သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန်ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပာယ်ရရှိသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုသည်။ တနည်းအားဖြင့် ကိစ္စလေးပါးကို ပြီးစေနိုင်သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပာယ်ရရှိသည်။
တရားကိုယ်အားဖြင့် ဝီရိယ တပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့်လေးမျိုးဖြစ်သောကြောင့် သမ္မပ္ပဓာန် (၄) ပါး ပြားရသည်။ သမ္မပ္ပဓာန် (၄) ပါးကား ဖော်ပြလတ္တံပါအတိုင်း ဖြစ်သည်။
၁။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ်တရားကို ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်များသာ တိုးပွားလာမည်၊ ပူပန်ခြင်းကြောင့်ပြုမိသော အကုသိုလ်လည်း ပျောက်မည်မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုသည်။
၂။ မိမိသန္တာန်၌ နောင်ဖြစ်လတ္တံသော အကုသိုလ်တရားတို့ကို နောင်ဘဝအဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွားလာစေခြင်းငှာ ဒါနမှု သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ်ပြုလုပ်နေရမည်ဟု ဆိုလိုသည်။
၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးကုန်သော ကုသိုလ်တရားတို့ကို မိမိသန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု သီလမှု ဘာဝနာမှု စသည်ကို ပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုသည်။
၄။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ကုသိုလ်တရားတို့ကို နိယာမအဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွားစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန