ဆိုရှယ်လစ်စီးပွားရေးစံနစ်၏ဒုတိယမဏ္ဍိုင်ပြင်ဆင်

အမြတ်ကြီးရမှု မရှေးရှု၊ ရင်းနှီးငွေပေါ် အခြေမပြု၊ စေတနာအရင်းခံရသော မဇ္ဈိမပဋိပဒါလုပ်ငန်း၊ လောကီ ငြိမ်းချမ်းရေးသည် သမဝါယမ၏ ပန်းတိုင်၊ သမဝါယမသဘောတရား သမဝါယမလုပ်ငန်း၏ အခြေခံဝါဒဆယ်ရပ်၊သမဝါယမအသင်းအမျိုးမျိုး၊

သမဝါယမလုပ်ငန်းပြင်ဆင်

စီးပွားရေး၌ အောက်တန်း ကျနေသောလူတစုသည် မိမိတို့အားထိုသို့ အောက်တန်းကျအောင် ဖန်တီးနေသော စီးပွားရေးစံနစ်မျိုးက အစားထိုးရန်အတူတကွ ပူးပေါင်းလုပ်ကိုင်သောလုပ်ငန်းကို သမဝါယမလုပ်ငန်း ဟုခေါ်သည်။ ထိုသို့လုပ်ကိုင်ရာ၌ တစ်ဦးစီ၏ကောင်းကျိုးအတွက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်လိုသောလူအများ၏ စေတနာနှင့် အများကောင်းကျိုးအတွက်ဆောင်ရွက်လိုသော လူတစ်ဦးစီ၏ စေတနာမျိုးပါဖို့လိုသည်။

သမဝါယမက အင်္ဂလိပ်ဘာသာဖြင့် 'ကိုအော့ပရေးတစ်'ဟု ခေါ်သည်။ 'အတူတကွ'၊ သို့မဟုတ် ပါဠိဘာသာ ဖြင့်'သမ'ဟု အဓိပ္ပာယ်ရသော'ကို'ဟူသည့် အင်္ဂလိပ်စကားလုံးနှင့်ဆောင်ရွက်သော၊ သို့မဟုတ် ပါဠိဘာသာဖြင့်ဝါယမဟု အဓိပ္ပာယ်ရသော 'အော့ပရေးတစ်' ဟူသည့် အင်္ဂလိပ်စကားလုံးနှစ်လုံးကို ပေါင်းထားခြင်းဖြစ်၍ အတူတကွလုပ်ကိုင် ဆောင်ရွက်ခြင်းဟုဆိုရပေမည်။ သမဝါယမလုပ်ငန်းဆိုသည်မှာ လောကီ မဇ္ဈိမပဋိပဒါ လုပ်ငန်းတစ်ရပ်ပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် သမဝါယမလုပ်ငန်းသည် လောဘ၊ ဒေါသ၊ မောဟဖြင့် ခပ်ကြမ်းကြမ်းလုပ်ရသည့်လုပ်ငန်းလည်းမဟုတ်၊ အရိယာ များမှသာပယ်ဖြတ်နိုင်သည့် လောဘ၊ ဒေါသ၊ မောဟကို အတင်းပယ်ဖြတ်ပြီး အသာအယာလုပ်ရသည့်လုပ်ငန်း မျိုးလည်းမဆိုသာ၊ ထိုလုပ်ငန်းနှစ်ခုကြားရှိလုပ်ငန်းဖြစ်၍ မဇ္ဈိမပဋိပဒါလုပ်ငန်းဟုခေါ်ခြင်းဖြစ်သည်။ အခြားတစ်နည်း ဖြင့်ပြောရမည်ဆိုသော် သမဝါယမလုပ်ငန်းသည် စီးပွားရေးမပါဘဲ ဝံသာနုရက္ခိတ ခေါ် အမျိုးသားစောင့်ရှောက် ရေးသက်သက်လည်းမဟုတ်၊ စီးပွားရေးတစ်ခုတည်းကိုသာ ရှေးရှုပြီး လုပ်ကိုင်သောလုပ်ငန်းဟုလည်းမဆိုသာ၊ ယင်းနှစ်ခု စပ်ကြားတွင်ရှိသော မဇ္ဈိမပဋိပဒါ လုပ်ငန်းဖြစ်သည်။

ထို့ကြောင့် သမဝါယမလုပ်ငန်းကို ဒီမိုကရေစီနိ်ုင်ငံရော ကွန်မျူနစ် နိုင်ငံများကပါ လက်ခံဆောင်ရွက်နေ ကြခြင်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် သမဝါယမလုပ်ငန်း သည်ငွေရင်းကို အခြေခံမပြု၊အမြတ်ကြီးရမှုကိုရှေးမရှု၊ လူ့အဖြစ်ကိုအခြေခံပြုပြီးလျှင် အချင်းချင်းပေါင်းသင်းဆက်ဆံရေးတိုးတက်မှု၊ ကိုယ်ကျင့်တရား မပျက်ပြားမှုနှင့် ဝေစားမျှစားစီးပွားရေး တိုးတက်မှုကိုသာ ရှေးရှုသောလုပ်ငန်းဖြစ်သည်။

သမဝါယမလုပ်ငန်းများ စနစ်တကျ မထွန်းကားမီ အခါက ကုန်လုပ်ရေးအင်အားစုတွင် (၁)မြေပိုင်ရှင်၊ (၂)အလုပ်သမား၊ (၃)အရင်းရှင်နှင့် (၄)ကုန်သည်များ ပါဝင်သဖြင့် ကုန်ထုတ်မှုမှထွက်ပေါ်သော အကျိုးအမြတ်ကို ထိုအင်အားစုကသာလျှင် ဝေခြမ်းလျက် (၁)မြေပိုင်ရှင်ကမြေခကိုယူစေ၊ (၂)အလုပ်သမားကလုပ်ခကိုယူစေ၊ (၃)အရင်းရှင်ကအတိုးကိုယူစေ၊ (၄)ကုန်သည်ကအမြတ်ကိုယူစေ ဟု ဘောဂဗေဒပညာရှင်များက ဆုံးဖြတ်ကြသည်။

သို့ရာတွင် သမဝါယမပညာရှင် များကမူ ကုန်တစ်ခုဖြစ်မြောက်ရေးတွင် ပထမအင်အားစုသုံးစု ပါဝင်ကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း ကုန်ပေါ်မှ အကျိုးအမြတ် ဖြစ်ထွန်းအောင် ဆောင်ရွက်ရာတွင် ကုန်ရောင်းသောကုန်သည်ဈေးသည်များသာပါဝင်ကြသည် မဟုတ်။ ကုန်စားသုံးသူများက စားသုံးမှသာလျှင် ထိုအကျိုးအမြတ်ဖြစ်ပေါ်နိ်ုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အကျိုးအမြတ်ဖြစ်ပေါ်သောဘောဂကို ခွဲဝေလျှင် ကုန်စားသုံးသူများပါ ရထိုက်သည်ဟုဆိုသည်။ ထို့ကြောင့် စားသုံးသူများပါ အကျိုးခံစားခွင့်ရသော သမဝါယမလုပ်ငန်း ပေါ်ပေါက်လာလေသည်။

