သဟမ္ပတိဗြဟ္မာ ပြင်ဆင်ရန်

ဂေါတမဘုရား သခင်သည် အလုံးစုံသော ဘုရားရှင်တို့ကြံတော်မူမြဲအတိုင်း တရားမဟောလိုသော အကြံဖြစ်တော်မူသည်ကို တရားဟောရန်လျှောက်ထား တောင်းပန်ခဲ့သူကား သဟမ္ပတိဗြဟ္မာကြီးဖြစ်သည်။ သဟမ္ပတိဗြဟ္မာကို ဝိနည်းမဟာဝါပါဠိတော်နိဿယတွင် ရွှေဥမင်ဆရာတော်က ပထမဈာန်ဘုံ၌ဖြစ်သော ပထမဈာန် ဘုံသားဟုဆိုသည်။ မူလပဏ္ဏာသအဋ္ဌကထာ ပရာဘဝသုတ် အဖွင့်၌လည်း ပထမဈာန်ကိုရကြောင်း၊ ပထမ ဈာန်ဘုံ၌အသင်္ချေယျကပ်လုံး အသက်ရှည်သော ဗြဟ္မာ ဖြစ်ကြောင်း လာသည်။ သို့ရာတွင် သုတ္တနိပါတ်အဋ္ဌကထာ ကောကာလိကသုတ်အဖွင့်၌ကား သဟမ္ပတိဗြဟ္မာသည် အနာဂါမိဖိုလ်ကိုရ၍ သုဒ္ဓါဝါသဘုံ၌ဖြစ်သည်ဟုဆိုသည်။ သဟဗြမ္ပတိဗြဟ္မာကြီးကား ကဿပဘုရားရှင်၏သာသနာတော်၌ သဟကမည်သောပထမဈာန်ရ ရဟန်းတော် ဖြစ်ခဲ့လေသည်။ ထိုဘဝမှစုတေမနေ သေလွန်သောအခါ သဟမ္ပတိ ဗြဟ္မာဖြစ်လာလေသည်။

ဂေါတမဘုရားသခင်သည် သတ္တသတ္တာဟ စံတော်မူရာတွင် နောက်ဆုံးဌာနဖြစ်သော ရာဇာယတနလင်း လွန်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံးသမာပတ်ကို ဝင်စားတော်မူ၍ ခုနစ်ရက်စေ့ရောက်သောအခါ တပုဿနှင့်ဘလ္လိက ကုန်သည် ညီနောင် လှူဒါန်းဆက်ကပ်သော ပျားမုံ့ဆုပ် ဆွမ်းကိ်ု ဘုဉ်းပေးတော်မူပြီးသော်၊ ဗောဓိပင်အရှေ့ဘက်ရှိ အဇပါလ ညောင်ပင်ရင်းသို့တစ်ဖန်ပြောင်း၍ ခုနစ်ရက်ပါတ်လုံး ဝိမုတ္တိ ချမ်းသာကိုခံစား၍နေတော်မူလေသည်။ (သတ္တ ဌာန။ ဘလ္လိကတပုဿ•ရှု။) ယင်းသို့နေတော်မူစဉ် မြတ်စွာဘုရားအား ဤသို့အကြံတော်သည်ဖြစ်၏။ 'ငါထိုးထွင်း၍ သိအပ်ရ အပ်သောတရားတော်သည် အလွန်နက်နဲသိမ်မွေ့၏။ သူတစ်ပါး တို့သည်သိနိုင်ခဲ၏။ ဤသတ္တဝါအပေါင်းတို့ သည်ကား ကာမဂုဏ်ငါးပါး၌သာလိုက်စားပျော်မွေ့ကြ၏။ ငါဟော ပြောသော်လည်း တရားတော်ကိုမမြင်နိ်ုင်ကုန်ရာ၊ ငါပင်ပန်း ရုံသာရှိချိမ့်မည်။'ဟု ခပ်သိမ်းသောဘုရားတို့ကြံမြဲအကြံတော် အတိုင်း 'ငါတရားမဟောပြီ'ဟုကြံတော်မူသည်။ ထိုသို့ ကြံတော်မူသည်ကို သဟမ္ပတိဗြဟ္မာကြီးသိလေ၍ 'နဿတိဝတ ဘောလောကော၊ အကြင်လောကကြီး၌မြတ် စွာဘုရားသည် တရားမဟောဟုအကြံဖြစ်တော်မူ၏၊၊

ထိုလောကသည် ပျက်လတ္တံ့' ဟုကြွေးကြော်ကာ တစ်သောင်းသော စကြဝဠာ၌နေသော နတ်ဗြဟ္မာ အပေါင်းတို့ကိုခေါ်၍ မြင်းမိုရ်တောင်လုံးမျှ လောက်သော ရတနာပန်းကုံးကိုဆောင် ပြီးလျှင် ဘုရားသခင်ထံတော် မှောက်သို့ရောက်လာလေသည်။ ထံတော်မှောက်တွင် ပခုံးတဘက်၌ ကိုယ်ဝတ်စမ္ပာယ်ကို တင်၍မြေ၌လက်ယာပု ဆစ်ဒူးဝန်းကိုထောက်ခါ မြတ်စွာဘုရားအား ရတနာပန်းကုံးဖြင့် ပူဇော်လျက် 'ဒေသေတုဘန္တေ ဘဂဝါ၊ ဓမ္မ့ဒေသေတုသုဂတော' စသောဂါထာဖြင့် အရှင်ဘုရားတရားဟောတော်မူပါ၊ သတ္တဝါတို့ အားတရားဟော ရွတ်ချွတ်ခြင်းငှာလျှင် ပါရမီတော်ကို ဖြည့်တော်မူခဲ့သည်။ ကိုယ်တော်ဘုရားမှ တရားမဟော ချေသော်မည်သူ ဟောပါအံ့နည်း။ မာဂဓရာဇ်တိုင်း၌ ပုရာဏကဿပအစရှိသောတိတ္တိတို့သည် ဘုရားမဟုတ်ဘဲ လျက်ဘုရား ဟုဝန်ခံ၍ များစွာသောသတ္တဝါတို့ကိုလှည့်ပတ်လျက် မိစ္ဆာဝါဒကိုပြ၍နေကြချေသည်။ ကိလေသာတည်းဟူသော အညစ်အကြေးကင်းသောမြတ်စွာဘုရား၊ တရားစည်ကြီးကို တီး၍နိဗ္ဗာန်တံခါးကို ဖွင့်တော်မူပါဘုရား၊ အပါယ်တံခါးကို ပိတ်တော်မူပါ ဘုရား၊ ကျွတ်ထိုက်သော သတ္တဝါလည်း ရှိပါလိမ့်မည်။ ထိုသူတို့အား တရားမိုးဖြင့် သွန်းဖြိုးတော်မူပါ ဘုရား၊'ဟု လျှောက်ထားတောင်းပန်၏။

သဟမ္ပတိဗြဟ္မာကြီးသည် ပထမအကြိမ် လျှောက်ထား တောင်းပန်သည်ကို ဘုရားသခင်သည်ငြင်း ပယ်တော်မူ၏။ ဒုတိယအကြိမ်လည်းထပ်မံတောင်းပန်သည်ကို ငြင်းမြဲ ငြင်းတော်မူသည်။ သဟမ္ပတိဗြဟ္မာကြီးသည် မလျှော့သော လုံ့လဖြင့် တတိယအကြိမ်တောင်းပန်ပြန်သည်။ မြတ်စွာဘုရား သည် ဗြဟ္မာကြီး၏ တရားဟောရန်တောင်း ပန်ချက်ကို သုံးကြိမ်သုံးခါတိုင် ပယ်လှန်တော်မူသည်။ နောက်ဆုံးမှ သဟမ္ပတိဗြဟ္မာ၏တောင်းပန်ခြင်းကို သည်းခံတော်မူ၍ ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်တည်းဟူသော ဗုဒ္ဓစက္ခုဖြင့်လောကကို ကြည့်တော်မူသည်ရှိသော် ပညာမျက်စိ၌ ကိလေသာမြူနည်းသော သတ္တဝါ၊ သဒ္ဓါအစရှိသောထက်သောဣန္ဒြေရှိသောသတ္တဝါ၊ သိစေလွယ်နိုင်သောသတ္တဝါ၊ သိ စေနိုင်ခဲသောသတ္တဝါ၊ တမလွန် လောက၌ဘေးကိုရှုလေ့ရှိသောသတ္တဝါတို့ကို မြင်တော်မူ၏။ ထိုသို့မြင်တော်မူသဖြင့် 'ဗြဟ္မာကြီးသည်သတ္တဝါတို့အတွက် အမြိုက်နိဗ္ဗာန်တံခါးကိုငါဖွင့်အံ့'ဟု တရားဟောရန် သည်းခံခွင့်ပြုတော်မူလေသည်။ ထိုအခါမှ သဟမ္ပတိ ဗြဟ္မာကြီးသည် မြတ်စွာဘုရားအား ဝမ်းမြောက်စွာရှိခိုး၍ လက်ယာရစ်လှည့်ကာ ဗြဟ္မာ ပြည်ကိုပြန်ကြွလေသည်။ သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန်ချက်ကို ဝန်ခံတော်မူပြီးမှစ၍ မြတ်စွာဘုရားသခင်သည် မည်သူ့အား ငါ့တရားကိုရှေးဦးစွာဟောရပါအံ့နည်းဟု ကြံတော်မူကာ ပဉ္ဇဝဂ္ဂီတို့ရှိရာ မိဂဒါဝုန်တောသို့ကြွတော်မူ၍ ဓမ္မစကြာ တရားဦးကိုဟောတော်မူသည်။ ( ပဉ္ဇဝဂ္ဂီ ။) ( ဓမ္မစကြာသုတ္တန်။) [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)