သဘင်သည်ဘဝ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ကောင်းသောအသက်မွေးခြင်းဟု အမည်ပေးခံရသော်လည်း အဓမ္မလောဘဇောနှင့် လက်ကုန်နှိုက်တတ်သော ကုန်သည်လယ်လုပ်များမှာ ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်သောအခါ အပါယ်လေးပါးသို့ လားတတ်ကြောင်းကို သတိပေးကာ ရေးဖွဲ့ထားသည့် သံချိုကဗျာ ဖြစ်သည်။

သဘင်သည်ဘဝ ပြင်ဆင်ရန်

ဒုစရိုက်ပြမိုက်ခါ အရွှင်ကြံ၍၊
ဘဝင်္ဂ − အမြွက်တေးရယ်နှင့်၊
သဘင်ဉာဏ် အသက်မွေးသူတို့၊
ရှက်တွေးပုံ လမ်းမှန်ချင့်လျှင်ဖြင့်၊
ကျမ်းဂန်နှင့် ထောင့်ဖီလာ။

မလိမ္မာ အိမ်ရာထောင်ကြ၊
လူ့ဘောင်မှာ ဒုလ္လဘော ရယ်လို့၊
ကောင်းသောဉာဏ်ကုန်သွယ်၍၊
ကောင်းအောင်သွယ် တောင်သူလုပ်ပေခဲ့၊
ဗုဇ္ဈတိ လိုတော်ကျအောင်ပ၊
ဓမ္မပဒံကျမ်းရယ်က၊
ရဟန္တာနှုတ်တော်မြွက်ခဲ့၊
ကျမ်းသွက်သေချာ။

ကျင့်သမ္မာအာဇီဝနှင့်၊
မှီကြရန် အသက်မွေးရမယ်တဲ့၊
ဤမျှမှန်ဓမ္မစက်ပေးခဲ့ ရုပ်သေးကိုရှောင်ခွာ၍၊
ကောင်းစွာပင် တောင်သူလုပ်သော်လဲ၊
သမ္မာညီဝါဒီချုပ်ပါမှ မဟုတ်လျှင်ပိုအမိုပ၊
အကုသိုလ် ဒုကိုချစ်တော့၊
ဘယ်ဖြစ်မှမသက်သာ၊
နရက်ရွာလွတ်ခဲ။

သိပညာစာအရှိငယ်နှင့်၊
ပါဠိထင်ထင် မြွက်ပါလို့၊
အနက်ကိုဝေဖန်ညှိလိုက်လျှင်၊
ဝိသမံ မတည်ဟောပေတဲ့၊
ဤလောဘမူကြောင့်၊
ပေးအလှူဖြောင့်မရိုးပေဘု၊
တောင်းတင်းမျိုးအထွေထွေနှင့်၊
ကန်သင်းခြေ နင်းလေဘိသည့်ပြင်၊
တအိအိရေကိုယူသည့်၊ကိုတောင်သူ ဒိန္နဒါန်နှင့်၊
အရင်းမှန်ငွေတမတ်၊ တကျပ်ပါ ရုဠီတင်၍၊
လေးချိန်ခွင် လည်ဆယ်ကြံကြ၊
ဝါဏိဇ္ဇံ မောင်မုသားတို့၊
စားကြတာ တပုံစီမို့၊ ထုံဝသီလွယ်လွယ်ပ၊
ကုန်သွယ်ခါ လယ်ယာဖြင့် လုပ်နိုင်ဘု၊
အရုပ်ကို ကြိုးစုံတပ်ပါလို့၊ သမ္ဗပ္ပလာဉာဏ်နှင့်၊
ကဗျာသံအရွှင်သွယ်၍၊
သဘင်သယ်ဧကန်လုပ်ရပါတော့၊
ကျုပ်တို့ မသကာကျလျှင်ဖြင့်၊
မဟာသ နယ်တထောင့်ပါဘဲ၊
ကယ်ထောင့်ဉာဏ်အမှုနှင့်၊
ငါတောင်သူ ငါကုန်သည်ဟု၊
ရွာရုံဖွယ် ကွက်စုံရိုက်ပါလို့၊
လက်ကုန်နှိုက် ဗလာချာမောင်တို့က၊
သမ္မာယောင်ပြုပြန်၍၊
သမုဒယံ ခုခံလို့ မကြွားချင်နှင့်၊
အမှုမှန်လျှင် ဘသူ့အကြံမှ မတရားပါဘူ့၊
စတုအပါယံကို၊ ပြုသဟာကံကြောင့်၊
လားရပါလိမ့်မယ်၊ မှားကြဆင်ကွဲ။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဘဝင်္ဂံ = စိတ်။

၂။ ဒုလ္လဘော = ဖြစ်ခဲသော။

၃။ ဗုဇ္ဈတိ = ဘုရား။

၄။ သမ္မာအာဇီဝ = ကောင်းသောအသက်မွေးခြင်း။

၅။ ဝိသမံ = မသမာသော။

၆။ အဒိန္နဒါန် = ခိုးမှုကံ။

၇။ ရုဠီ = တင်စားခြင်း။

၈။ ဝါဏိဇ္ဇံ = ရောင်းဝယ်ခြင်း။

၉။ သမ္ဖပ္ပလာဉာဏ် = ရွှင်မြူးသောဉာဏ်။

၁၀။ ပဟာသ = ပဟာသငရဲ။

၁၁။ သမုဒယံ = တွယ်တာခြင်း။

၁၂။ စတုအပါယံ = အပါယ်လေးပါး။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။