သမဝါယမအစ ၊၊ ၊၊ ရှေးပဝေဏီကပင် သမဝါယမလုပ်ငန်းကို ကိုယ့်နည်းနှင့် ကိုယ်လုပ်ဆောင်ခဲ့ကြကြောင်း အထောက်အထား များတွေ့ရသည်။ တရုတ်နိုင်ငံတွင်သမိုင်းပေါ်စကပင် သမဝါယမ လုပ်ငန်းများရှိခဲ့ကြောင်းဖြင့်အချို့သမဝါယမပညာရှင် များကဆိုသည်။ ရုရှနိုင်ငံတွင်လည်းလွန်ခဲ့သည့်နှစ်ပေါင်း ၁ဝဝဝ ကျော်ကပင်'မား'ဟုခေါ်သော လယ်ယာပြဿနာ ဖြေရှင်းရေး ကျေးလက်အဖွဲ့များနှင့် 'အာတယ်'ဟုခေါ်သော လက်မှုပညာ ကုန်လုပ်သူများ၏အသင်းများရှိခဲ့သည်။ ထို့အတူ ယူဂိုစလားဗီးယားနိုင်ငံမှ'ဇာဒဂရုဂ'များ၊ ဆွစ်ဇာလန်နိုင်ငံမှ 'ဖရူတီယာ'များ၊ အိုင်ယာလန်နိုင်ငံမှ'နော့'များနှင့် အိန္ဒိယနိုင်ငံမှ'နိဒိ'များလည်း သမဝါယမလုပ်ငန်း ဆောင်ရွက်သောအဖွဲ့အစည်းများဖြစ်ကြသည်။ လူတို့သည် စုပေါင်း စိုက်ပျိုးရိတ်ခူးရောင်းဝယ်သည့်အလေ့ကို ရှေးနှစ်ပေါင်းများစွာကပင် လုပ်ကိုင်ခဲ့ကြသည်မှာမှန်၏။ သို့ရာတွင် ထိုသို့ ဝိုင်းဝန်းလုပ်ကိုင်သူတိုင်း ယင်းလုပ်ငန်းမှအကျိုးအမြတ်ကို ညီတူညီမျှခံစားထိုက်သည်ဟု အချို့ကယူဆကြသည်။ အချို့ ကမူလုပ်ငန်းမှ အကျိုးအမြတ်ခံစားလိုက ခံစားလိုသူတိုင်း လုပ်ငန်းတွင် အစုဝင်၍လုပ်ငန်းမှထွက်ကုန်ကိုထိုသူတို့ပင် ဝိုင်းဝန်း စားသုံးသင့်သည်ဟုဆိုသည်။ ဤအဆိုပြုချက် များသည် လက်တွေ့လုပ်ကြည့်သည့် အခါမဖြစ်နိုင်ဟုအချို့က ဆိုကြ ပြန်သည်။ အလုပ်သမားရော စားသုံးသူတို့ပါ အကျိုးခံစားနိုင်ခွင့် ရှိစေမည့်လုပ်ငန်းမျိုးကိုဗြိတိသျှအလုပ်ရုံပိုင်ရှင် ရောဗတ်အိုဝင် (ခရစ်၁ရရ၁•၁၈၅၈)ဆိုသူကစတင်လုပ်ကိုင်လိုက်သည်။

သူနှင့်တစ်ခေတ်တည်း၌ပင် ဒေါက်တာဝီလျံ ကင်းဆိုသူ ဗြိတိသျှလူမျိုးသမားတော်ကြီးသည် ကိုအော့ပရေးတား ခေါ် မဂ္ဂဇင်းတစ်စောင်ရေးသားထုတ်ဝေလေသည်။ ထိုမဂ္ဂဇင်း၌ အလုပ်သမားများသည်သူတို့၏ စက်များကိုသူတို့ပိုင်သင့် ကြောင်းဖြင့် အထောက်အထားပြ၍ ရေးသားထားလေသည်။ ဤသည်တို့ကား မျက်မှောက်ခေတ်သမဝါယမ လုပ်ငန်းအစဖြစ်ချေသည်။ ၁၈၄၄ ခုနှစ်က အင်္ဂလန်ပြည် ရော့ခဒေးမြို့တွင် ရက်ကန်းသမား ၂၈ ဦးက ဒေါ်လာငွေ ၁၄ဝစု၍တည်ထောင်သော သမဝါယမဆိုင်သည် မျက်မှောက်ခေတ် သမဝါယမလုပ်ငန်း၏ ပထမဆုံးသော စားသုံးသူ သမဝါယမဆိုင်ဖြစ်သည်။

မြန်မာ့သမဝါယမ ၊၊ ၊၊ မြန်မာနိုင်ငံသို့မူ ၁၉ဝ၄ ခုနှစ်ကမှ သမဝါယမ လုပ်ငန်းစတင်ရောက်ရှိလာသည်ဟုဆိုရပေမည်။ မြန်မာနိုင်ငံ ကိုဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၏ လက်အောက်တွင် ပြည်နယ်တစ်နယ်အဖြစ်ထားရှိလေသည်။ အိန္ဒိယနိုင်ငံ တောင်သူလယ်သမားများသည် ၁၈ဝဝ ပြည့်နှစ် ခန့်တွင် စီးပွားရေးကြပ်တည်းမှုနှင့် အပြင်းအထန် ကြုံတွေ့ကြပြီးလျှင် အစာငတ်မွတ်ခေါင်းပါးသည့် ဒုဘိက္ခန္တရကပ် ဆိုက်ရောက်၍သေဆုံးပျက်စီးကြလေသည်။ ထိုအခါ အိန္ဒိယနိုင်ငံ အစိုးရသည် စိုက်ပျိုးရေးစုံစမ်းမှုအဖွဲ့တစ်ခုဖွဲ့၍ အစီရင်ခံစာ တင်သွင်းစေသည်။ သို့ရာတွင်ထိုအဖွဲ့၏ အစီရင်ခံစာကိုမကျေနပ် သဖြင့် ၁၉ဝဝ ပြည့်နှစ်တွင် စုံစမ်းရေးအဖွဲ့တစ်ခု ထပ်မံခန့်ထားပြန်သည်။ ထိုအဖွဲ့ကဂျာမဏီနိုင်ငံမှ 'ရိုက်ဖဲဆင်' အသင်းမျိုးတည်ထောင်ရန်အကြံပေးသည်ကိုလက်ခံ၍ အိန္ဒိယတစ်နိုင်ငံလုံးတွင် သမဝါယမအသင်းများ တည်ထောင်ရန် ဥပဒေပြုရေးအတွက် အက်ဒွပ်လောအား ဥက္ကဋ္ဌပြု၍ ကော်မီတီတစ်ခုဖွဲ့လေသည်။ ထိုကော်မတီမှရေးဆွဲပေးသော အက်ဥပဒေကို ၁၉ဝ၄ ခုနှစ်တွင် သမဝါယမ ငွေစုငွေချေးအသင်းများဆိုင်ရာ အက်ဥပဒေဟူ၍ အတည်ပြုကာအိန္ဒိယ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်စေသည်။ ယင်းသို့ဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်နယ်ဖြစ်သော မြန်မာနိုင်ငံသို့ထိုနှစ်မှစ၍ သမဝါယမငွေစုငွေချေးအသင်း အက်ဥပဒေရောက်ရှိလာလေသည်။ ထိုအက်ဥပဒေအရ သမဝါယမမင်းကြီးတစ်ဦးခန့် ထားကာပထမဦးစွာ ငွေချေး အသင်း ၁၂သင်းတည်ထောင်သည်။ ၁၉ဝ၈ ခုနှစ်အကုန်တွင် အသင်း ၈၁ သင်းအထိ တိုးတက်လာခဲ့သည်။

မြန်မာနိ်ုင်ငံ သမဝါယမငွေချေးလုပ်ငန်းတွင် ကျေးလက်လယ်ယာဆိုင်ရာငွေချေးလုပ်ငန်းနှင့် မြို့မငွေချေး လုပ်ငန်းဟူ၍ နှစ်ပိ်ုင်းရှိရာ ၁၉၂၃•၂၄ ခုနှစ်များတွင် ကျေးလက်လယ်ယာဆိုင်ရာ ငွေချေးအသင်းပေါင်း ၄၂၁၁ သင်းရှိလေသည်။ သို့ရာတွင် ထိုအသင်းများ၏လုပ်ငန်းမှာ ၁၉၂ရ ခုနှစ်ကစ၍ သိသိသာသာ ဆုတ်ယုတ်ပျက် ပြားခဲ့လေသည်။ အစိုးရခန့်အရာရှိများဦးရေနည်းသဖြင့် အသင်းတစ်သင်းသို့အရာရှိတစ်ဦးသည် လေးနှစ်ခန့်ကြာမှ တစ်ကြိမ်ရောက်နိုင်ခြင်း၊ အသင်းလူကြီးတစ်ချို့၏ စည်းကမ်း ဥပဒေမစောင့်စည်းခြင်း၊ အသင်းသားများစည်းကမ်းပျက်ခြင်း၊ ကမ္ဘာ့စည်းပွားရေးကြပ်တည်း မှုစတင်ဖြစ်ပွားနေခြင်းတို့ ကြောင့်ဖြစ်သည်။ အသင်းသားများကသက်ဆိုင်ရာ အသင်းများသို့ ချေးငွေပြန်မဆပ်နိုင်ရာမှအစ မန္တလေးဘဏ် ကြီးကိုဖျက်သိမ်းရသည်အထိ ရောက်ရှိသွားလေသည်။ ယင်းသို့ တဖြည်းဖြည်းအသင်းများပါဖျက်သိမ်းလိုက်ရသောအခါ ၁၉၃၆ ခုနှစ်တွင် ကျေးလက်လယ်ယာငွေချေးအသင်း ၁ရ၄၉ သင်းသာတည်တံ့ကျန်ခဲ့လေသည်။

၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်မဖြစ်မီအတွင်း ပြုပြင်ရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် ကြိုးပမ်း သော်လည်း စစ်ဖြစ်လာသဖြင့်အကျိုးရှိသင့်သလောက်မရှိချေ။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်တို့ သိမ်းပိုက်ထားစဉ် ဆန်များများထွက်လိုဇောနှင့် ဂျပန်တို့သည် မြို့နယ်တိုင်းတွင် သမဝါယမငွေစုငွေချေးနှင့် စုပေါင်း ရောင်းဝယ်ရေး အသင်းများတည်ထောင်စေသည်။ အစိုးရအနေ နှင့်လည်း အသင်းများသို့ ငွေလေးသန်းမှငါးသန်းအထိ ချေးခဲ့သည်။ သို့ရာတွင် ထိုလုပ်ငန်းသည် ၁၉၄၄ ခုနှစ်ရောက်မှ အစပျိုးနိုင်ခဲ့သဖြင့် ဂျပန်ခေတ်တွင်ကျေးလက်ငွေချေးနှင့် စုပေါင်းရောင်းဝယ်ရေးအသင်းပေါင်း ၂၅ဝ ခန့်ဖွဲ့စည်းနိုင်ခဲ့ သည်မှအပထူးထူးထွေထွေအောင်မြင်ခြင်းမရှိခဲ့ချေ။ ၁၉၄၆ ခုနှစ်တွင် ဖ၊ ဆ၊ ပ၊ လအဖွဲ့ချုပ်ကြီး၏ ကြိုးပမ်းချက်ဖြင့် နိ်ုင်ငံတွင်းရှိ လူငယ်လူရွယ်ကလေးများ အားသမဝါယမသင်တန်းများပေးခြင်း၊ နယ်တွင်သမဝါယမ စုပေါင်းရောင်းဝယ်ရေးအသင်းများဖွဲ့စည်းခြင်းပြုခဲ့သည်။ ၁၉၄ရ ခုနှစ်၌ ဆိုရန်တိုဗီလာစီမံကိန်းရေးဆွဲခဲ့ရာ တစ်နိုင်ငံလုံးတွင် သမဝါယမအသင်းများ တည်ထောင်ရန်စီမံကိန်း တစ်ခုလည်း ပါလေသည်။ ထိုစီမံကိန်းအရဆောင်ရွက်ရာ တနှစ်အကြာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မှတ်ပုံတင်းပြီးကွန်ကိုးပေါင်း ရဝ၅ရ သင်းရှိ၍ အသင်းဝင်ပေါင်း သုံးသန်းခွဲရှိလာလေသည်။ အစိုးရသမဝါယမဌာနကလည်း သမဝါယမအသင်းများမှတ်ပုံတင်ခြင်း၊ စာရင်းစစ်ခြင်း၊ အထွေထွေအုပ်ချုပ်ခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် မကြာမီ နိုင်ငံတော်သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေး ဘုတ်အဖွဲ့ကြီးနှင့်ခရိုင်သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေး အဖွဲ့များ ပေါ်ပေါက်လာလေသည်။

ထိ်ုဘုတ်အဖွဲ့ကြီးက၊ နိုင်ငံအတွင်း၌သမဝါယမ အဖွဲ့ချူပ်ကြီးတစ်ခု စနစ်တကျဖြစ်ပေါ်လာရေးအတွက် သမဝါယမ စီမံကိန်းတခုရေးဆွဲကာ ၁၉၅၁ ခုနှစ်တွင် အစည်းအဝေးကြီး ကျင်းပအတည်ပြုလေသည်။ ယင်းစီမံကိန်းကို သမဝါယမငါးနှစ်စီမံကိန်းဟုခေါ်သည်။ ၁၉၅၁ ခုနှစ်ဧပြီလတွင် အသစ်ဖွင့်လှစ်သော အစိုးရသမဝါယမဝန်ကြီးဌာနက ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ဆောင်ရွက်သွားလေသည်။ ၁၉၅၃ခုနှစ် ဧပြီလတွင်တစ်ဖန် သမဝါယမပြည်လုံး ကျွတ်ညီလာခံခေါ်၍ ငါးနှစ်စီမံကိန်းကို အခြေအနေနှင့် ကိုက်ညီနိုင်သမျှကိုက်ညီအောင် ပြုပြင်ကြသည်။

ယင်းစီမံကိန်းအရ သမဝါယမလုပ်ငန်း၏စည်းရုံးရေး၊ စုံစမ်းစစ်ဆေးရေး၊ ပညာပေးရေး ကိစ္စများကို ပြည်ထောင်စုသမဝါယမကောင်စီက ဆောင်ရွက်၍ စီးပွားရေးကိစ္စများကို ပြည်ထောင်စုလက်ကားသမဝါယမ အဖွဲ့ချုပ်၊ ပြည်ထောင်စုယက်ကန်းလက်ကားအဖွဲ့၊ ပြည်ထောင်စုအင်းလက်ကားအဖွဲ့စသည်တို့က ဆိုင်ရာဆိုင်ရာ ဆောင်ရွက်ကြသည်။ ပြည်ထောင်စုသမဝါယမ ကောင်စီလက်အောက်တွင် ခရိုင်သမဝါယမကောင်စီ၊ မြို့နယ် သမဝါယမကောင်စီ များရှိ၍ ပြည်ထောင်စု လက်ကား သမဝါယမအဖွဲ့ချုပ်လက်အောက်တွင်လည်း ခရိုင်လက်ကားအဖွဲ့၊ မြို့နယ်လက်ကား အဖွဲ့များရှိသည်။ ယင်းသို့ဆောင်ရွက်ခဲ့ကြရာ ၁၉၅၅ ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့အတွင်း မှတ်ပုံတင်ပြီး သမဝါယမ အသင်းပေါင်း ၁၁၉၉၅ သင်းရှိ၍ ၁၉၆၁ ခုနှစ်ဇွန်လတွင် အသင်းပေါင်း ၁၄၈ရ၅ သင်းရှိသည်ကို တွေ့ရသည်။

သမဝါယမပညာပေးရေးအတွက် နိုင်ငံတော် အစိုးရတို့က သမဝါယမကျောင်းကိုလည်းဖွင့်လှစ်၍ သမဝါယမ ဌာန၌အမှုထမ်းသူများအားသင်တန်းပေးလေသည်။ ခရိုင်ဝန် ရုံးစိုက်မြို့များသို့လည်း လှည့်လည်၍ ရက်တိုသင်တန်း များပေးလေသည်။ စီးပွားရေးသမဝါယမပညာကိုလည်း နိုင်ငံတွင်းရှိ အစိုးရကျောင်းများ၌ တက္ကသိုလ်ဝင်တန်းများတွင် သင်ကြားပို့ချပေးလေသည်။

သမဝါယမသဘောတရား ၊၊ ၊၊ သမဝါယမလုပ်ငန်းသည် အမည်နှင့်လိုက်အောင် ထူးခြားသောသဘောတရားကိုလည်း ဆောင်လျက်ရှိသည်။ ယင်း၏ ထင်ရှားသောသဘောတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁)ဤလုပ်ငန်းအားဖြင့် ထွက်ပေါ်လာသော အကျိုးအမြတ်များသည် ပုဂ္ဂလိကသဘောအားဖြင့် လူတစ်ဦးစီ၊သို့မဟုတ် လူတစ်စုစီထံသို့သာစုပုံသွားစေရသည် မဟုတ်ဘဲ၊ လူအများထံသို့သာ သမမျှတစွာသွားစေရမည်။ (၂)လူတိုင်းအား အဆင့်အတန်း၊ ငွေအင်အားမခွဲခြားဘဲ သာတူညီမျှအခွင့်အရေးရရှိစေရမည်။ သမဝါယမလုပ်ငန်းတွင် လူတစ်ဥိီးစီ၏အခြေအနေနှင့်သူတစ်ဦးစီ၏ တန်ဖိုးကိုငွေနှင့် ဖြတ်သည်မဟုတ်ဘဲ အားလုံးသောအရည်အချင်းနှင့်သာ တန်ဖိုးဖြတ်လေသည်။ (၃)လူအချင်းချင်းခေါင်းပုံဖြတ်ခြင်း၊ အမြတ်ကြီး ထုတ်ခြင်းနှင့် အပြိုင်အဆိုင်လုပ်ခြင်းတို့ကို ရှောင်ကြဉ်ကြရသည်။ သမဝါယမလုပ်ငန်းတွင် သာမန်ကုန်သွယ်လုပ်ငန်းမျိုးမရှိချေ၊ သာမန်ကုန်သွယ်လုပ်ငန်းကဲ့ သို့လူတစ်ဦး၊ သို့မဟုတ် လူတစ်စုက ငွေရင်းစိုက်ထုတ်ပြီးကုန်များကို ဝယ်ယူ သိုလှောင်လျက် မိမိနှင့်အကျိုးတူမဟုတ်သောအခြားလူများအား အကန့်အသတ်မရှိ အမြတ်တင်ရောင်းချခြင်းမျိုးကို ကင်းစွာပြုကျင့်ရသည်။

(၄)သမဝါယမလုပ်ငန်းသည် ဗလငါးတန်ကြီးပွားမှုကို လုပ်ကိုင်နိုင်သောနည်းတစ်နည်းဖြစ်ရမည်။ လုပ်ငန်းမှပေါ် ပေါက်လာသောငွေပိုများ (အမြတ်ငွေများ) ကိုဗလငါးတန် ဖွံ့ဖြိုးရေးအတွက်ပါခွဲဝေအသုံးပြုရမည်။ ထိုသို့မဟုတ်ဘဲ မိမိတို့အချင်းချင်းသာ ခွဲဝေသုံးစွဲသောလုပ်ငန်းသည် သမဝါယမသဘော တရားကင်းမဲ့သော အသင်းအဖွဲ့သာ ဖြစ်သည်။ (၅)လူတစု၏ အာဏာသုံးမှု၊ ဥပဒေထုတ်မှုကြောင့် မလုပ်မနေရသဖြင့်လုပ်ရသောသဘောမျိုးသည် သမဝါယမ တွင်မပါဝင်ရချေ။ အထက်ပါ သမဝါယမသဘောတရား ငါးခုပေါ်လွင်မှုအတွက် လူတို့သည် သီးခြားဝါဒများကိုသတ် မှတ်လိုက်နာကာ အသင်းအဖွဲ့ အစည်းအရုံးအမျိုးမျိုးကို ဖွဲ့စည်းလုပ်ကိုင်ကြသည်။

သမဝါယမအသင်းများ ၊၊ ၊၊ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့၌ သမဝါယမ အစည်းအရုံးအမျိုးမျိုးကို ဖွဲ့စည်းထားကြသည်။ သို့ရာတွင် ထို အစည်းအရုံးများအား မည်သို့အမျိုးအစားခွဲရမည်ကို ဆုံးဖြတ်ထားခြင်းမရှိ၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူချေ။ အချို့ က ထိုအသင်းများ၏ လုပ်ကိုင်သော အလုပ်လိုက်ခွဲ၍ အချို့ကထိုအသင်းဝင်မျာုး၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို လိ်ုက်၍ ခွဲခြားခြင်းပြုသည်။ စံနစ်အကျဆုံးသောအမျိုးခွဲနည်းမှာ အယ်စမစ်ဂေါ်ဒန်နှင့်စီအိုဗရိုင်အင်ဆိုသူ ပုဂ္ဂိုလ်နှစ်ဦး ၏ခွဲနည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးက ကမ္ဘာပေါ်၌ရှိသမျှသော သမဝါယမအဖွဲ့အစည်းများကို အဓိကအားဖြင့် အမျိုးကြီး နှစ်မျိုးသာခွဲခြားထားသည်။ ယင်းသို့ခွဲခြားရာ၌ အသင်းဝင်တို့၏အသက်မွေးဝမ်းကျောင်းအရမဟုတ်ဘဲ၊ ထိုသူတို့ ပါဝင်သည့် အသင်းကလုပ်သည့် အလုပ်အလိုက်သာ ခွဲခြင်းပြုသည်။ အဓိကခွဲခြားထားသောသမဝါယမနှစ်မျိုးမှာ (၁)ကုန် လုပ်ရေးသမဝါယမ၊ (၂)ကုန်စားသုံးရေး သမဝါယမဟူ၍ဖြစ်သည်။ (၁)ကုန်လုပ်ရေးသမဝါယမ(က)ဝတ္ထုပစ္စည်းများကိုလုပ်ခြင်း၊ (ခ)ဝန်ထမ်းမှုအမျိုးမျိုးပေးခြင်း။ (က)ဝတ္ထုပစ္စည်းများကိုလုပ်ခြင်း။ ကုန်လုပ်သူများ ကုန်လုပ်သောအသင်း (ပုံပမာ•လယ်ယာ၊ ခြံ၊ ဥယျာဉ် စုပေါင်းစိုက်ပျိုးခြင်း၊ တိရစ္ဆာန်စုပေါင်းမွေးမြူခြင်းစသည့် ကုန်ကြမ်းလုပ်သူများအသင်း)။ ကုန်များကိုတသီးပုဂ္ဂလလုပ် ပြီးမှအသင်းတွင်စုရောင်းသောကုန်လုပ်သူများ၏ သမဝါယမကုန်ရောင်းအသင်း (ပုံပမာ•တစ်သိီးပုဂ္ဂလ ကြက်ဥဖောက် ၍လည်းကော်း ၊အသီးအနှံစိုက်ပျိုး၍ လည်းကောင်း၊ တိရစ္ဆာန်မွေးမြူ၍လည်းကောင်း၊ အသင်းတွင် စုရောင်းခြင်း၊ စပါးကိုဆန်ကြိတ်၍လည်းကောင်း၊ မြေပဲကို ဆီကြိတ်၍လည်းကောင်း၊ သစ်သီးကိုယိုထိုး၍ လည်းကောင်း၊ နွားနို့ကို နို့ဆီထောပတ်လုပ်၍ လည်းကောင်း၊ ဝါဂွမ်းကို အထည်လုပ်၍လည်းကောင်းရောင်းခြင်း)။ စားသုံးသူများအသင်း (ပုံပမာ• စားသုံးသူများစုပေါင်းအသင်းဖွဲ့၍ လက်လီ လက်ကားဆိုင်များတည်ထောင်ထားခြင်း၊ စားသုံးသူများ စုပေါင်း၍ ကုန်ချောလုပ်သော စက်ရုံတည်ထောင်ခြင်း၊ စားသုံးသူများစုပေါင်းအသင်းဖွဲ့၍ အသင်းပိုင်မြေပေါ်တွင် ကိုတိုင်စိုက်ပျိုးလုပ်ကိုင် ပြီးလျှင်ထွက်လာသော လယ်ယာ မြေထွက် ပစ္စည်းများကိုစားသုံးခြင်း)။ (ခ)ဝန်ထမ်းမှုအမျိုးမျိုးနှင့်ဆိုင်သောအသင်း• သမဝါယမ အကျိုးခံစားထိုက်သော ဆင်းရဲသားလူတန်းစားများ၏ ကောင်းစားရေးကိုရှေးရှု၍ လုပ်သောသမဝါယမ ဝန်ထမ်းအလုပ်များနှင့်ဆိုင်သောအသင်းများဖြစ်သည်။ (ပုံပမာ• ပုံနှိပ်စက်အလုပ်သမားများစုပေါင်း၍ ဖွဲ့စည်းထားသောသမဝါယမ စာပုံနှိပ်စက်အသင်း၊ မော်တော်ယာဉ်အလုပ်သမားများ စုပေါင်း၍ ဖွဲ့စည်းထားသော သမဝါယမမော်တော်ယာဉ်အသင်း၊ ကုန်တင်ကုန်ချအလုပ်သမားများ စုပေါင်း၍ဖွဲ့စည်းထားသော ကုန်တင်ကုန်ချလုပ်သားသမဝါယမအသင်း)။ (၂) ကုန်စားသုံးရေးသမဝါယမများ (က)ဝတ္ထုပစ္စည်းစားသုံးခြင်း။ (ခ) ဝန်ထမ်းမှုစားသုံးခြင်း။ (က)ဝတ္ထုပစ္စည်းစားသုံးခြင်း• အိမ်သုံးပစ္စည်းများကို စားသုံးသော အသင်းများ(ပုံပမာ•သမဝါယမ ကုန်စုံဆိုင်အသင်းများ)။ ကုန်လုပ်သူများ၏ ကုန်ကြမ်း ကုန်ချောဝယ်အသင်းများ၊ (ပုံပမာ•ငပိလုပ်သူများ၏ ဆားဝယ်အသင်း၊ ရက်ကန်းသည်များ၏ခြည်ဝယ်အသင်း စသည်)။ ဝန်ထမ်းသမားများ၏ ပစ္စည်းဝယ်အသင်းများ (ပုံပမာ•မော်တော်ယာဉ်ပို့သူများ၏ မော်တော်ယာဉ်ပစ္စည်း ဝယ်အသင်းများ) ဖြစ်ကြသည်။ (ခ)ဝန်ထမ်းမှုကိုစားသုံးသောအသင်းများ• ချေးငွေဖြင့် ယုံကြည်မှုကို စားသုံးသောအသင်းများ (ပုံပမာ•ငွေချေး အသင်းများ၊ ဘဏ်များ)။ အာမခံဖြင့်ကူညီမှုကို စားသုံးသောအသင်းများ၊ (ပုံပမာ•လူ့အသက်အာမခံအသင်း၊ ကျွဲနွား အသက်အာမခံအသင်း)။ လူ့အသုံးအဆောင် ဝန်ထမ်းမှုကိုစားသုံးသောအသင်း။ (ပုံပမာ•အိမ်ငှားသူများ သမဝါယမ၊ လျှပ်စစ်ဓာတ်အားသုံးသူများ သမဝါယမ၊ ဆံပင်ညှပ်ဆိုင် သမဝါယမ) တို့ဖြစ်သည်။ သမဝါယမအသင်းများကို ဖွဲ့ကြရာတွင်လူများသည် ရပ်ကွက်အလိုက်၊ မြို့ရွာအလိ်ုက် သီးခြားစီဖွဲ့ကြ၏။ ယင်းသို့ အသင်းများများပြားလာသောအခါ သီးခြားစီလုပ်ကိုင်သည်ထက် စုပေါင်းလုပ်ကိုင်ပါက ဝါဒဖြန့်သောကိစ္စ၊ ပညာပေးသောကိစ္စ၊ ကုန်ရောင်းဝယ်မှုကိစ္စ၊ ငွေရေးကြေးရေးကိစ္စ၊ စာရင်းအင်း စစ်ဆေးခြင်းကိစ္စတို့တွင် ပိုမိုခရီး ရောက်နိုင်မည်ကို စိတ်ကူးမိလာပြီးလျှင် မြို့နယ်အဖွဲ့၊ ခရိုင်အဖွဲ့ နိုင်ငံလုံးဆိုင်ရာအဖွဲ့ချုပ်အထိ ဖွဲ့စည်းလုပ်ကိုင်ကြသည်။ အချို့နိုင်ငံမျိုးတွင်အလုပ်တစ်မျိုးလျှင် အဖွဲ့ချုပ်တစ်ခုကျနှင့် တစ်နိုင်ငံတွင် အဖွဲ့ချုပ်နှစ်ခုသုံးခုထက်မနည်းရှိကြသေးသည်။ ဗြိတိန်နိုင်ငံတွင်ကုန်ရောင်းကုန်ဝယ်၊ ကုန်ထုတ်လုပ်ငန်း သက်သက်လုပ်သော 'စီ၊ဒဗလျူ၊အက်စ' ခေါ် သမဝါယမ လက်ကား အဖွဲ့ချုပ်ကြီးနှစ်ခုနှင့်ကုန်လုပ်အသင်းများ၏ အဖွဲ့ချုပ်ရှိကြပြီးလျှင် ထိုအဖွဲ့ချုပ်များသည် ဗြိတိသျှ နိုင်ငံလုံးဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးတွင် ဖက်စပ်ပူးပေါင်းလုပ်ကိုင်ကြပြန်သည်။

