သမ္မာဝါယာမ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အားထုတ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ သမ္မာဝါယာမ (၄) ပါးရှိ၏။ [၁]

အကုသိုလ် ၂-မျိုး၊ ကုသိုလ် ၂-မျိုးပြင်ဆင်

သတ္တဝါတို့ကို အမြဲလျှင် ပူပန်စေတတ်, ညစ်ညူးစေတတ်, ယုတ်ညံ့သိမ်ဖျင်းခြင်းသို့ ရောက်စေတတ်သော အကုသိုလ်တရားသည် - (က)ဥပ္ပန္နအကုသိုလ်၊

(ခ) အနုပ္ပန္နအကုသိုလ်ဟူ၍ နှစ်မျိုးရှိ၏။[၁]

ဥပ္ပန္နအကုသိုလ်ပြင်ဆင်

ဒုစ္စရိုက်ဆယ်ပါးတို့တွင် အကြင် ဒုစ္စရိုက်တရားသည် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသည်ဟူ၍ သိရှိ၏၊ ဖြစ်ဆဲဟူ၍ သိရှိ၏၊ ထိုဒုစ္စရိုက်တရားသည် မိမိမှာ ဥပ္ပန္နအကုသိုလ် မည်၏။[၁]

အနုပ္ပန္နအကုသိုလ်ပြင်ဆင်

အကြင် ဒုစ္စရိုက်တရားသည် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသည်လည်း မဟုတ်၊ ဖြစ်ဆဲလည်း မဟုတ်၊ ရှေ့သို့ ဖြစ်လတ္တံ့သော အဖို့၌ တည်နေ၏။ ထိုဒုစ္စရိုက်တရားသည် မိမိမှာ အနုပ္ပန္နအကုသိုလ်မည်၏။

သတ္တဝါတို့ကို အေးငြိမ်းစေတတ်, ဖြူစင်စေတတ်, မြင့်မြတ်ကြီးပွားခြင်းသို့ ရောက်စေတတ်သော ကုသိုလ်တရားသည် - (က) ဥပ္ပန္နကုသိုလ်၊

(ခ) အနုပ္ပန္နကုသိုလ် ဟူ၍ နှစ်မျိုးရှိ၏။[၁]

ဥပ္ပန္နကုသိုလ်ပြင်ဆင်

သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂညာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, လောကုတ္တရဉာဏဒဿနဝိသုဒ္ဓိဟု ဆိုအပ်သော ဝိသုဒ္ဓိ ၇-ပါးတို့တွင် အကြင် ဝိသုဒ္ဓိတရားသည် ယခုဘဝ၌ မိမိသန္တာန်၌ ဖြစ်ဘူး၏၊ ဖြစ်၍ တည်၏။ ထိုဝိသုဒ္ဓိတရားသည် မိမိမှာ ဥပ္ပန္နကုသိုလ် မည်၏။[၁]

အနုပ္ပန္နကုသိုလ်ပြင်ဆင်

အကြင်ဝိသုဒ္ဓိတရားသည် ယခုဘဝ၌ မိမိသန္တာန်မှာ မဖြစ်ဘူးသေး၊ မရဘူးသေး။ ထိုဝိသုဒ္ဓိတရားသည် မိမိမှာ အနုပ္ပန္နကုသိုလ် မည်၏။

ဤသို့လျှင် အကုသိုလ်သည်လည်း ဥပ္ပန္န, အနုပ္ပန္နဟူ၍ ၂-မျိုး၊ ကုသိုလ်သည်လည်း ဥပ္ပန္န, အနုပ္ပန္နဟူ၍ ၂-မျိုး ရှိ၏။[၁]

မဂ္ဂင်၏ အာနုဘော်ပြင်ဆင်

ပစ္စုပ္ပန်ဘဝ၌ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်သည် ရှိသော် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသော ဥပ္ပန္နဒုစ္စရိုက်တို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝမှစ၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင်မိမိသန္တာန်မှာ တစ်ဖန် မဖြစ်ပေါ်လာကုန်ပြီ၊ ယခုဘဝ၌ မိမိသန္တာန်၌ မဖြစ်ဘူးသေးကုန်မူ၍ နောင်ဖြစ်လတ္တံ့သော အဖို့၌ တည်နေကုန်သော အနုပ္ပန္နဒုစ္စရိုက်တရားတို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝမှစ၍ အနနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင်မိမိသန္တာန်မှာ တစ်ရံတစ်ဆစ်မျှ မဖြစ်လာကုန်ပြီ၊ ဥပ္ပန္န, အနုပ္ပန္နဒုစ္စရိုက်နှစ်ပါးတို့သည် မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝတွင် အမြစ်အရင်းနှင့်တကွ ကုန်ဆုံးခြင်းသို့ ရောက်ကြလေကုန်၏။[၁]

