သမားတော်
သမားတော်
ပြင်ဆင်ရန်သမားတော်ဟူရာ၌ သမားဟူသောအမည်သည် အများနှင့်သက်ဆိုင်သော အမည် ဖြစ်၏။ သက်ဆိုင်ပုံအား အလုပ်သမား၊ လက်သမား ဇာတ်သမား၊လယ်သမားစသည်တို့ဖြစ်၏။ သို့ရာတွင် အခြား အမည်များမှာ သမား၏ရှေ့ကလုပ်ငန်းကိစ္စနှင့်ဆက်စပ်သော အလုပ် • လက် • ဇာတ် • လယ်ဟူသော အမည်များနှင့်တွဲဖက်၍ သုံးစွဲမှ အဓိပ္ပာယ်ပြည့်စုံသည်။ ဆေးသမားအမည်မှာကား သမား၏ရှေ့က လုပ်ငန်းကိစ္စနှင့်ဆက်စပ်သော ဆေးဟူသော အမည် နှင့်တွဲဖက်၍သုံးစွဲသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ အဓိပ္ပာယ်ပြည့်စုံသည်။ ဆေးသမားဟူသောအဓိပ္ပာယ်ကို လူတိုင်း သိနိုင်၏ဟုဆိုလိုသည်။ တော်ဟူသောစကားမှာလည်း အရှင်သခင်ဖြစ်သောပုဂ္ဂိုလ်၊ ရိုသေလေးမြတ်အပ်သောပုဂ္ဂိုလ် အမည်နှင့် ရိုသေလေးမြတ်အပ်သော အရာဝတ္ထုတို့ အမည်၏နောက်ကတွဲဖက်၍ သုံးစွဲသောစကားဖြစ်၏။ ပုံစံကား မှူးတော်၊ မတ်တော်၊ အကြီးတော်၊သားတော် သမီးတော်၊ ဆရာတော်၊စေတီတော်၊ကျောင်းတော်၊ အိမ်တော်၊ နန်းတော် စသည်တို့ဖြစ်၏။ ထိုအတွက် ဘုရင်မင်းမြတ်တို့၏ သမားကို ရိုသေလေးမြတ်အပ်သော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သမား ဟူသောအမည်၏နောက်ကတော်ဟူသော စကားကိုတွဲဖက်၍ သမားတော်ဟု ခေါ်ဝေါ်သုံးစွဲကြသည်။
သမားတော်ဟုခေါ်ဝေါ်သုံးစွဲရာ၌လည်း သတ္တဝါတို့ ခန္ဓာကိုယ်ကြီး၌စွဲကပ်နေသော ရိုးရိုးအနာ ရောဂါတို့ကို ကုသသောဆေးသမားကိုသာ သမားတော်ဟုခေါ်ဝေါ်သုံးစွဲကြ သည်မဟုတ် 'ရဟန်းတို့၊ ဆေးသမားဟူသောအမည်ကား ငါဘုရား၏အမည်တော်ဖြစ်၏'ဟု ဟောတော်မူသောအရာ၌ ခန္ဓာ • အာယတန • ဓာတ်ပဋိစ္စသမုပ္ပါဒ်တို့အကြောင်းနှင့် အကျိုးဆက်စပ်လျက်ဖြစ်ပျက်နေသောသတ္တဝါတို့ခန္ဓာကိုယ်ကြီး၌ စွဲကပ်နေသော သံသရာဝဋ်ဆင်းရဲအနာရောဂါကြီးကို မသိမမြင်ခြင်းအဝိဇ္ဇာနှင့် လိုချင်တပ်မက်ခြင်း တဏှာ အမြစ်အရင်းနှစ်ပါးနှင့်တကွ ပျောက်ကင်းချမ်းသာအောင်တရား တော်ဆေးဖြင့်ကုသတော်မူသော မြတ်စွာဘုရားကိုလည်း သမားတော်ဟုခေါ်ဝေါ်သုံးစွဲကြသည်။ ဤသမားတော်ဟူသော အမည်ကားဆေးသမားကိုခေါ်ဝေါ်သောအမည်ဖြစ်၏။