နိုင်ငံလုံးဆိ်ုင်ရာ သမဝါယမအဖွဲ့ချုပ်သည် အခြေခံအသင်းများ၏သန့်ရှင်းမှုနှင့် အသင်းသားများ၏ သမ ဝါယမဉာဏ်ရင့်သန်မှုအတွက်တာဝန်ယူ၍ အလုပ်လုပ်ရသည်။ လက်ကားအသင်း၏ တာဝန်မှာ အခြေခံအသင်း များမှ အလိုရှိသောကုန်ပစ္စည်းများကို လုပ်နိုင်သမျှလုပ်၍ဖြစ်စေ၊ နိုင်ငံခြားမှသွင်း၍ဖြစ်စေ၊ လက်ကားဈေးနှင့်ဖြန့်ဖြူး ရခြင်းဖြစ်သည်။ ထို့အပြင်လက်ကားအသင်းသည် အခြေခံအသင်းများ၏ငွေပိုများကိုသိမ်းဆည်းပေးခြင်း၊ လိုငွေများ ကိုထုတ်ချေးခြင်း၊ အာမခံလုပ်ငန်းများကို လုပ်ပေးခြင်းစသောကိစ္စများကို နိုင်နင်းပြေပြစ်စွာ ဆောင်ရွက်ပေးလေသည်။

ဆိုဗီယက်ရုရှနိုင်ငံတွင် 'ဆင်ထရိုဆိုယု'ခေါ် နိုင်ငံလုံးဆိုင်ရာအဖွဲ့ချုပ်သည်နိုင်ငံအတွင်းရှိ သမဝါယမအသင်း များ၏အကြံပေးကိစ္စ၊ ဝါဒဖြန့်ရေးကိစ္စ၊ စာရင်းအင်းစစ်ဆေးရေး ကိစ္စနှင့်ကုန်ရောင်းဝယ်ရေး၊ ကုန်ထုတ်ရေးကိစ္စ စသော ကိစ္စအားလုံးကိုတာဝန်ယူဆောင်ရွက်ရသည်။ ဂျာမဏီနိုင်ငံတွင် ရိုက်ဖဲဆင်ဘဏ်များ၏အဖွဲ့ချုပ်၊ ရှူးလဇဘဏ်များ၏အဖွဲ့ချုပ်၊ ဟတ်ဇဘဏ်များ၏အဖွဲ့ချုပ်၊ ကုန်ဆိုင်အသင်းများ၏ ဆင်ထရယ်ဗာဗင်ခေါ်အဖွဲ့ချုပ်၊ ရိတ်စဗာဗင်ခေါ် အဖွဲ့ချုပ်များသည် အသီးသီး မိမိတို့ဝါဒအလိုက်လုပ်ဆောင် ခဲ့ကြသော်လည်း ထိုအဖွဲ့ချုပ်များပေါင်းစပ်၍ တစ်မျိုးသားလုံး ဆိုင်ရာအဖွဲ့ချုပ်ကြီးမျိုးကားမရှိချေ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပထမ ပြုလုပ်ထားပြီးဖြစ်သောအစီအစဉ်အရမူ ခရိုင်တိုင်းတွင် ရှိသမျှသော သမဝါယမအသင်းအမျိုးမျိုးကိုစုပေါင်းကြလျက် ခရိုင်ယူနီယံအဖွဲ့များကိုဖွဲ့စည်းစေပြီးလျှင် ခရိုင်ယူနီယံ များမှတစ်ဆင့် ပြည်ထောင်စုမြန်မာနိ်ုင်ငံ သမဝါယမ ကောင်စီကိုဖွဲ့စည်းစေသည်။ ထိုအဖွဲ့ချုပ်နှင့်ခရိုင်အဖွဲ့များသည် အသင်းသားများ၏ ဉာဏဗလ တိုးပွားရေးနှင့် ဘောဂဗလ တိုးတက်ရေးကိုဆောင်ရွက်သွားရသည်။ ထိုအခါနိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်သည် နိုင်ငံတွင်းရှိသမျှသော သမဝါယမ လုပ်ငန်းအရပ်ရပ်ကို နိုင်ငံလူထု၏ကောင်းစားရေး ရှေးရှုလျှက်ဆောင်ရွက်သွားရန်ဖြစ်သည်။ သို့ရာတွင် ထိုအစီအစဉ်ကို ပြင်ပြီးလျှင် စီးပွားရေးအသေးစိတ်ကိစ္စကို လက်ကားအဖွဲ့များကကိုင်လျက် ပညာရေး စသည်တို့ကို ကောင်စီများကကိုင်ခဲ့ကြသည်။

ယင်းသို့နိုင်ငံအတွင်း အသင်းများစုပေါင်းအဖွဲ့ ဖွဲ့စည်းရုံမျှမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ သမဝါယမအချင်းချင်း လည်း ကမ္ဘာ့ငြိမ်းချမ်းရေးကိုရှေးရှု၍ ပူးပေါင်းဆောင်ရွက်ကြ သေးသည်။ ၁၈၉၅ ခုနှစ်က စတင်ဖွဲ့စည်းလိုက်သော အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကြီး (အိုင်၊စီ၊အေ၊) သည်နိုင်ငံအချင်းချင်း သမဝါယမလုပ်ငန်းနှင့်စပ်လျဉ်းသော သတင်းပေးခြင်း၊ထင်မြင်ယူဆချက်များကို နှီးနှောခြင်း စသည့်အလုပ်များကိုလုပ်ကိုင်ခဲ့လေသည်။ ဒုတိယကမ္ဘာ စစ်မဖြစ်မီကလေး၌ပင် နိုင်ငံပေါင်းများစွာပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သမဝါယမလက်ကား ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသော်လည်း အရှိန်မရမီ စစ်နှင့်ကြုံ လိုက်သဖြင့်မအောင်မြင်ချေ။

သမဝါယမဝါဒ၊၊ ၊၊ သမဝါယမအသင်းတွင် လူတန်းစားခွဲခြားမှု မထားချေ။အသင်းသားတိုင်းသည် အသင်း၏ပြင်ပ တွင်မည်သည့် အဆင့်အတန်းရှိစေကာမူ မိမိတို့၌တူညီသော လိုအပ်မှုကို ဖြည့်တင်းနိုင်ရန်ရှေးရှု၍ လုပ်ဆောင်ကြခြင်းဖြစ်သဖြင့် အဆင့် အတန်းခွဲခြားမှုပပျောက်သွားလေသည်။ တူညီသောလိုအပ်မှုကို ရရှိရေးအတွက်တစ်ဦးအတွက်အများ၊ အများ အတွက်တစ်ဦးက ညီညွတ်စွာဆောင်ရွက်ကြရသည်။ အသင်းဝင်ဦးရေ မည်မျှရှိရမည်ဟု ကန့်သတ်ထားခြင်းမရှိချေ၊ သမဝါယမလုပ်ငန်းနှင့်သက်ဆိုင်သောသူများ လိုက်နာကျင့်သုံးရသည့် ဝါဒစည်းမျဉ်းများရှိသည်။ သမဝါယမ ဝါဒသည် အခြေခံဝါဒနှင့် လုပ်ငန်းစဉ်ဝါဒ ဟူ၍ နှစ်မျိုးရှိသည်။ သမဝါယမအခြေခံဝါဒ ဆယ်ရပ်ရှိသည်။ ယင်းတို့မှာ • (၁)လူတို့၏ဗလငါးတန်ဖွံ့ဖြိုးမှုကို ရှေးရှုရမည်။ (၂)လုပ်ငန်းထူထောင်ရာ၌ ငွေရင်းထက်လူမှန်သမျှ တူညီကြသည်ဟူသော လူ့အဖြစ်လူ့ဘဝကို အခြေခံပြုရ မည်။ (၃)သမဝါယမအစည်းအရုံးသည် ဒီမိုကရေစီ အစည်းအရုံးဖြစ်ရမည်၊ (၄)ငွေရင်းအင်အားနည်းပါးသူများ၏ အစည်းအရုံး ဖြစ်ရမည်၊ (၅)လူအချင်းချင်း ခေါင်းပုံဖြတ်ပြီး အမြတ်ကြီး ထုတ်သောလုပ်ငန်းမဟုတ်စေရ၊ (၆)ကုန်လုပ်သူနှင့် စားသုံးသူကြား မလိုအပ်သော အပိုလူမပါနိုင်သမျှ မပါအောင်ဖယ်ရမည်။ (ရ) ချွေတာစုဆောင်းရမည်။ (၈) ရိုးသားမှုကို အရင်းအနှီးပြုရမည်။ (၁ဝ)ကိုယ့်ဒူးကိုယ်ချွန်ဝါဒရှိရမည် ဟူ၍ဖြစ်သည်။ ယင်းအခြေခံဝါဒများအပြင် သမဝါယမအသင်း အဖွဲ့များအလုပ်လုပ်ရာတွင် အမှုဆောင်အဖွဲ့များကလိုက်နာ ဆောင်ရွက်ရသောလုပ်ငန်းစဉ်ဝါဒများရှိသေးသည်။ ယင်းတို့မှာ•

အထွေထွေလုပ်ငန်းစဉ်ဝါဒ၊၊ ၊၊ (၁)အသင်းပိုင်အစု ရင်းနှီးငွေကို ကန့်သတ်ခြင်းမပြုရ။ (၂)အသင်းအဖွဲ့ဝင်စာရင်းကိုမပိတ်ရ။ (၃)အသင်းဝင်တစ်ဦး၏ အစုငွေကိုကန့်သတ်ရမည်။ (၄)အသင်းဝင်များ၏အစုငွေရင်းပေါ်တွင် ပေးသောအမြတ်ကိုကန့်သတ်ပေးရမည်။ (၅)အသင်းဝင်များသည် အသင်း၏စီမံအုပ်ချုပ်ရာတွင် မဲဆန္ဒညီတူညီမျှပေးနိုင်ရမည်။ (၆)အမြတ်မှ သီးသန့်ရန်ပုံငွေထုတ်ထားရမည်။

