သိုင်းပြောင်းပြန်သည် မြန်မာ့သိုင်းအမျိုးအစားများတွင်အထင်ရှားဆုံး အ​ကျော်ကြားဆုံး အရှုံးမရှိသည့်သိုင်းတစ်ခုဖြစ်သည်။ ရှမ်းကြီးသည် လေးကွက်မှစ၍ ပြောင်းပြန်မှာ နှစ်ကွက်မှစသဖြင့်သိုင်းပြောင်းပြန်ဟု ခေါ် ကြသည်။ မူလစတင်မျက်နှာမူရာ အရပ်သို့ ပြန်ရောက်ရမှသာ သိုင်းပြောင်းပြန်ဖြစ်ပေသည်။


သိုင်းပြောင်းပြန်ကို ရှမ်းစော်ဘွား၏ သက်တော်စောင့်ဆရာချယ်မှ စတင်ခဲ့ပြီး အဘိုးဦးမောင်လေးမှ မြန်မာပြည် အရပ်ရပ်သို့ ဖြန့်ချိခဲ့သည်။

သိုင်းပြောင်းပြန်ကို ကိုလိုနီခေတ်တွင် ဆရာချယ်ဆိုသူက တီထွင်ခဲ့သည်ဟုဆိုသည်။ ဆရာချယ်ဟူသောပုဂ္ဂိုလ်မှာ ရှမ်းစော်ဘွားကြီးတစ်ဦး၏ ကိုယ်ရံတော်သက်တော်စောင့်တစ်ဦးဖြစ်သည်ဟူသောအချက်မှလွဲ၍ အခြားကိုယ်ရေးအချက်များမသိရချေ။ ဆရာချယ်သည် အောက်မြန်မာနိုင်ငံသို့လှည့်လည်သွားလာရင်း တွံတေးမြို့ပတ်ဝန်းကျင်တွင် ဒေသခံများအား သင်နေကျသိုင်းများနှင့်မတူသော သိုင်းတစ်မျိုးကိုသင်ကြားပေးသည်။ ထို့နောက်ရှမ်းပြည်သို့ပြန်သွားရာ သတင်းမရတော့ပေ။ တပည့်များက အဆိုပါသိုင်းပညာကိုဖွံ့ဖြိုးအောင်လုပ်ဆောင်ခဲ့ကြရင်း အခြားသိုင်းပညာများနှင့်အကွက်မတူသဖြင့် သိုင်းပြောင်းပြန်ဟုအမည်ပေးခဲ့ကြသည်။

ကိုလိုနီခေတ်တွင်ပေါ်ပေါက်ခဲ့သဖြင့် အချို့က အင်္ဂလိပ်အစိုးရကမြန်မာ့ရိုးရာသိုင်းပျောက်ကွယ်သွားစေရန်ရည်ရွယ်ချက်ဖြင့် အင်္ဂလိပ်အစိုးရဘက်တော်သားဆရာချယ်အားစေလွှတ်ကာ မြန်မာ့သိုင်းကိုဖျက်ဆီးခြင်းဖြစ်သည်ဟုဆိုကြသည်။ မြန်မာ့သိုင်းများကဲ့သို့ ကန်တော့ပွဲအားထိုင်ကန်တော့ခြင်းမဟုတ်ဘဲ ဓားဖြင့်ရွယ်ခြင်းများသည် မြန်မာ့သိုင်းအစဉ်အလာကိုဖျက်ဆီးသည်ဟုဆိုကြသည်။