စရစ်ဆရာတော်ကား ဆင်ဖြူရှင်လက်ထက်၌ သာသနာပိုင်ဖြစ်သည်။ ကြက်သွန်ခင်းဆရာတော်ကြိီး၏ တပည့်ဖြစ်သည်။ နှလုံးတော်မွန်မြတ်လှ၏။ ကျမ်းဂန်လည်းသင့်မြတ်လှ၏။ အင်းဝ မင်းများလက်ထက်၌ ပထမကျော်အောင်သည်။ နံတော်အင်္ဂါသားတည်း။ ဘွဲ့တော် ရှင်စန္ဒာဝရ ဖြစ်သည်။ တစ်နေ့သောအခါကာမမြို့နေအရှင်အရိယဝံသသည် စရစ်ဆရာတော်ရှေ့၌အဖျင်းဖျင်းပြောဆိုသည်ကို လောင်းရှည်ဆရာတော်က သာသနာပိုင်အရူးကို အလိုလိုက် လှသည်ဟုဆိုလျှင်၊ စရစ်ဆရာတော်က အရူးတစ်ယောက်ကြောင့် အကောင်းအများမရူးသင့်ဟုသာ မိန့်တော်မူသည်။ တစ်ဖန်သာသနာပိုင်မန်လည်ဆရာတော်က မင်းဧကရာဇ်ဆရာမဖြစ်မီကာလနှင့်မင်းဧကရာဇ်ဆရာဖြစ်သည့် ကာလနှစ်ပါးတွင်ဘယ် ကာလ၌ ကုသိုလ်ပွားပါသနည်းမေးလျှောက်သော် စရစ်ဆရာတော်က မင်းဧကရာဇ်ဆရာဖြစ်သည်ကာလပလိဗောဓ များ၍ ဘာဝနာပွားမှုစာချမှုများစွာခွင့်မရချေဟုမင်းဧကရာဇ် ဆရာဖြစ်သည်၌အပြစ်ကိုပြ၏။ ၁၁၁၈ ခုနှစ်တန်ခူးလဆန်းဆဲ့ငါးရက်နေ့တွင် အလောင်းမင်းတရားကြီးက စရစ်ဆရာတော်အား ဇမ္ဗူဒီပ အနန္တဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်ကို လှူဒါန်းသည်။ ထိုအခါသက်တော် ၅ရ၊ ဝါတော် ၃၆ ဝါရှိပြီဖြစ်သည်။ ဖွား သက္ကရာဇ်သည် ၁၀၆၁ ခုနှစ်ဖြစ်သည်။

အလောင်းမင်းတရားကြီးက ဇေတုဝတီမြို့တော်သို့ပင့်၍ ကျောင်းဆောက်လှူဒါန်းသည်။ ပထမပြန်စာမေးပွဲနှင့် ပဉ္စင်းခံကာလရောက်ပြီဖြစ်၍သာသနာတော်၏အမြစ်ဖြစ်သော ပရိယတ်ကိုအားထုတ်စေခြင်းငှာပါဠိအဋ္ဌကထာသရုပ်အဓိပ္ပာယ် မေးချိန်ကာလရောက်လျှင် အဓိပတိဆရာနှင့် အားထုတ်တော်မူပါဟု စရစ်ဆရာတော်အားအပ်သည်။ တစ်နေ့သောအခါဆရာဖြစ်သောကြက်သွန်ခင်း ဆရာတော်ကြီးကလည်း ပထမပြန်စာမေးပွဲနှင့်စပ်လျဉ်း၍ စရစ်ဆရာတော်အား စရစ် နင်တို့လက်ဝှေ့ပွဲ မပြီးသေး လောဟုအမေးခံရဖူးသည်။ ဆင်ဖြူရှင်မင်းတရားကြီးသည် ၁၁၃၃ ခုနှစ် မြို့ကြီးအတွင်းဝယ်ရှေးဘုံကျော်ဥမင်ကိုပြင်ဆင်သည်။ ဥမင် အနောက်မြောက်ယွန်းတွင်သာယာလှစွာသောမြေအပြင်၌လည်း အရံလေးဆဲ့ခြောက်ကျောင်းနှင့်တကွလေးထပ်ဇေတဝန် ရွှေကျောင်းတော်ဆောက်လုပ်ပြီးလျှင်ဘုံကျော်စံလွတ်သမိုက်၍ ထိုနှစ်တပေါင်းလဆန်းရှစ်ရက် အင်္ဂါနေ့တွင် ဇမ္ဗူဒီပ အနန္တဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုစရစ်ဆရာတော်အားတင်လှူသည်။ ဆရာတော်သည် ၁၁၃၄ ခုနှစ်တွင် ပျံလွန်တော်မူသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)