သိင်္ဃပုပ္ဖဇာတ်
ဆက္ကနိပါတ် - ၂။ ခရပုတ္တဝဂ် -(၃၉၂) - သိင်္ဃပုပ္ဖဇာတ် ကြာပန်းကို အဝေးမှ နမ်းကာမျှနှင့် နံ့သာခိုးဟု စွပ်စွဲသော နတ်သမီးနှင့် အစွပ်စွဲခံရသော ရသေ့အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ထိတ်လန့်မှုသဘော နတ်သမီးပြော
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မထင်ရှားသော ရဟန်းတစ်ပါးသည် ကောသလတိုင်း တောတစ်ခုကို မှီ၍ နေရာ တစ်နေ့သ၌ ပဒုမ္မာကြာအိုင်၌ ဆင်းသက်၍ လေအောက်၌ နေကာ ကြာနံ့ကို ခံယူ၏။ ထိုအခါ တောစောင့် နတ်သမီးသည် ထိုရဟန်းအား “အရှင်ရဟန်း … အရှင်ပြုလုပ်သော အမှုကား အနံ့ကို ခိုးခြင်းပင် ဖြစ်သည်” ဟု ထိတ်လန့်စေ၏။
ရဟန်းသည် ထိုအကြောင်းကို မြတ်စွာဘုရားထံ လျှောက်ထားလတ်သော် “ချစ်သား ရဟန်း … နတ်သမီးသည် ယခုအခါ၌ သာ ထိတ်လန့်စေသည် မဟုတ်၊ ရှေးအခါ၌ လည်း ပညာရှိတို့ကို ထိတ်လန့်စေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ကဲ့ရဲ့မှုရေး နတ်သမီးမေး
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာငယ်တစ်ခုဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြား၍ နောက်အဖို့၌ ရသေ့ရဟန်းပြုပြီးလျှင် ပဒုမ္မာကြာအိုင်တစ်ခုကိုမှီ၍ နေလေ၏။
တစ်နေ့သ၌ ရသေ့သည် ပဒုမ္မာကြာအိုင်သို့ ဆင်းသက်ပြီးလျှင် အနံ့ကို ခံယူလျက် ရပ်၏။ ထိုအခါ နတ်သမီးတစ်ယောက်သည် သစ်ပင်ပင်စည်တို့ကို ဖွင့်လှစ်၍ ရပ်လျက် -
“ရှင်ရဟန်း … ရေ၌ ပေါက်သော ကြာပန်း၏ အနံ့ကို အရှင်မပေးဘဲ နမ်းဘိ၏၊ ထိုသို့နမ်းခြင်းကား ခိုးခြင်းတွင် တစ်ခုအပါအဝင် ဖြစ်၏၊ သင်ကား အနံ့သူခိုး ဖြစ်သတည်း” –
ဟု ရသေ့အား ထိတ်လန့်စေ၏။ ရသေ့လည်း နတ်သမီး စကားကို ကြားလျှင် -
“အိုနတ်သမီး … ငါကား ကြားပန်းကိုလည်း မယူ၊ ချိုးလည်း မချိုး၊ အဝေးမှနမ်းသူသာ ဖြစ်ပါလျက် အဘယ်ကြောင့် အနံ့သူခိုးဟု ဆိုဘိသနည်း” –
ဟု နတ်သမီးအား မေးလေ၏။
ကြမ်းကြုတ်သူကို မဆိုလို
ပြင်ဆင်ရန်ထိုခဏ၌ ယောကျ်ားတစ်ယောက်သည် ထိုအိုင်၌ ပင် ကြာစွယ် ကြာရင်းတို့ကို တူး၏၊ ကြာပန်းတို့ကို လည်း ချိုး၏၊ ထိုယောကျ်ားကို ရသေ့ မြင်ပြန်လျှင် တစ်ဖန် -
“အို-နတ်သမီး … ကြာစွယ် ကြာရင်းတို့ကို တူး၍ ကြာပန်းတို့ကို ချိုး၍ ကြမ်းကြုတ်သော အမှုကို ပြုလုပ်သော ယောကျ်ားကိုကား အဘယ်ကြောင့် သူခိုးဟု မဆိုပါသနည်း” –
ဟု ထပ်၍ မေးပြန်၏။ နတ်သမီးသည် -
“ရှင်ရသေ့ … ကြမ်းကြုတ်သောအမှုဖြင့် ရောပြွမ်းနေသော ထိုယောကျ်ားကား ကျင်ငယ် ကျင်ကြီးစသည်တို့ဖြင့် လိမ်းကျံနေသော နို့ထိန်းကျွန်မ ဝတ်သော အဝတ်ကဲ့သို့ မကောင်းမှုဖြင့် လိမ်းကျံဘိ၏၊ ထိုသူ၌ ဆိုဖွယ်မရှိ၊ သင့်ကိုကား ဆိုခြင်းငှာ ထိုက်၏” –
“အပြစ်မရှိ အမြဲ စင်ကြယ်မှုကို ရှာကြံနေသောသူအား သားမြီးဖျားမျှ ဖြစ်သော မကောင်းမှုသည်ပင် တိမ်တိုက်ကြီး ပမာဏကဲ့သို့ ထင်၏” –
ဟု ယောကျ်ားအား မဆိုခြင်း အကြောင်းနှင့် ရသေ့အား ဆိုရခြင်းအကြောင်းကို ရှင်းလင်းစွာ ပြောကြားလေ၏။
ကိုယ်ကျိုးရှိမှု မိမိပြု
ပြင်ဆင်ရန်ဤသို့ နတ်သမီး ထိတ်လန့်စေသည် ရှိသော် ရသေ့သည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ -
“အို -နတ်သမီး … သင်ကား ငါ့ကို အမှန် သိဘိ၏၊ သို့အတွက် ငါ့ကို စောင့်ရှောက်ပါလော့၊ အို-နတ်သမီး … သင်သည် ဤသို့ သဘောရှိသော မကောင်းမှုကို မြင်သောအခါ နောင်တစ်ဖန်လည်း ပြောဆိုပါဦးလော့” –
ဟု ပြောဆိုရန် ဖိတ်ကြားပြန်၏။ ထိုအခါ နတ်သမီးသည်-
“အို-ရှင်ရသေ့ … အကျွန်ုပ်သည် သင့်ကို မှီ၍ အသက်မမွေးပေ၊ သင်၏ ကျွန်အမှုလုပ်လည်း မဟုတ်ပေ၊ ရှင်ရသေ့ သုဂတိသို့ သွားရောက်ရာ ဖြစ်သော ကောင်းမှုကို သင်ကိုယ်တိုင်ပင် သိပါလေ” –
ဟု ရသေ့အား ပြောကြား ဆုံးမပြီးလျှင် မိမိဗိမာန်သို့ ဝင်လေ၏။ ရသေ့လည်း သတိရကာ ဈာန်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။
မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်၍ သစ္စာကို ပြတော်မူသည် အဆုံး၌ နတ်သမီး ထိတ်လန့်စေသောရဟန်းသည် သေတာပတ္တိဖိုလ်၌ တည်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။
ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) စင်ကြယ်သူဝယ်၊ ပြစ်နည်းငယ်၊ မိုးလယ်တိမ်တိုက်သွင်။
(၂) အပြစ်ပြွမ်းတီး၊ လူ့လက်နှီး၊ ကြီးလည်းမပေါ်လွင်။
(၃) ကြီး,ငယ် မဟူ၊ အပြစ်မြူ၊ ဖြူအောင်သတိဆင်။
သိင်္ဃပုပ္ဖဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။