ဝိသုဒ္ဓိ ၇-ပါးပြင်ဆင်

ထို့အတူ ယခုဘဝ၌ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ကြကုန်သည်ရှိသော ဝိသုဒ္ဓိ ၇-ပါးတို့တွင် ယခုဘဝ၌ ရရှိ၍နေသော ဝိသုဒ္ဓိတရားသည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် မိမိသန္တာန်၌ တစ်ဖန်ပျက်စီးခြင်း မရှိသော နိယာမသဘောသို့ဆိုက်ရောက်လေ၏။ ယခုဘဝ၌ မိမိသန္တာန်မှာ မဖြစ်ဘူးကုန်သေး, မရဘူးကုန်သေး, မရောက်ဘူးကုန်သေးသော ဝိသုဒ္ဓိတရားတို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝ၌ပင်လျှင် မိမိသန္တာန်၌ ဖြစ်ပေါ်လာကြကုန်၏၊ ရကြကုန်၏၊ ရောက်ကြကုန်၏။[၁]

ကိုယ်ကျိုးအမှန်ပြင်ဆင်

ထို့ကြောင့် ဘုရားသာသနာတွင်း၌ ကြုံကြိုက်ကြရကုန်သော လူရှင်အပေါင်း သူတော်ကောင်းတို့မှာ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ခြင်းဟူသော သမ္မာဝါယာမကိစ္စတစ်ခုသည်သာလျှင် ကိုယ်ကျိုးစီးပွားအမှန် ဖြစ်ချေသည်ဟု သိမြင်ကြရကုန်၏၊ တစ်ပါးသော လူ့ကိစ္စ, ရှင့်ကိစ္စများသည် မနေသာလှ၍ မလွှဲသာလှ၍ မရှောင်သာလှ၍ ပြုကြရသော အပကိစ္စမျိုးသာ ဖြစ်သည်ဟု သိမြင်ကြရကုန်၏။ ဤကား ဗုဒ္ဓဘာသာ သာသနာ၌ လိုရင်းပဓာနဖြစ်သော “သမ္မာဝါယာမ” ကိစ္စကြီးကို ပြဆိုခြင်း ဖြစ်သည်။[၁]

ဥပ္ပန္န, အနုပ္ပန္န ကို ပြဆိုလျှင် အကုသိုလ်ဒုစ္စရိုက် ၁၀-ပါးနှင့် ပြုဆိုမှ လူတို့ သိလွယ်သည်။ ကုသိုလ်၌ ဝိသုဒ္ဓ ၇-ပါးအစဉ်နှင့် ပြဆိုမှ လူတို့ သိလွယ်သည်။[၁]

သမ္မာဝါယာမ ၄-ပါးပြင်ဆင်

၁။ ယခုဘဝတွင် မိမိသန္တာန်မှာ ဖြစ်ဘူးကုန်သော ဒုစ္စရိုက်တရားတို့ကို နောင်ဤဘဝမှစ၍ ဘဝအဆက်ဆက်တို့၌ မိမိသန္တာန်မှာ တစ်ရံတစ်ဆစ်မျှ တစ်ဖန်ဖြစ်ပေါ်ခြင်းမရှိလေအောင် မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း “သမ္မာဝါယာမ တစ်ပါး”။[၁]

၂။ ယခုဘဝတွင် မိမိသန္တာန်၌ မဖြစ်ဘူးကုန်မူ၍ နောင်မိမိသန္တာန်မှာ ဖြစ်လတ္တံ့သော အဖို့၌ တည်နေကုန်သော ဒုစ္စရိုက်တရားတို့ကို အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင် မိမိသန္တာန်မှာ တစ်ရံတစ်ဆစ်မျှ ဖြစ်ပေါ်လာခြင်း မရှိလေအောင် မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း “သမ္မာဝါယာမ တစ်ပါး”။[၁]

၃။ ယခုဘဝတွင် မိမိသန္တာန်၌ မဖြစ်ဘူးကုန်သော အထက်အထက်သော ဝိသုဒ္ဓိတို့ကို ယခုဘဝ၌ပင် မရလျှင်မနေရ မရောက်လျှင် မနေရအောင် မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း “သမ္မာဝါယာမ တစ်ပါး”။[၁]

၄။ ယခုဘဝတွင် မိမိသန္တာန်မှာ ကျင့်သုံးဆောက်တည်၍နေသာ ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ ဟူသော သီလဝိသုဒ္ဓိတရားကို နိယာမအဖြစ်သို့ ရောက်၍ နောင်နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အစဉ်အမြဲတည်စေခြင်းငှါ မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း “သမ္မာဝါယာမ တစ်ပါး”။[၁]

ဤသည်မှူ လူတို့ သိလွယ်ရန် ဝေဖန်၍ ပြဆိုသော သမ္မာဝါယာမ ၄-ပါး ဖြစ်သည်။ လေးပါဆိုသော်လည်း ကိစ္စအားဖြင့်သာ လေးပါးရှိသည်။ တရားကိုယ်မှာ “ဝီရိယ” တစ်ပါးတည်းသာ ဖြစ်သည်။ တစ်ခုသော ဝိသုဒ္ဓိကို ရရှိအောင် အားထုတ်သော အခါ၌ တစ်ခုသော ဝီရိယမှ ထိုကိစ္စ ၄-ပါး တစ်ပေါင်းတည်း ပါဝင်၏။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆။