သီတင်းအလှူထင်းအကူ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ဒါနသည် သံသရာရှည်သည်ဟု ဆိုကြသူများကို ချေပကာ ရေးဖွဲ့ထားသည့် သံချိုကဗျာ ဖြစ်သည်။

သီတင်းအလှူထင်းအကူ ပြင်ဆင်ရန်

မြေခွင်ရေပြင်ကျယ်တဲ့၊ ဘွေပင်လယ်နေဝင်စွန်း၏၊ ငယ်ကျွန်းရန်သီဟိုဠ်သို့ သွားသူတို့၊ လေးငါးခွန်နစ်လထိ၊ နှေးအကြာ ရှေးခါသမယငယ်က၊ ဝေးပါလှ မရောက်နိုင်။

ငှက်အသွင် ရက်စဉ်ခရီးမို့၊ တက်စီးကာ ဗိုလ်ခြေတို့၊ မီးရေလေ ညီးတေဇောနှင့်၊ ကြီးမောစွာ ဩဃာဇလုပ်၏၊ လှိုင်းအပြင်မှာ စိုင်းနှင်ခုတ်လိုက်တော့၊ လွင်သမုဒ်နယ် ပင်လယ်ဝက၊ ကဉ္စမှာညကွာသည့်ငါးရက်နှင့်၊ ဘုရားရှင် စွယ်တော်ထူးသို့၊ မျှော်ဖူးမှီအလှူဝတ်ကယ်နှင့်၊ ဦးညွှတ်လို့ယိုင်။

အဝိဇ္ဇာတဏှာဖြစ်ပုံက၊ ဗလဝါ မြစ်ပြင် သမုဒ္ဒရောကဲ့သို့၊ ဗုဒ္ဓေါဘဂဝါ ဟောကာပြခဲ့၊ ဒါနကြွေးမြီထားသည့်နှယ်၊ မြေးသားငယ်ရှင်ပြုရေးတော့၊ သဌေးသူကြွယ် ဆုတောင်းတတ်ကဲ့၊ ကဗြောင်းကပြန်နှင့်၊ ကျောင်းကန်ဆွမ်း၊ ဂူဇရပ်ကို၊ လှူတတ်ရင် ကုသိုလ်ဖြစ်ပါငဲ့၊ တရားကိုယ်စစ်လျှင် ဖိုလ်ရှစ်ခွင် အရဟတ္တစခန်းသို့၊ မြတ်ကမ္မဋ္ဌာန်းဆောင် ဘာဝနာစောင့် သူတို့လိုဖြင့်၊ လမ်းဖြောင့်ဖြောင့် မရောက်လွယ်နိုင်၊ နယ်ခရိုင်ကျယ်ဝှမ်း။

နှလုံးထားငယ်က၊ သုံ:ပါးငယ်ရတနာနှင့်၊ ဘာဝနာမပြတ် ပွားသူတို့၊ မြတ်ဘုရားရှင်၊ အပါးတွင် ရှိလေသို့၊ သတိကို မလိပ်လဲစေနှင့်၊ စိတ်ထဲဝယ်အမြဲတွယ်လို့ ငြိတတ်တဲ့၊ ဒိဠိ သက္ကာယတွေနှင့်၊ မာနမပိုမိုနှင့်၊ ငါ − ငါ့ကိုယ် မထင်မှတ်လျှင်ဖြင့်၊ ဝင်အရဟတ္တဖိုလ် ဟိုနောင်ပါရအောင်၊ ပရမတ်အလာ အနတ္တာတရားပ၊ မှတ်သားကာ နားနာလို့ တွေးကြတော့၊ မဟာသဌေးတွေ ကုန်သည်များတို့၊ ရှေးခါလိုဝေးရာသို့ မသွားပြီဘု၊ လေးငါးခွန်နစ်ရက်နှင့်၊ စွန်ငှက်လိုအလွန်မြန်လှ၊ (ကပ္ပိတန်) မာလိန်မှူးတို့၊ ချိန်ကူးကာ သီဟိုဠ်က ခုတ်လေဘို့၊ ဥပုသ်သည် ဒါယကာတို့၊ သာသနာ ငါးထောင်ဝက်ကယ်မို့၊ ဖောင်မဂ္ဂင် နာဝေါလှေနှင့်၊ ကမ္ဘာကမ္ဘေ တာရှေ၍ မငေါ့ရအောင်၊ ဘာဝနေ သဒ္ဒါရေ မပျော့သူတို့၊ ထင်းအကူ သီတင်းအလှူမလျှော့ပါနှင့်၊ သင်္ဘော့ဖြတ်လမ်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဩဃာဇလုပ် = နစ်မွန်းစေတတ်သော သမုဒ္ဒရာဝဲ။

၂။ ဗလဝါ = ဗလဝါ မုခဝဲ၊ ဖက်ကတော့ကဲ့သို့ ကြောက်မက်ဖွယ် ရေဝဲ။

၃။ သမုဒ္ဒရော = သမုဒ္ဒရာ။

၄။ ဒိဋ္ဌိ = အယူမှား။

၅။ သက္ကာယ = စွဲလမ်းသောတရား။

၆။ ကပ္ပိတန် = သင်္ဘောသားတို့၏ အကြီးအကဲ။

၇။ မာလိန်မှူး = ရေကြောင်းပြသင်္ဘောမှူး။

၈။ ဘာဝနေ = ဘာဝနာတရား။

၉။ ရက်ရောသော စေတနာတရား။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။