သရက်ဘိလပ်မြေစက်ရုံ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဘိလပ်မြေစက်ရုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီးသရက်ခရိုင်သရက်မြို့တွင် တည်ရှိသည်။ စက်ရုံကြီးကို ၁၉၃ဝ ပြည့်အကျော်တွင် ဆောက်လုပ်ခဲ့သည်။ ထိုစက်ကြီးအတွက် လိုအပ်သော ရေနံဓာတ်ငွေ့၊ ထုံးကျောက်၊ ရွှံ့စေးနှင့်သဲတို့ကို ကျောထောက် နောက်ခံနယ်များမှ အလွယ်တကူရရှိ၍ ဂေါတံကျောက်ကို မင်းလှ၊ မင်းဘူး၊ မကွေး၊ ချောက်မြို့တို့မှရရှိသဖြင့် ဘိလပ်မြေများကို စရိတ်ကျဉ်းကျဉ်းဖြင့် ထုတ်လုပ်နိုင်ခဲ့လေသည်။ ထိုစက်ကြီးမှ တစ်နှစ်လျှင် ဘိလပ်မြေတန် ၆ဝဝဝဝ ကျော်ထုတ်လုပ်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ပြည်တွင်းသုံးဘိလပ်မြေ၏ ၉၄ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ခဲ့၍ ၁၉၃၈ ခုနှစ်မှအစပြုကာ ၁၂မှ ၂၅ ရာခိုင်နှုန်း ခန့်ကို နိုင်ငံခြားသို့ နှစ်စဉ်တင်ပို့နိုင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကိုခံလိုက်ရသဖြင့် ၁၉၄၂•၁၉၄၈ ခုနှစ်များတွင် စက်ကြီးကို ပိတ်ထားခဲ့ရသည်။ ၁၉၄၉ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်၍ လုပ်ငန်းစတင်ပျိုးချိန်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ပြန်ပိတ် ရပြန်သည်။ ထို့ကြောင့် ၁၉၅၁ ခုနှစ်မှသာ ပြန်လည်ထုတ်လုပ်နိုင်ခဲ့ရာ ပထမနှစ်တွင် တန်ချိန် ၈၃၆၈ မျှသာ ထွက်ရှိသည်။ နောက်နှစ်များတွင် တစ်စတစ်စဖြင့် အထွက်ပိုမိုများ ပြားလာရာ ၁၉၅၂•၅၃ ခုနှစ်တွင် တန်ချိန် ၄၄၅၈၂ အထိ တက်လာလေသည်။ ၁၉၅၄ ခုနှစ်တွင် ဘိလပ်မြေစက်ကြီးကို ပြည်သူပိုင် ပြုလုပ်လိုက်သည်။ ပြည်သူပိုင်ပြုလုပ်ပြီး၍ တစ်နှစ်၊ နှစ်နှစ်ခန့်မျှသာ ဘိလပ်မြေပြန်၍ အထွက်ကောင်းလာပြီးလျှင် စစ်မတိုင်မီစံချိန်နီး ပါးမျှ တက်လာသော်လည်း ၁၉၅၆•၅၇ ခုနှစ်မှစ၍ အထွက်ဆုတ်ယုတ်သွားပြန်လေသည်။ ယင်းသို့ ဆုတ်ယုတ်ရခြင်းမှာ ရေနံဓာတ်ငွေ့လုံလုံလောက်လောက် မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ၁၉၅၉•၆၁ ခုနှစ်တွင် ရေနံဓာတ် ငွေ့အစား ရေနံကိုအသုံးပြုလျက် စက်လည်စေခဲ့ရာ ဘိလတ်မြေအထွက် ကျေနပ်လောက်အောင် တိုးတက်လာသည်။ သို့သော် ထုတ်လုပ်မှုစရိတ်သည် ဓာတ်ငွေ့သုံးခြင်းလောက်မသက်သာပေ။ ယင်းသို့ကြောင့် ဓာတ်ငွေ့လုံလုံလောက်လောက်ရနိုင်ရန် ရှာဖွေလျက်ရှိရာ အောင်မြင်ဖွယ်ရာ မျှော်လင့်ချက်ရှိပေသည်။ နိုင်ငံတွင်း၌ပင် ဘိလပ်မြေအသုံးများလာသဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရန် ဘိလပ်မြေစက်သစ်ကြီး တစ်ခုကို ၁၉၅၈ ခုနှစ်မှစ၍ စက်မှုလက်မှု တိုးချဲ့ရေးကော်ပိုရေးရှင်းမှ စတင်ဆောက်လုပ်ခဲ့ရာ ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ စက်သစ်ကြီးပြီးသွား၍ ဘိလပ်မြေစက်နှစ်ခုမှ ထုတ်လုပ်မှုအင်အားသည် နှစ်စဉ်ခန့်မှန်းခြေအားဖြင့် တန်ချိန်၁၈ဝဝဝဝ ဖြစ်သည်။