ဆေးသမားတို့အင်္ဂါကား သက်ကြည့်ဗေဒင်၊ တတ်မြောက်မြင်လျက်၊ ဆင်ခြင်ထောက်ရှု၊ ဆေးကုလိမ်မာ၊ ဆေးစာများမြောင်၊ ကျမ်းစောင်စောင်ကို၊ တတ်ခေါင်တွင်ကျယ်၊ ချစ်ဖွယ်ရှိခြင်း၊ သီတင်းဖြူစင်၊ ကျင့်စုံလင်အံ့၊ ဤအင်္ဂါငါး၊ မယွင်းပါးသည်၊ သမားပဏ္ဍိ၊ ကဝိမျက်စံ၊ ဂုဏ်လောက်ငံကိုဟု ရာဇနီတိကျမ်း၌လာသည်ကိုပြဆိုထားသော နရသုခိလင်္ကာ အရ (၁)နက္ခတ်ဗေဒင်၌ကျွမ်းကျင်လိမ်မာခြင်း၊ (၂)ဆေးဝါးကုသမှု၌ ကျွမ်းကျင်လိမ်မာခြင်း၊ (၃)ဆေးကျမ်းအမျိုးမျိုးကို ကြည့်ရှု မှတ်သားဗဟုသုတများခြင်း၊ (၄)ကြည်ညိုဖွယ်ရုပ်ဆင်း သဏ္ဌာန်နှင့်ပြည့်စုံခြင်း၊ (၅)အကျင့်သီလနှင့်ပြည့်စုံခြင်း ဟူ၍ငါးပါးဖြစ်၏။ ဤအင်္ဂါငါးပါးနှင့်ပြည့်စုံမှ လူရှင်အများ အားထားမှီခိုရာ ဆေးသမားကောင်းဖြစ်နိုင်သည်။
ဆေးသမားတို့သည် ပိဏ္ဍောဆရာ၊ ဓာတ်ဆရာ၊ အဘိဓမ္မာဆရာ၊ နက္ခတ်ဗေဒင်ဆရာ၊ အနာပေါက်ဆရာ၊ မှော်ဆရာ၊ ပယောဂဆရာစသည်ဖြင့် ကျွမ်းကျင်သောပညာ အစိတ်အပိုင်းကိုအစွဲပြု၍၊ သို့မဟုတ် ကုသသောအနာရောဂါကို အစွဲပြု၍၊ သို့မဟုတ်အရပ်ဒေသ ဂိုဏ်းဂဏစသည်ကို အစွဲပြု၍ မည်မျှပင်အမည်သညာများပြားနေသော်လည်း ပညာရပ်အနေ ဖြင့်အကျဉ်းချုပ်လျှင်(၁)သမား(၂)ဟူးရားဟူ၍နှစ်မျိုးရှိ၏။ သမားကားဖော်စပ်သောဆေးဝါးဖြင့်၊ သို့မဟုတ် အာဟာရ ဓာတ်စာဖြင့်ကုသသောဆရာဖြစ်သည်။ ဟူးရားကားနက္ခတ် ဗေဒင်နည်းဖြင့် တွက်၍ရသောအာဟာရဓာတ်စာဖြင့် သို့မဟုတ် ဓာတ်ရိုက်ခြင်း၊ ယတြာပြုခြင်း၊ သို့မဟုတ်၊ မှော်ပညာဖြင့်သို့မဟုတ်၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊မန္တရား၊ ပရိတ်တော်ဖြင့်ကုသသောဆရာဖြစ်သည်။
တစ်နည်း (၁)ပိဏ္ဍောဆရာ၊ (၂)ဓာတ်ဆရာ၊ (၃)နက္ခတ်ဗေဒင်ဆရာ၊ (၄)ဟူးရားဆရာဟူ၍ လေးမျိုးရှိ၏။ ပိဏ္ဍော ဆရာကားဖော်စပ်သောဆေးဝါးဖြင့် ကုသသောဆရာ ဖြစ်သည်။ ဓာတ်ဆရာကားအာဟာရဓာတ်စာဖြင့် ကုသသော ဆရာဖြစ်သည်။ နက္ခတ်ဗေဒင်ဆရာကား နက္ခတ်ဗေဒင်နည်းဖြင့် တွက်၍ ရသောအာဟာရဓာတ်စာဖြင့် သို့မဟုတ်ဓာတ်ရိုက် ခြင်း ယတြာပြုခြင်းဖြင့်ကုသသောဆရာဖြစ်သည်။ ဟူးရားဆရာကား မှော်ပညာဖြင့်၊ သို့မဟုတ်အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ၊ ဂါထာ၊ မန္တန်၊ မန္တရား၊ ပရိတ်တော်ဖြင့်ကုသသော ဆရာဖြစ်သည်။ ထိုသို့ခွဲခြားထားသော်လည်း ကုသရာ၌ ခွဲခြားနေရသည်မဟုတ်၊ အနာရောက်ရာဆေးချက်ဆိုသည့် အတိုင်း အနာရောဂါကိုကြည့်၍ မိမိတို့ဉာဏ်စွမ်းရှိသမျှ နည်းအမျိုးမျိုးဖြင့်ကုသကြရသည်။ မှော်ဆရာနှင့် ပယောဂဆရာကားမထူးခြား၊ ပညာကိုစွဲ၍ မှော်ဆရာ၊ကုသသောအနာ ကိုစွဲ၍ ပယောဂဆရာဟု ခေါ်ဝေါ်သုံးစွဲကြသည်။
မှော်ပညာကား ထွက်ရပ်ပေါက်ဝိဇ္ဇာများကို အစွဲပြု၍ လည်းကောင်း၊နတ်များကိုအစွဲပြု၍လည်းကောင်း၊ဂိုဏ်းဂဏ အများအပြားပင်ရှိသည်။ မှော်ပညာဖြင့် မှော်သွင်းထားသူကို မှော်ဆရာခေါ်သည်။ မှော်သွင်းရာ၌ အာဏာပိုင်ဆရာက မှော်သွင်းမည့်တပည့်အား ကျင့်ဝတ်တစ်ပါးတည်သည်၊ နှစ်ပါးသုံးပါးတည်သည်၊ ဂတိပြုသစ္စာခံစေ၍နတ်ချစ်သော ဆေး သို့မဟုတ်အင်း၊ စမစသည်တို့ကိုရေး၍တိုက်သည်။ နောက်တပည့်အား မှော်ပညာနှင့်သက်ဆိုင်သောနတ်များ ကိုပေးအပ်ပြီးသောအခါကိစ္စပြီး၍ မှော်ဆရာဖြစ်သွားသည်။ ဆေးကုသောအခါ အာဏာပိုင်ဆရာကပေးထားသော ဆေးဖြင့် သို့မဟုတ် ပေးအပ်ထားသောနတ်များအကူအညီဖြင့်ကုသသည်။ သို့ရာတွင်မှော်ပညာမှာဂိုဏ်းဂဏအများ အပြားရှိလျက် ကုသနည်းလည်းအများအပြားရှိသည်။ မှော်ဆရာကား ပုစ္ဆန်းခေါ်နတ်ဝင်ဖြစ်သည်။ ယခုပြဆိုအပ်သော ဆရာများသည်ပင် ဘုရင်မင်းမြတ်က၊ သို့မဟုတ်အစိုးရက ကြည်ညိုလေးစားသဖြင့် ဂုဏ်ထူးဘွဲ့ထူးမြို့စားရွာစား အဖြစ်ချီး မြှောက်သောအခါ သမားတော်ဖြစ်လာသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက ဆရာဇီဝကသည် ရာဇဂြိုဟ်ပြည်ကြီးရှင် ဗိမ္ဗိသာရမင်း ကြီး၏သမားတော်ဖြစ်၏။ ဆေးကုသရာ၌ သူမတူအောင် ကျွမ်းကျင်လိမ်မာ၏။ ကံကြောင့်ဖြစ်သောအနာကို ချန်လှပ်၍ ကြွင်းသော အနာဟူသမျှကို ဆေးတစ်ကြိမ်ပေးကာမျှဖြင့် ပျောက်ကင်း၏။ တစ်နေ့သောအခါ ဗိမ္ဗိသာရမင်းကြီး ၏မြင်းသရိုက်အနာကို ကုသရာပျောက်ကင်းသဖြင့်မင်းကြီးက ဆရာဇီဝကအားနှစ်သက်သောနေရာ၊ ဘိုးတော်တို့ အမွေဖြစ်သောသရက် ဥယျာဉ်၊ တစ်နှစ်လျှင်အခွန် တစ်သိန်းရသော မြို့ရွာနှင့်အသုံးအဆောင်တို့ကို ပေး၍ ချီးမြှောက်တော်မူ၏။ ဆရာဇီဝက သည်ဘုရားအမှူးရှိသော ရဟန်းသံဃာ တော်တို့၏အလုပ်အကျွေး သမားတော်လည်း ဖြစ်သည်။
