစာချ တန်း စာလိုက်နေစဉ် အဘယာရာမဆရာတော်၏ “သဗ္ဗဒ္ဓစိန္တာဋီကာ နိဿယ” ကျမ်းဦးနိဒါန်း ရေးခွင့်ရ၍ နိဒါန်းတစ်ခုတည်းဖြင့် အဘယာရာမဆရာတော်၏ “ဓမ္မာ စရိယဘွဲ့” ချီးမြှင့်ခံရသည်။ အစိုးရဓမ္မာစရိယ စာချတန်းကို တစ်နှစ်တည်း ကျမ်းရင်းသုံးကျမ်း၊ ဂုဏ်ထူးခြောက်ကျမ်း အောင်၍ ပထမဆုံး ‘သိရော မဏိ’ဘွဲ့ ဆက်ကပ်ခံရသည်။ ဆဋ္ဌသင်္ဂါယနာတွင် ကျန်းမာရေးချို့တဲ့၍ ရှေ့တန်းမှ မပါဝင်သော်လည်း ဆဋ္ဌမူကျမ်းစာများ ကျမ်းဦးနိဒါန်းကို ပါဠိဘာသာဖြင့် ရေးသားရန် တာဝန်ပေးအပ်ခံရသည်။ ပါဠိ ဂါထာဗန္ဓ အရေးအဖွဲ့တွင် မဟာစည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတို့ကပင် လေးစားခဲ့ရသည်။ အထူးသဖြင့် ဉာဏ်ပညာထက်မြက်၍ ပရိယတ္တိ ထိပ်တန်းဘွဲ့ထူးဂုဏ်ထူးများ ရခဲ့သော်လည်း မာန်မာနကင်းခြင်း၊ နှိမ့်ချနိုင်ခြင်း၊ အလိုနည်းခြင်း၊ အကျော်အဇော မလိုလားခြင်း၊ ဝိနည်းလေးစား ခြင်းတို့ကြောင့် “သူလိုရဟန်း” ဟု မှတ်တမ်းတင်ခံရသည်။
ဝါသေဋ္ဌာဘိဝံသ၊ ရှင်၊ သပြေကန်ဆရာတော်
ပြင်ဆင်ရန်၁၉၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄-ရက် ဗုဒ္ဓဟူးနေ့တွင် ဟံသာဝတီ ခရိုင် သံလျင်မြို့နယ် ချောင်းဝရွာ၌ ဖွားသည်။ အဖ ကုန်သည် ဦးဘိုးစိန်၊ အမိ ဒေါ်အိန် ဖြစ်သည်။ ဖခင်သည် တမီလ်အနွယ်၊ မိခင်မှာ ကရင် ဖြစ်သည်။ ဖခင်သည် နောင်အခါ ရသေ့ဝတ်ဖြင့် ကျင့်ကြံအားထုတ်သည်။ မွေးချင်းညီကို သုံးယောက်တွင် အကြီးဆုံး။ အမည် မောင်လှိုင် တွင်သည်။ ညီကိုသုံးဦးလုံး သာသနာဘောင်ဝင်၍ ပရိယတ်ကျွမ်းကျင်သည်။ ၅-နှစ်အရွယ်တွင် ချောင်းဝရွာဘုန်းကြီးကျောင်း၌ သာမဏေဝတ်ဖြင့် ပညာသင်ယူသည်။ ၇-နှစ်တွင် မြန်မာစာသင်ကျောင်း ပြောင်းရွှေ့ ပညာဆည်းပူးသည်။ ၉-နှစ်တွင် မိဘများ မင်္ဂလွန်းရွာပြောင်းရာ မင်္ဂလွန် ရွာကျောင်းဘုန်းတော်ကြီး ရှင်ရေဝတထံ ရှင်ဝတ်ဖြင့် ပညာသင်သည်။ ဘွဲ့ ရှင်ဝိမလ ဖြစ်သည်။ ရှင်ဖြစ်ပြီး မကြာမီ သပြေကန်ရွာ မဟာဓမ္မိကာ ရာမတိုက် ပြောင်းရွှေ့ပညာသင်သည်။ မဟာဓမ္မိကာရာမတိုက်ဆရာတော်သည် ရှင်ဝိမလ၏ ဘွဲ့ကို “ရှင်ဝါသေဋ္ဌ” ဟု ပြင်ပေးသည်။ မဟာဓမ္မိကာ ရာမတိုက် အဂ္ဂမဟာပဏ္ဍိတ ပထမသပြေကန်ဆရာတော် ရှင်ဥက္ကံသ (၁၈၇၁-၁၉၃၈)သည် ‘သဒ္ဒါကြီးနိဿယသစ်’ ကျမ်းပြုဆရာတော် အဖြစ် ရွှေကျင်ဂိုဏ်း၌ ထင်ရှားသည်။
ရှင်ဝါသေဋ္ဌသည် ငယ်စဉ်ကပင် ဉာဏ်ပညာ အလွန်ထက်မြက်သည်။ ပဋိသန္ဓေပါ ဗီဇကောင်းမွန်သည်။ ၁၃-နှစ်အရွယ်တွင် ပထမငယ် စာမေးပွဲဝင်ရန် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဋီကာကျော်၊ ပုဒ်စစ်၊ ဘေဒစိန္တာ၊ ညဝါ၊ မာတိကာ၊ ဓာတုကထာကျမ်းများ သင်ယူပြီးစီးခဲ့သည်။ အသက် ၁၅-နှစ် မပြည့်၍ ပထမငယ်တန်း ဖြေဆိုခွင့်မရ။ ၁၅-နှစ်ပြည့်လျှင် ပထမငယ် စာမေးပွဲဖြေဆိုသည်။ ထို့ပြင် ပုဂံတောင် ဝိနည်းစာပြန်ပွဲ၊ ရန်ကုန် ကျောင်းတော်ရာ ဝိနည်းစာပြန်ပွဲများ၌ ‘ဘိက္ခုဝိဘင်း’နှင့် ‘ဘိက္ခုနီဝိဘင်း’ ၂ ကျမ်းကို အာဂုံပြန်ဆိုနိုင်ရာ “ဥဘတောဝိဘင်္ဂဓရဘွဲ့” ဆက်ကပ်ခံရသည်။ ရဟန်းတော်များပင် ပြန်ဆိုနိုင်ခဲသော ဝိနည်း ၂ ကျမ်းကို သာမဏေဝတ်ဖြင့် ပြန်ဆိုနိုင်၍ အလွန်ကျော်ဇောခဲ့သည်။ ပထမသပြေကန်ဆရာတော် ကိုယ်တိုင် အလွန်ကျေနပ်အားရ၍ ရှင်ဝါသေဋ္ဌကို ဆွမ်းမခံရစေဘဲ ပရိယတ္တိ စာပေကြိုစားအားထုတ်ရန် အခွင့်အရေးပေး ချီးမြှောက်ခဲ့သည်။
အသက် ၁၆-နှစ် ၁၉၂၆ ခုနှစ်တွင် ပထမလတ်၊ ၁၇-နှစ် ၁၉၂၇ ခုနှစ်တွင် ပထမကြီးတန်းများ အောင်မြင်ခဲ့သည်။ ၁၈-နှစ် ၁၉၂၈ ခုနှစ်တွင် ပုဂံတောင် ဝိနည်းစာပြန်ပွဲနှင့် ရန်ကုန်ကျောင်းတော်ရာစာပြန်ပွဲ၌ ‘ဥဘတောဝိဘင်း’ နှင့် ‘မဟာဝါပါဠိတော်’။ အသက် ၁၉-နှစ် ၁၉၂၉ ခုနှစ်တွင် အဆိုပါစာပြန်ပွဲနှစ်ရပ်နှင့် သပြေကန် မဟာဓမ္မိကာရာမ ဝိနည်း စာပြန်ပွဲ၌ ဝိနည်းငါးကျမ်းလုံး ပါဠိတော်များ အာဂုံပြန်ဆိုနိုင်၍ ‘ဝိနယဓရ’ ဘွဲ့ ဆက်ကပ်ခံရသည်။ ထိုအချိန်အထိ “ဝိနည်းငါးကျမ်း” အာဂုံပြန်ဆို နိုင်သူ မပေါ်သေး၍ သာသနာရေးလောကတွင် အလွန်ထင်ရှားခဲ့သည်။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်အုပ်ဆရာတော်က ရှင်ဝါသေဋ္ဌအား သာသနာ၌ အမြဲနေရန် ကတိတောင်းပြီး ရွှေကျင်သာသနာမှတ်တမ်း၌ အတ္ထုပ္ပတ္တိနှင့်တကွ မှတ်တမ်းတင်ခဲ့သည်။
အသက် ၂၀ ပြည့်ချိန် ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၃၀ ရက် ကြာသပတေးနေ့တွင် သပြေကန် မဟာဓမ္မိကာရာမတိုက်သိမ်၌ ရဟန်းဖြစ်သည်။ ဥပဇ္ဈာယ်ဆရာမှာ ပထမသပြေကန်ဆရာတော် ရှင်ဥက္ကံသ ဖြစ်သည်။ ရဟန်းဘွဲ့ ရှင်ဝါသေဋ္ဌ ဖြစ်သည်။ ရဟန်း ပထမဝါ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ စေတီယင်္ဂဏအသင်း စာပြန်ပွဲ၌ ‘သံယုတ်ငါးကျမ်း’ ပြန်ဆို အောင်မြင်သည်။ ‘ဝါသေဋ္ဌာဘိ သီရိပဝရ သာသနဓဇ သံယုတ္တဘာဏက’ ဘွဲ့ ဆက်ကပ်ခံရသည်။ ၁၉၃၁ ခုနှစ် ရဟန်း ၁ ဝါရတွင် ရန်ကုန် ကျောင်းတော်ရာ ရွှေကျင်တိုက် ဝိနည်းစာပြန်ပွဲ၌ ‘သံယုတ်ငါးကျမ်း’ကို ထပ်မံပြန်ဆို၍ ‘သံယုတ္တဘာဏက’ဘွဲ့ ထပ်မံဆက်ကပ်ခံရသည်။ ထို့နောက် ပခုက္ကူမြို့ အရှေ့တိုက်ခေါ် မဟာဝိဇယာရာမတိုက်ဆရာတော် ရှင်ဇဝန (၁၈၇၇–၁၉၅၉)ထံ ပခုက္ကူစာသင်နည်းကို နည်းခံသည်။ ပခုက္ကူတွင် ပညာသင်ကြားနေစဉ် သာမဏေအဖြစ် ဝိနည်းငါးကျမ်း၊ ရဟန်း ပထမဝါတွင် သံယုတ်ငါးကျမ်း အာဂုံပြန်ဆိုနိုင်ခဲ့၍ မဟာဝိဇယာရာမ ဆရာတော်က ဆွမ်းမခံစေဘဲ ဂရုတစိုက် ချီးမြှောက်ခဲ့သည်။ ဆိုဝါပေးသော်လည်း ကျန်းမာရေးချို့ယွင်း၍ လိုက်ဝါဖြင့် သင်ယူခဲ့သည်။
ရဟန်း ၄ ဝါရတွင် သကျသီဟစာမေးပွဲဖြေဆိုရန် မန္တလေး အဘယာရာမရွှေဂူတိုက်ဆရာတော် ရှင်အဂ္ဂဓမ္မ (၁၈၇၉–၁၉၄၃)ထံ ပြောင်းရွှေ့နည်းခံသည်။ သကျသီဟစာသင်တန်း အောင်ပြီးနောက် စာချတန်းအတွက် စာလိုက်နေစဉ် ၆ ဝါရ၌ အဘယာရာမဆရာတော်၏ အမိန့်အရ သဗ္ဗန္ဓစိန္တာမဏိ နိဿယ နိဒါန်းရေးသားခွင့်ရသည်။ အဘယာရာမဆရာတော်က နိဒါန်းကို အလွန်နှစ်သက်သဘောကျ၍ ‘ဓမ္မာစရိယ’ ဘွဲ့ထူးဖြင့် ချီးမြှောက်ခဲ့သည်။ ၈ ဝါရ ၁၉၃၈ ခုနှစ်တွင် သကျသီဟ စာချတန်း အောင်မြင်သည်။ ထို့နောက် အဘယာရာမဆရာတော်ထံတွင် သက္ကတဘာသာ၊ မောဂ္ဂလာန်သဒ္ဒါကျမ်းနှင့် အဋ္ဌကထာကျမ်းများ ဆက်လက်သင်ယူသည်။ တစ်ဘက်တွင်လည်း စွမ်းအားရှိသရွေ့ စာချနေစဉ် ဥပဇ္ဈာယ်ဆရာ ပထမသပြေကန်ဆရာတော် ပျံလွန်၍ ၁၉၃၉ ခုနှစ်တွင် သပြေကန် မဟာဓမ္မိကာရာမတိုက် ပြန်လည်သီတင်းသုံးသည်။
