သမ္မာအာဇီဝ
သမ္မာအာဇီဝ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အသက်မွေးခြင်း” ဟု အဓိပ္ပာယ်ရသည်။ သမ္မာအာဇီဝ (၄) ပါးရှိ၏။ [၁] အာဇီဝပါရိသုဒ္ဓိသီလလည်း ကြည့်ပါ။
သမ္မာအာဇီဝ (၄) ပါး
ပြင်ဆင်ရန်သမ္မာအာဇီဝ (၄) ပါးတို့မှာ - (၁) ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ၊
(၂) အနေသနမိစ္ဆာဇီဝဝိရတိ၊
(၃) ကုဟနာဒိမိစ္ဆာဇီဝ ဝိရတိ
(၄) တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ တို့ဖြစ်ကြသည်။[၁]
(၁) ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ
ပြင်ဆင်ရန်ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ ပါဏာတိပါတ အစရှိသော ကာယဒုစ္စရိုက်သုံးပါး, မုသာဝါဒအစရှိသော ဝစီဒုစ္စရိုက်လေးပါးတို့တွင် တစ်ပါးပါးသော ဒုစ္စရိုက်မှုနှင့် ပစ္စည်းဥစ္စာရှာကြံ၍ အသက်မွေးခြင်းသည် ဒုစ္စရိတမိစ္ဆာဇီဝ မည်၏။ [မရောင်းအပ်သော ကုန်မျိုးငါးပါးတို့ကို ရောင်းချ၍ အသက်မွေးခြင်းကိုလည်း ဤမိစ္ဆာဇီဝ၌ သင်္ဂြိုဟ်ရေတွက်အပ်၏။] ထိုဒုစ္စရိတမိစ္ဆာဇီဝမှ ကြဉ်ရှောင်ခြင်းသည် “ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ” မည်၏။[၁]
(၂) အနေသနမိစ္ဆာဇီဝဝိရတိ
ပြင်ဆင်ရန်အနေသနာမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်း စသော ၂၁ ပါးသော အနေသနမှုတို့ဖြင့် ပစ္စည်းလာဘ်လာဘကို ဖြစ်စေ၍ ရသေ့ရဟန်းတို့၏ အသက်မွေးမှုသည် အနေသန မိစ္ဆာဇီဝမည်၏။ ထိုမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် “အနေသနမိစ္ဆာဇီဝဝိရတိ” မည်၏။[၁]
(၃) ကုဟနာဒိမိစ္ဆာဇီဝ ဝိရတိ
ပြင်ဆင်ရန်ကုဟနာဒိမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ ကုဟန, လပန, နိမိတ္တ, နိပ္ပေသန, လာဘေန လာဘနိဇိဝီသန ဟူ၍ မိစ္ဆာဇီဝဝတ္ထုငါးပါး ရှိ၏။[၁]
(က) ကုဟန
ပြင်ဆင်ရန်ကုဟန ဆိုသည်မှာ အံ့ဖွယ်သရဲဖြစ်အောင် လုပ်ကြံစဉ်းလဲမှု ဖြစ်သည်၊ သီလမရှိဘဲလျက် သီလရှိသည်ဟု ထင်မှတ်ရအောင် ဟန်ဆောင်ခြင်း အစရှိသည်ဖြင့် မိမိ၌မရှိသော အံ့ဖွယ်သရဲ ထူးကဲလွန်မြတ်သော ဂုဏ်တို့ကို မိမိ၌ရှိသည်ဟု ထင်မှတ်ရအောင် ကြံဆောင်စဉ်းလဲ၍ လာဘ်လာဘကို ဖြစ်စေမှု ဆိုလိုသည်။[၁]
(ခ) လပန
ပြင်ဆင်ရန်လပန ဆိုသည်မှာ ပစ္စည်း လာဘ်လာဘနှင့် စပ်လျဉ်း၍ အပြောအဆို ရဲရင့်ခြင်း ဖြစ်သည်။[၁]
(ဂ) နိမိတ္တ
ပြင်ဆင်ရန်နိမိတ္တ ဆိုသည်မှာ မိမိအား ပစ္စည်း ဝတ္ထုလှူဒါန်းစေရန် အရိပ်နိမိတ်ကို ပြခြင်း ဖြစ်သည်။[၁]
(ဃ) နိပ္ပေသန
ပြင်ဆင်ရန်နိပ္ပေသန ဆိုသည်မှာ မလှူဘဲမနေသာအောင်စကားဖြင့် ကြိတ်ခြင်း နှိပ်ခြင်း ဖြစ်သည်။[၁]
(င) လာဘေန လာဘ နိဇီဝိသန
ပြင်ဆင်ရန်လာဘေန လာဘ နိဇီဝိသန ဆိုသည်မှာ တစ်အိမ်၌ တစ်မတ်တန်ရပြီးသော လာဘ်ကို တစ်အိမ်၌ပေး၍ ထိုအိမ်မှ တစ်ကျပ်တန် လာဘ်ရအောင် ပြုခြင်းဖြစ်သည်။[၁]
(၄) တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ
ပြင်ဆင်ရန်တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ ဆိုသည်မှာ အင်္ဂဝိဇ္ဇာအတတ်, လက္ခဏဝိဇ္ဇာအတတ် အစရှိသော လောကီအတတ်ပညာမျိုးသည် ရသေ့ရဟန်းတို့၏ ပဋိပတ္တိဓမ္မနှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်မျိုးဖြစ်၍ တိရစ္ဆာနဝိဇ္ဇာမည်၏၊ ထိုအတတ်ပညာဖြင့် အင်္ဂါလက္ခဏာ စသည်တို့ကို ကြည့်ရှု၍ အကျိုးအပြစ်ကို ဟောကြားလျက် အသက်မွေးမှုသည် ရသေ့ ရဟန်းတို့မှာ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝ မည်၏။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် “တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ” မည်၏။[၁]