ငါးရာ့ငါးဆယ်နိပါတ်တော်သိဝိဇာတ်၌ ဆေးဆရာ သိဝိကသည် သိဝိမင်းကြီး၏သမားတော်ဖြစ်၏။ ဆေးကု သရာ၌ကျွမ်းကျင်လိမ်မာ၏။ တစ်နေ့သောအခါ သိဝိမင်း ကြီးသည် မျက်မမြင်အလှူခံပုဏ္ဏားအားမျက်စိတော်နှစ်လုံးကို လှူလိုသဖြင့် ဆေးဆရာသိဝိကကိုခေါ်၍ မျက်စိတော်တို့ကို ထုတ်စေ၏။ ဆရာသိဝိကသည်ထားဖြင့်ခွဲစိတ်၍မထုတ် ဘဲ ဆေးရည်ဆေးမှုန့်တို့ဖြင့်ကြာညိုလက်ကိုသုတ် လိမ်းပြီးလျှင် မျက်စိအတွင်းသို့သွင်း၍ မျက်စိပတ်ပတ်လည်လာ သောအခါမျက်စဉ်းခတ်ပြန်၍ အပြင်သို့ထွက်လာသောအခါမှ လက်ဖြင့်ယူကာ မျက်ကြော တို့ကိုဖြတ်ပြီးလျှင် မင်းကြီး လက်တော်သို့ထည့်၍လှူစေသည်။ ဤသို့လျှင် သိဝိမင်းကြီးနှင့် ဗိမ္မိသာရမင်းကြီးတို့၌ သမားတော်များရှိသကဲ့သို့ရှေး ရှေးမင်း တို့၌လည်း သမားတော်များရှိ၏ဟု ယူဆထိုက်သည်။
မြန်မာနိုင်ငံ၌လည်း တကောင်းခေတ်၊ တကောင်းပြည် ဇမ္ပူဒီပဓဇရာဇာမင်းလက်ထက် ဘွဲ့တံဆိပ်တစ်ထောင် ခြောက်ဆယ် ပေးရာဝယ် ဟူးရားနှင့်ဆေးသမားများ ပါဝင်သဖြင့် သမားတော်ရှိကြောင်းသိရသည်။ ပုဂံခေတ်ပုဂံပြည် အနော်ရထာမင်းစော လက်ထက်မှစ၍ နရသီဟပတေ့ (တရုတ်ပြေး) မင်းလက်ထက်တိုင်အောင်ဟူးရားဖြူ၊ ဟူးရားညိုတို့ မင်းအဆက်ဆက် ၌ရှိလာသည်ကို ထောက်သဖြင့် သမားတော်များ ရှိကြောင်းသိရသည်။
(ဤ၌ဟူးရားဖြူကား ပုဏ္ဏား သမားတော်ဖြစ်၍ ဟူးရားညိုကား မြန်မာသမားတော်ဖြစ်သည်။) စစ်ကိုင်း၊ ပင်းယခေတ၊် အင်းဝခေတ်၊ ကုန်းဘောင် ခေတ်တို့၌လည်း သမားတော်များရှိသည် ဟုယူဆထိုက်သည်။ အထောက် အထား ကား အရည်းကြီးများနှင့်ပွဲကျောုင်း ဘုန်းကြီးများသည် နက္ခတ်ဗေဒင်ပညာနှင့်ဆေးပညာ စသည်တို့ကို သင်ကြား ပေးကြခြင်းဖြစ်သည်။ ထို့ကြောင့်ထိုအခါက ဗေဒင်ပညာနှင့် ဆေးပညာကျောင်းများရှိကြောင်းထင်ရှားသည်။ ဆေးပညာသင်ကြားရာ၌လည်း အနည်းဆုံး လေးငါးနှစ်သင်ကြားမှတတ်မြောက်၍ ဆရာကောင်း သမားကောင်းဖြစ်နိုင်သည်။ သင်ကြားသောပညာကား ခန္ဓာကိုယ်၏ အစိတ်အပိုင်း ၊ပိဏ္ဍောဆေး၊ ဓာတ်စာ၊ နက္ခတ်ဗေဒင်၊ ရာသီဥတု စသည်တို့ကိုပြဆိုထားသော ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ဗေဒင်ကျမ်းများဖြစ်သည်။ အချို့သင်ကြားသော ပညာကား မှော်၊ ပယောဂ၊ အင်းအိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ မန္တရားစသည်တို့ဖြစ်၏။ ကျမ်းစာသင်ကြားရုံနှင့်မပြီး သေး၊ ကုထုံးအမျိုးမျိုးတို့ကို ကျွမ်းကျင်တတ်မြောက်သည့်ဆေးဆရာကြီးတို့နောက်က ဆေးအိတ်ကိုလွယ်၍ လိုက်ကာ လူနာစမ်းသပ်နည်း၊ ကုသနည်းတို့ကိုလည်းလက်တွေ့သင်ကြားရပြန်၏။ ထိုသို့ သင်ကြားမှ ဆရာကောင်းသမား ကောင်းဖြစ်နိ်ုင်သည်။ မင်းတုန်းမင်းနှင့်သီပေါမင်း လက်ထက်သို့ ရောက်သောအခါ ဆေးပညာမှာအထွတ်အထိ်ပ်သို့ ရောက်လာသဖြင့် သမားတော်များသည်ပိုမိုထင်ရှားလာ၏။ ဘုရင်မင်းမြတ်ခန့်ထားသော သမားတော်ဖြစ်ရန်မလွယ်ကူချေ။ အလွန်တတ် မြောက်ကျွမ်းကျင်၍ ကျော်စောသော ဆရာများကိုသာ ရွေးချယ်ကာ သမားတော်အဖြစ် ခန့်ထား တော်မူသည်။ ခန့်ထား ရာ၌-
(၁)သမားတော်ကြီးများမျိုးရိုးဖြစ်ရမည်။ (၂)လူနာ့ထံတွင် စာတွေ့ကိုယ်တွေ့ တတ်မြောက် ကြောင်း ထင်ရှားပြနိုင်စေရမည်။ (၃)သုံးဦးမှ ကိုးဦးအထိပါဝင်သော ဘုရင့် သမားတော်အဖွဲ့မှပြုလုပ်သော စာမေးပွဲအောင်မြင်နိုင်စေရမည်။ ဟူ၍အင်္ဂါသုံးပါးနှင့်ပြည့်စုံစေရမည်။ ယင်းအင်္ဂါသုံးပါးနှင့်ပြည့်စုံသော်လည်း (၁)အတွင်းဝန်၊ (၂)ရွှေတိုက်ဝန်၊ (၃)သံ တော်ဆင့်မင်း၊ (၄)စာရေးတော်ကြီး၊ (၅)ဝန်ထောက်မင်း၊ ဤအရာရှိကြီးငါးဦးတို့က ထောက်ခံသူ ဖြစ်ရမည်။ ဤ ဆိုအပ်ပြီးသော အရည်အချင်းနှင့် ပြည့်စုံသောသူတို့ကိုသာ ဘုရင်မင်းမြတ်က သမားတော်အဖြစ် ခန့်ထားတော်မူသည်။ ဘုရင်မင်းမြတ် ခန့်ထားခြင်းခံရသူများကသာ သမား အမည်၏နောက်ကတော်တပ်၍'သမားတော်'ဟု အခေါ်ခံရ သည်။ ထို့ပြင်'နေမျိုးဘိသက္ကရာဇာ'၊ 'မင်းထင်ဘိသက္ကရာဇာ'၊ 'မဟာဘိသက္ကရာဇာ'စသော ဘွဲ့များကိုရကြ၏။ အဆင့်အတန်း အလိုက်မြို့ရွာများကိုလည်းအပိုင်စားကြရ၏။ ယင်းမြို့ရွာမှ ထွက်သော အခွန်ဘဏ္ဍာများကိုလခအဖြစ်ရကြ၏။ မင်းတုန်းမင်းနှင့်သီပေါမင်းတို့ လက်ထက်ရောက်မှသာ လခကြေးငွေပေးခြင်းကိုစတင်ပြုလုပ်တော်မူ၏။ ထို့ပြင် သမားတော်တို့သည် နန်းတွင်း၌ပြုလုပ်သော ပွဲလမ်းသဘင် မင်းခမ်းမင်းနားသို့ကြွရောက်ရန် ဘိတ်ခေါ်ခြင်းကိုခံကြရသည်။
မင်းခမ်းမင်းနားသို့သွားသောအခါ မှူးကြီးမတ်ကြီးတို့ ဝတ်ဆင်သကဲ့သို့ မိမိတို့အဆင့်အတန်းအလိုက် ပေးထားသော ခေါင်းပေါင်းဖြူဖော့လုံးနှင့်အင်္ကျီရှည်ကြီးများကိုဝတ်ဆင်ကြ ရ၏။ ဘုရင်မင်းမြတ်ရှေ့တော်သို့လည်း အတားအဆီး မရှိဝင်ထွက်သွားလာနိုင်ကြ၏။ တိုင်းသူပြည်သားတို့က သမားတော်ဟုခွဲခြားသိနိုင်ရန် ရွှေမြိတ်ပါရှိသောကတ္တီပါ ဆေး လွယ်အိတ်ကိုလွယ်ကြရ၏။ သမားတော်တို့တာဝန် ဝတ်တရားတွင် စစ်တိုက်ရာသို့လိုက်ပါ၍ မကျန်းမမာသောစစ် သည်တော်နှင့်ဒဏ်ရာရရှိသော စစ်သည်တော်တို့ကိုဆေးကုသကြ ရသော တာဝန်ဝတ်တရားလည်းပါ၏။ ထိုအတွက် အချို့ဆေးသမားတို့သည် သမားတော်အလုပ်ကိုမလုပ်လိုကြကုန်။ အနည်းငယ်သာဓကပြရလျှင်မိတ္ထိလာမြို့ ဆရာဦးထွန်းဘော်သည် ရှေးဦးစွာငြင်းပယ်၏။ နောက် မိတ္ထိီလာဝန် ကတိုက်တွန်းဖန်များသဖြင့် အစိုးရအသိအမှတ် ပြုရန်အတွက် လျှောက်ထားရန်သဘောတူလိုက်၏။ ဦးထွန်းဘော်အား ဆရာထူး၊ ဆရာမိတ်တို့က စစ်ဆေးပြီးလျှင် (၁)နာရီအတွင်းဝန်၊ (၂)ရွှေတိုက်ဝန် (၃)သံတော်ဆင့်ဦလှဘူး၊ (၄)ကင်းစဉ်ဝန်ထောက်ဦးစံငြိမ်း၊ (၅)စာရေးတော်ကြီးဦးမှန်း၊ ဤအရာရှိကြီးငါးဦးတို့ ထပ်မံစစ်ဆေး ထောက်ခံချက်ဖြင့် သမားတော်အဖြစ်ခံယူရသည်။
ထို့ပြင်မန္တလေးမြို့ နန်းတော်တောင်ဘက် ဟော်ကန်ရပ်နေ ဦးဝက်နှင့်ရန်နင်ဝင်းအတွင်းတွင် ဦးအုန်းခိုင်တို့သည် မြို့ဝန်ဦးသာအိုးကထောက်ခံသော်လည်း သမားတော်မလုပ်လိုကြောင်းငြင်းပယ်ကြသည်။ ထို့ပြင် မန္တလေးမြို့နန်းတော် တောင်ဘက်မင်္ဂလာဈေးရပ်နေ ဦးဘေညိုသည် မြို့ဝန်ဦးပေစိထောက်ခံချက်ဖြင့် ဆရာထူး၊ ဆရာမိတ်၊ ဆရာလှတို့ စစ်ဆေးပြီးလျှင် (၁)အတွင်းဝန်ဦးစံငြိမ်း၊ (၂)ရွှေတိုက်ဝန်ဦးလှဘူး၊ (၃ ) သံတော်ဆင့်ဦးဘိုးမင်းကြီး၊ (၄)မကွေးမြို့ စားဝန်ထောက်မင်း၊ (၅)စာရေးတော်ကြီး ဦးဘေလှိုင်ဖြူ၊ ဤအရာရှိကြီးငါးဦးတို့ ထပ်မံစစ်ဆေးထောက်ခံချက်ဖြင့် သမားတော်အဖြစ်ခံယူရသည်။ အထူးအားဖြင့် အင်္ဂလိပ်လက်ထက်သို့ ရောက်သောအခါ ဆရာဝန်များကိုသာ အသိအမှတ်ပြု၏။ တိုင်းရင်းမြန်မာ ဆေးဆရာများကိုပါ အသိအမှတ်ပြုခြင်းမရှိတော့ပေ။ ယခုလွတ်လပ်သော ပြည်ထောင်စုမြန်မာနိ်ုင်ငံ အစိုးရခေတ်၌ကား တိုင်းရင်းမြန်မာဆေးပညာကို ချီးမြှောက် အားပေးရန် ရည်ရွယ်ချက်ဖြင့် အက်ဥပဒေများ ပြဋ္ဌာန်းပြီး အက်ဥပဒေအရစီမံအုပ်ချုပ်လျက်ရှိသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)