သာဓုကန်စေတီတော် သည် ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်သာဓုကန်ရွာ၏ အရှေ့ဘက်ကန်ဘောင်ရှိ တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

မဇ္ဈိမဒေသမှ ရှင်ယသ၊ ရှင်ဉာဏနှင့် ရှင်သုစိတို့သည် ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်လာခဲ့သည်။ ထိုဓာတ်တော်တို့ကို သီဟဒီပမင်းသည် ပူဇော်ခဲ့သည်။ ထို့နောက်တွင် ဓာတ်တော်တို့ကို ဌာပနာကာ စေတီတော်တည်ခဲ့သည်။[၁]

အမည်တွင်ပုံ ပြင်ဆင်ရန်

စေတီတော်တည်ရှိရာ ကုန်းသည် ကကုသန်ဘုရားလက်ထက်တွင် တန်ခိုးပြိုင်သည့် ဘီလူးသည် မာန်ချရာ နေရာဖြစ်သဖြင့် မွန်ဘာသာဖြင့် "ဒိုဂနီပရော" ဟု ခေါ်သည်။ ဘီလူးသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သက်ဝင်ယုံကြည်သဖြင့် မြတ်စွာဘုရားသည် သာဓုသုံးကြိမ် ခေါ်ခဲ့သည်။ ထိုသို့ သာဓုခေါ်သည်ကို စွဲကာ "သာဓုခံ" ဟု ခေါ်ရာမှ ကန်ကို အစွဲပြုကာ "သာဓုကန်" ဟု ခေါ်ခဲ့သည်။ စေတီတော်ကိုလည်း "သာဓုကန်စေတီတော်" ဟု ခေါ်ခဲ့သည်။ ကကုသန်ဘုရား၏ ဆံတော်နှစ်ဆူကို ဘီလူးသည် ရရှိခဲ့သဖြင့် ဌာပနာခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ ပြင်ဆင်ရန်

သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ရာဇဓိရာဇ် (ဗညားနွဲ့) သည် စေတီတော်ကို ငုံကာ အသစ်တည်ခဲ့သည်။ မွန်ဘာသာဖြင့် ကျုက်ဆာဓုဟု ခေါ်တွင်ခဲ့၍ သာဓုဘုရားဟု ခေါ်တွင်ခဲ့သည်။

သက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် စေတီတော် ပြိုကျခဲ့သည်။ ထို့ကြောင့် မှော်ဘီသူကြီးနှင့် ရွှေပေါက်ပင်ဘုန်းတော်ကြီးတို့ ဦးစီးကာ ပြုပြင်ခဲ့သသည်။ ၁၂၀၂ ခုနှစ်တွင် မှော်ဘီသူကြီးမင်း ဗန္ဓုက ကြပ်မတ်ကာ ပြုပြင်ခဲ့သည်။ ၁၂၄၄ ခုနှစ်တွင် ရန်ကုန်မြို့မှ ဦးရန်ခ၊ ၁၂၄၈ ခုနှစ်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မှ ဦးကုလားမိသားစုတို့က ကြပ်မတ်၍ ဒါယကာများ စုပေါင်း၍ ပြုပြင်ခဲ့သည်။ ၁၂၅၀ ပြည့်နှစ်တွင် ထီးတော်တင်ခဲ့သည်။

၁၂၆၄ ခုနှစ်တွင် ရန်ကုန်မြို့အား ရေပေးဝေရန် ကန်ကြီးကို တူးဖော်ခဲ့ရာ ဘုရားကုန်းတော်မြေသည် ပြိုပျက်ကာ ပါသွားသဖြင့် ဂေါပကတို့သည် လျော်ကြေးတောင်းခဲ့သည်။ လျော်ကြေး ငွေ ၁၀၀၀ ကျပ် ရခဲ့သည်။ ထိုငွေဖြင့် ၁၂၆၄ ခုနှစ်၊ တန်ဆောင်မုန်းလတွင် စေတီတော်ကို ရွှေသင်္ကန်း ကပ်ခဲ့သည်။ ထို့အပြင် အုတ်လှေကား၊ ဆောင်းတန်းများကို ပြုပြင်ခဲ့ရာ ၁၂၆၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။ လှော်ကားကန်ကိုပင် သာဓုကန်ဟုလည်း ခေါ်ဆိုကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၆၆၊ ၂၆၇။ Unknown parameter |adit= ignored (အကူအညီ)