ကုန်လုပ်ရေးဆိုင်ရာလုပ်ငန်းစဉ်ဝါဒ၊၊ ၊၊ (၁)အလုပ်သမားအသီးသီးအား အစုငွေထည့်ဝင်စေရမည်။ (၂)စီမံအုပ်ချူပ်မှု၌ ပါဝင်ဆောင်ရွက်ခွင့်ပြုရမည်။ (၃)လုပ်အားအလျောက်နှင့်အစုငွေအလျောက် အမြတ်ငွေခွဲဝေပေးရမည်။ စားသုံးရေးဆိုင်ရာလုပ်ငန်းစဉ်ဝါဒ (၁)အသင်းဝင်တစ်ဦးလျှင် မဲဆန္ဒတစ်ခုသာ ပေးနိုင်ခွင့်ရှိခြင်း။ (၂)ယောကျာ်းနှင့်မိန်းမတူညီသောအခွင့်အရေးရရှိခြင်း။ (၃)အစုရှင်အား နှုန်းသေကန့်သတ်၍ အတိုးပေးခြင်း။ (၄)အစုငွေရင်းပေါ်၌ပေးသောအတိ်ုးနှင့်စရိတ်များနုတ်ပြီး နောက် ကျန်သောအမြတ်ငွေကို အသင်းဝင်များအား သူတို့၏ကုန်ဝယ်အင်အားအလျောက်ခွဲဝေပေးခြင်း၊ (၅)ကုန်များရပ်ရွာပေါက်ဈေးအတိ်ုင်းရောင်းခြင်း။ (၆)ကုန်များလက်ငင်းငွေချေစံနစ်နှင့်ရောင်းခြင်း။ (ရ)အစည်းအဝေးများကိုမှန်မှန်လုပ်၍ အသင်းကြီး၏ ကြီးပွားရေးအတွက် မှန်မှန်ဆွေးနွေးတိုင်ပင်ခြင်း။ (၈)စာရင်းအင်းများကို မှန်မှန်ရေးသွင်း၍ အသင်းဝင်များအားမှန်မှန်တင်ပြခြင်း။

သမဝါယမပန်းတိုင်၊၊ ၊၊ သမဝါယမလုပ်ငန်း၏ ပန်းတိုင်သည် လောကီ ငြိမ်းချမ်းမှုဖြစ်သည်။ လောကီငြိမ်းချမ်းမှုဆိုသည်မှာလူတို့အဖို့ မရှိမဖြစ်သည့်အစားအသောက်ပေါများမှု၊ အဝတ်အထည် ပေါများမှုနှင့်နေရာထိုင်ခင်း ပေါများမှုဟူသောပေါများမှုသုံးခု နှင့်မပြည့်စုံသမျှကာလပါတ်လုံးလူတို့သည် ငြိမ်းချမ်းမှုကို မရနိုင်ကြချေ။ သမမျှတခြင်းမရှိသောစီးပွားရေးစံနစ်ထွန်းကား နေသမျှကာလပါတ်လုံးလူအများသည် ပေါများမှုသုံးခုနှင့်ကြုံတွေ့ ခံစားရမည်မဟုတ်ချေ။ ပေါများမှုသုံးခုပြည့်စုံရန်သမ မျှတသောသမဝါယမလုပ်ငန်း အောင်မြင်ဖို့လိုအပ်လေသည်။ သမဝါယမပန်းတိုင်ကိုဆွတ်ခူးနိုင်ရန် သမဝါယမ လုပ်ငန်းတွင် အချုပ်အားဖြင့်အောက်ပါ လုပ်ငန်းစဉ်ငါး ရပ်ရှိသည်။ (၁)ကုန်စားသုံးသူများနှင့်လက်မှုပညာ ကုန်လုပ် သမားကလေးများအား အရင်းရှင်အင်အားစုများ၏သွေးစုတ်မှု၊ လက်ဝါးကြီးအုပ်မှုများမှ ကာကွယ်ပေးခြင်း။ (၂)အသင်းသားများအား အနည်းငယ်စီ ချွေတာစုဆောင်းနိုင်စေကြပြီးလျှင် ထိုသို့စုဆောင်းမိသော ဘုံပိုင်ရင်းနှီး ငွေဖြင့်အသင်းသားများ၏ ရင်းနှီးငွေကို ဖန်တီးပေးခြင်း။ (၃)တိုင်းသူပြည်သားတို့၌တွေ့ကြုံတတ်သော စီးပွားရေးဆိုင်ရာ အခက်အခဲပြဿနာကိုဖြေရှင်းရန်နည်းကောင်း တစ်ခုဖြစ်စေခြင်း။ (၄)အဆင့်အတန်းနိမ့်ကျသော နိုင်ငံများတွင် နေထိုင်မှုအဆင့်အတန်း မြင့်အောင်စုရုံးဆောင်ရွက်ခြင်း။ (၅)စီးပွားရေးဒီမိုကရေစီခေါ်လူအများလုပ်ရသော စီးပွားရေးလုပ်ငန်းအကြောင်းကို လူအများလက်တွေ့လေ့ လာဆည်းပူးနိုင်စေရန်ဆောင်ရွက်ရခြင်း။ အထက်ပါ လုပ်ငန်းစဉ်ငါးရပ်ကို မျက်ခြည်မပြတ် ဆောင်ရွက်နိ်ုင်မှသာ သမဝါယမပန်းတိုင်သို့ အောင်မြင်စွာ ရောက်နိုင်ကြပေသည်။ သမဝါယမလုပ်ငန်းများသည် လူတစ်ဥိီးတစ်ယောက်တည်း အကျိုးအတွက်ပြုလုပ်သည်မဟုတ်ဘဲ လူအများ သာတူညီမျှအကျိုးခံစားရေးအတွက် ဗလငါးတန်ဖွံ့ဖြိုးမှုကို ရှေးရှု၍ လုပ်ကိုင်သောလုပ်ငန်းဖြစ်သဖြင့် အစိုးရတို့က အထူးအားပေးလေသည်။ အမေရိကန်ပြည်ထောင်စု၌ ကက်ပါးဗောလစတက် အက်ဥပဒေ ၁၉၆၂ ခုနှစ်ဖီဒရယ်အစိုးရ အခွန်တော်အက်ဥပဒေ စသည်တို့ကိုပြဋ္ဌာန်း၍လည်း လယ်ယာ လုပ်ငန်းဆိုင်ရာသမဝါယမများကို အခွန်တော်အချို့မှ လွတ်ငြိမ်းခွင့်ပေးထားလေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)