သိန်းဇော်(မြန်မာ့ရိုးရာစစ်တုရင်)


သိန်းဇော် သည် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် က ကြီးမှူးကျင်းပခဲ့သည့် မြန်မာ့ရိုးရာစစ်တုရင် တံခွန်စိုက်ချန်ပီယံပြိုင်ပွဲ များမှ ငါးထပ်ကွမ်းချန်ပီယံဆုရ ကစားသမားတစ်ဦးဖြစ်သည်။

သိန်းဇော်
အမည်သိန်းဇော်
နိုင်ငံ မြန်မာ
မွေးဖွား (1954-05-07) ၇ မေ၊ ၁၉၅၄ (အသက် ၆၉)
ကွမ်းခြံကုန်း
Titleမြန်မာ့ရိုးရာစစ်တုရင် တံခွန်စိုက်ချန်ပီယံ (၁၉၈၀၊ ၁၉၈၁၊ ၁၉၈၂၊ ၁၉၈၃ ၊ ၁၉၈၇)

ကို​ယ်ရေးအကျဉ်း ပြင်ဆင်ရန်

သိန်းဇော်ကို ၁၉၅၄ ခုနှစ် မေလ ၇ ရက်နေ့၌ ကွမ်းခြံကုန်းမြို့တွင် ဦးသန်းမြင့်နှင့် ဒေါ်ရွှေ တို့မှ ဖွားမြင်ခဲ့သည်။ ၁၉၆၈ အလယ်တန်းကျောင်းသားဘဝမှ စတင်ပြီး အပြည်ပြည်ဆိုင်ရာ စစ်တုရင်ကစားခြင်းကို စတင် သင်ကြားခဲ့သည်။ ၁၉၇၂ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကာ ယခင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (ယခု ရန်ကုန်တက္ကသိုလ်) တွင် သိပ္ပံဘွဲ့ ဘူမိဗေဒ အဓိက ဘာသာရပ်ဖြင့် ၁၉၇၇ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး၊ အလွတ်ပညာသင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပေသည်။

တက္ကသိုလ်တက်စဉ် ပထမနှစ်နှင့် ဒုတိယနှစ်အထိသာ စစ်ကိုင်းဆောင်တွင် နေခဲ့ပြီး၊ တတိယနှစ်နှင့် စတုတ္ထနှစ်များတွင် အဆောင်တွင်မနေတော့ဘဲ အလုံမြို့နယ် ရှိ အဒေါ်အိမ်တွင်သွားရောက် နေထိုင်ခဲ့သည်။ အလုံမြိုနယ်တွင် နေထိုင်စဉ် မြန်မာ့ရိုးရာစစ်တုရင်တံခွန်စိုက် သုံးထပ်ကွမ်း ချန်ပီယံ ဆရာကြီး ဦးကျင်ဆွေ (အလုံ) နှင့် ဦးကျင်မောင် (ရွှေတောင်) တို့ထံမှ မြန်မာ့ရိုးရာ စစ်တုရင်ပညာရပ်များကို သင်ကြားတတ်မြောက်ခဲ့သည်။ မြင်ဆရာ ဦးမဲ ထံမှလည်း နည်းနိသျှ မြောက်မြားစွာကို လေ့လာရရှိခဲ့သေးသည်။ [၁]

တက္ကသိုလ်တက်‌နေစဉ်အတွင်း မြန်မာ့ရိုးရာစစ်တုရင်တံခွန်စိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ၊ ကျောင်းပြီးသွားသည့် နောက်ပိုင်း ၁၉၇၉ ခုနှစ်မှသာ မြန်မာ့ရိုးရာ စစ်တုရင် တံခွန်စိုက် ပြိုင်ပွဲစတင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ သိန်းဇော် သည် မြန်မာ့ရိုးရာ စစ်တုရင် တံခွန်စိုက်ချန်ပီယံပြိုင်ပွဲ ကို ၁၉၈၀၊ ၁၉၈၁၊ ၁၉၈၂၊ ၁၉၈၃၊ ၁၉၈၇ ခုနှစ်တို့တွင် ချန်ပီယံဆု ၅ ကြိမ်တိုင်တိုင် ဆုရရှိခဲ့သူဖြစ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. မောင်မောင်အေး(ဆပ်သွားကုန်း)၏ `မြန်မာ့ရိုးရာစစ်တုရင်´၁၉၈၉-ခုနှစ်၊ အောက်တိုဘာ(ပအကြိမ်) ထိုက်ထိုက်အောင်စာပေ၊ ရန်ကုန်
  2. MYANMA SIT TU YIN, BURMESE TRADITIONAL CHESS၊ Daw Aye Moe Myint & Dr. Peter Nicolaus