သာမာထေရီသည် ဂေါတမမြတ်စွာဘုရား ၏သာသနာတွင် သက်ဝင်ယုံကြည်သော ရဟန္တာမ တစ်ပါးဖြစ်သည်။ ရဟန္တာမ မဖြစ်မီကအမည်မှာ သာမာ ဖြစ်သည်။ ဆောင်းကာလ၌ နွေးသောကိုယ်ငွေ့ရှိပြီးလျှင် နွေ ကာလ၌အေးမြသောကိုယ်ငွေ့ရှိ၏။ အသားအရေမှာဝင်းဝါ၏။ ယင်းသို့သော သာမာဂုဏ်နှင့်ပြည့်စုံသောကြောင့် သာမာ ဟုအမည်မှည့်ခေါ်၏။ သာမာ၏ဖခင်ကား ကောသမ္ဘီပြည်မှ သဌေးတည်း။ သာမာ၏မိတ်ဆွေကား ယင်းနှင့်အမည်တူ သာမာဝတီသဌေးသမီးဖြစ်သည်။ သာမာဝတီကိုနောင်တွင် ဥတေနမင်းကြီးကသိမ်းမြန်း၍ မိဖုရားအရာမြှောက်၏။ သာမာနှင့်သာမာဝတီတို့သည် အိမ်ထောင်ပြုခြင်းအမှု ကိုစက်ဆုပ်ရွံရှာကြသူများဖြစ်၏။ သို့သော်လည်း သာမာဝ တီမှာ ဘုရင်၏အလိုဆန္ဒကို မငြင်းပယ်ဝံ့သဖြင့် အိမ်ထောင် ပြုခဲ့ရသည်။ ဥတေနဘုရင်တွင် သာမာဝတီမိဖုရားမှအပ အခြားသောမိဖုရားများလည်းရှိကြသည်။ ထိုမိဖုရားတို့အထဲတွင် မာဂဏ္ဍီမိဖုရားလည်းပါဝင်သည်။ မာဂဏ္ဍီသည် ဂေါတမ မြတ်စွာဘုရားအား ရန်ငြိုးဖွဲ့သိုထားသူဖြစ်သည်။ သာမာဝတီ မိဖုရားမှာမူ ခုဇ္ဇုတ္တရာမည်သောကျွန်မထံမှ ဂေါတမမြတ်စွာဘုရား ၏တရားတော်ကိုနာယူရ၍ကြည်ညိုမြတ်နိုးသူဖြစ်၏။ ထို့ကြောင့် မာဂဏ္ဍီမိဖုရားသည် သာမာ ဝတီမိဖုရား ပျက်စီးရာပျက် စီးကြောင်းကို ကြံစည်၏။ မာဂဏ္ဍီ၏လုပ်ကြံမှုဖြင့် သာမာဝတီ မိဖုရားနှင့်အခြံအရံများသည် မီးလောင်၍ သေဆုံးကြရ ကုန်သည်။

ထိုသတင်းသည် သာမာဝတီမိဖုရား၏မိတ်ဆွေဖြစ်သော သာမာထံသို့ရောက်လာသည်။ သာမာသည် ကြီးစွာထိတ် လန့်ခြင်းဖြစ်မိ၏။ သာမာဝတီမိဖုရားသည် အိမ်ထောင်ပြုမိ၍သာ ယင်းသို့သောဒုက္ခနှင့်တွေ့ရသည်ဟု စိတ်တွင်ထင်မှတ်၏။ ထို့ကြောင့်ဒုက္ခများပြတ်ရန် ရဟန်းပြု၏။ အမည်မှာ သာမာထေရီဖြစ်၏။ ရဟန်းပြု၍တရားအား ထုတ်ရာတွင် သာမာထေရီမှာ သာမာဝတီကိုစွဲလမ်းတွယ်တာမှုကြောင့် တရားမရနိုင်ဖြစ်နေခဲ့ရာ နောက်ဆုံးရှင်အာ နန္ဒာ၏ ဆုံးမသွန်သင်မှုဖြင့် ကိလေသာကုန်ခမ်း၍ ရဟန္တာမ ဖြစ်ခဲ့လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)