သပြေကန် မဟာဓမ္မိကာရာမတိုက်၌ စာသင်သံဃာ ၈၀ ခန့် ရှိသည်။ ထိုအချိန်က ပရိယတ္တိဆိုင်ရာ ထိပ်တန်း ဘွဲ့ထူးဂုဏ်ထူးများ ရပြီးသော ရှင်ဝါသေဋ္ဌအား မထေရ်ကြီးများက မဟာဓမ္မိကာရာမတိုက် ပဓာနနာယကဆရာတော်အဖြစ် တင်မြှောက်လိုကြသည်။ ရှင်ဝါသေဋ္ဌက ကျန်းမာရေးအကြောင်းပြ၍ အနုနာယကအဖြစ်သာ လက်ခံပြီး စွမ်းအား ရှိသမျှ စာချ စာကြည့်လျက် အေးချမ်းစွာ သီတင်းသုံးသည်။ စစ်မဖြစ်မီ ၁၉၄၁ ခုနှစ်တွင် ကျင်းပသော ဒုတိယအကြိမ် အစိုးရဓမ္မာစရိယ စာချတန်း စာမေးပွဲကို တစ်နှစ်တည်း ကျမ်းရင်း ၃ ကျမ်း၊ ဂုဏ်ထူး ၆ ကျမ်း၊ ပေါင်း ၉ ကျမ်းလုံး အောင်မြင်ခဲ့ရာ ‘သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (သိရော မဏိဘွဲ့’ ပထမဦးဆုံး ဆက်ကပ်ခံရသည်။
ရှင်ဝါသေဋ္ဌသည် ငယ်စဉ်ကပင် ဉာဏ်ပညာ အလွန်ထက်မြက်၍ ပါဠိတော် သို့မဟုတ် မြန်မာပြန် တစ်မျက်နှာကို နှစ်ခေါက် သုံးခေါက် ဖတ်ရုံဖြင့် အာဂုံရသည်။ အခြားသူများ၏ စာအံသံကို နားထောင်ရုံဖြင့် လွယ်လွယ်ကူကူ အာဂုံဆောင်နိုင်သည်။ ရပြီးစာကို မမေ့မလျော့ သုံးနှစ်ခန့် မှတ်နိုင်စွမ်းရှိသည်။ ပါဠိ၊ သက္ကတ စွယ်စုံရ၍ စာပေအရေးအသား ကျွမ်းကျင်သည်။ အထူးသဖြင့် ပါဠိဂါထာ အဖွဲ့အနွဲ့တွင် ထူးချွန်လှရာ ပညာရှင်များ၏ လေးစားခံရသည်။
လွတ်လပ်ရေးခေတ်ဦး ဆဋ္ဌသင်္ဂါယနာ တင်ပွဲတွင် ကျန်းမာရေးချို့တဲ့၍ ရှေ့တန်းမှ ဦးဆောင်ဦးရွက် မပါဝင်နိုင်သော်လည်း လိုအပ်ပါက တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ခဲ့သည်။ ဆဋ္ဌသင်္ဂါယနာဦးဆောင် မဟာစည်ဆရာတော် ရှင်သောဘဏ (၁၉၀၄—၁၉၈၂) က “သင်္ဂါယနာတင်စဉ်အခါက အခက်အခဲတစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါ သပြေကန်ဆရာတော် ဦးဝါသဋ္ဌနှင့် နှီးနှောလိုက်သည့်အခါတိုင်း အဖြေပေါ်ထွက်ပြီး အခက်အခဲကို လွန်မြောက်ရသည်” ဟု မိန့်ဆိုခဲ့သည်။
ဆဋ္ဌသင်္ဂါယနာတင်ကာလတွင် သင်္ဂါယနာ အကျိုးဆောင် ဝိဇ္ဇာ လင်္ကာရဆရာတော် ရှင်ဝိသုဒ္ဓ၏ တိုက်တွန်းချက်အရ “ပရိတ်ကြီး နိဿယသစ် ပြုစုခဲ့ရာ တစ်ကျမ်းတည်းဖြင့်ပင် ကျမ်းပြုဆရာတော်အဖြစ် ပညာရှင်အများ၏ လေးစားခံရသည်။ ပရိတ်ကြီးနှင့်ပတ်သက်၍ အပြည့်စုံဆုံး အထင်ရှားဆုံး အကောင်းဆုံး ကျမ်းတစ်စောင်အဖြစ် သတ်မှတ် ခံရသည်။ ထို့ပြင် မဟာစည်ဆရာတော်၏ “ဝိသုဒ္ဓိမဂ်မြန်မာပြန်” ကျမ်းဦး နိဒါနကထာအတွက် အနုဂီတိဂါထာ ၇၄ ပုဒ်၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းများ၏ နိဒါနကထာတို့ကို ပါဠိဘာသာဖြင့် စီကုံးရေးသားရန် တာဝန်ပေးအပ်ခံရရာ ဤပါဠိလက်ရာများသည် ရှင်ဝါသေဋ္ဌ၏ ပါဠိစာပေ ကျွမ်းကျင်မှုမှတ်တိုင်များဖြစ်သည်။
၁၉၇၈ ခုနှစ်တွင် ရွှေကျင်နိကာယဦးဆောင် ဆရာတော်များ၏ ဆန္ဒအရ သပြေကန် မဟာဓမ္မိကာရာမကျောင်းတိုက်မှ ရန်ကုန်မြို့ ပုဇွန်တောင် ရွှေကျင်ကျောင်းတိုက်ကို ပဓာနနာယကအဖြစ် ပြောင်းရွှေ့ တာဝန်ယူခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကုန်တိုင်း ရွှေကျင်နိကာယ ဂိုဏ်းထောက်၊ ဂိုဏ်းချုပ်၊ ထို့နောက် တွဲဖက်သာသနာပိုင် ခန့်အပ်ခံရသည်။ ထို့ပြင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့၄ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယ၊ ပိဋကတ် ဘာသာပြန်အဖွဲ့ဩဝါဒါစရိယ၊ မြန်မာစာအဖွဲ့ဩဝါဒါစရိယ၊ ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မင်္ဂလာဗျူဟာအသင်းနှင့် ပိဋကတ်ဗျူဟာအသင်း ဩဝါဒါစရိယ တာဝန်အသီးသီး ထမ်းဆောင် ခဲ့သည်။ ရဟန်းရှင်လူအများ၏ တောင်းပန်လျှောက်ထားချက်အရ ‘ပရိတ် ကြီးနိဿယသစ်’၊ ‘ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ’၊ ‘စေတီနှင့် ရိုသေမှု၊ “ဓမ္မနှင့်ဂုဏ်အဖွဲ့စုံ”၊ ‘ဥပါသကာဂုဏ်ရည် နှင့် သရဏဂုံတရားတော်’ ‘ဆဆက္ကသုတ္တန်’၊ “နိဗ္ဗာန်ချမ်းသာ” “သပြေကန်တရားပေါင်းချုပ်” စသောကျမ်းများ ပြုစုခဲ့သည်။
နိုင်ငံတော်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၈၄)၊ အဘိဓဇ မဟာရဋ္ဌ ဂုရုဘွဲ့ (၁၉၉၃)များ ဆက်ကပ်ခဲ့သည်။
သက်တော် ၈၅ သိက္ခာ ၆၅ ဝါအရ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၇-ရက် တနင်္လာနေ့ နံနက် ၇း၂၅ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံ၌ တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။ [၁]