ရှမ်းပြည်မြောက်ပိုင်းတိုင်း၊ ကျောက်မဲခရိုင် အတွင်းရှိ သီပေါမြို့သည်ရှမ်းစော်ဘွားများ အာဏာ မစွန့်လွှတ်မီက သီပေါနယ်ရှင်စော်ဘွားကြီး၏ ရုံးစိုက်ရာမြို့ဖြစ်လေသည်။


ရှမ်းစော်ဘွားများ အာဏာ စွန့်ပြီးနောက်တွင် သီပေါနယ်သည်နယ်ပိုင်အအုပ်အချုပ်ခံဖြစ်လာ၍ သီပေါမြို့သည် နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာလေသည်။ ရှေးမြန်မာမင်းများ လက်ထက်က အုန်းပေါင် စော်ဘွားသည် အုန်းပေါင်မြို့၌ နန်းစိုက်စံမြန်းနေခဲ့ရာမှ အရပ်အနေ မသင့်ဖြစ်လာသဖြင့် အုန်းပေါင်မြို့မှ သီပေါမြို့သို့ ရွှေ့ပြောင်းရသည်။ သီပေါဟုခေါ်တွင်ရခြင်းမှာ ဟော်နန်း တည်ဆောက်မည့်နေရာကိုမြေတူးဆွကြသောအခါ ပတ္တမြား တစ်လုံး ပေါ်ထွက်လာသည်ကို အကြောင်းပြုခဲ့ခြင်းဖြစ်သည်။ ပတ္တမြားပေါ်ထွက်ခြင်းသည် ရှမ်းဘာသာစကားဖြင့် ဆိုင်ပေါ်ဖြစ်ရာ ကာလကြာမြင့်သော်ဆိုင်ပေါ်မှ ဆီပေါ၊ ဆီပေါမှသီပေါဟု ရွေ့လျောလာဟန်တူသည်ဟု ဆိုကြလေသည်။ သီပေါမြို့သည် မန္တလေး-လားရှိုးသွား မော်တော်ကား လမ်းနှင့် မီးရထားလမ်းတို့ ဖြတ်သန်းသွားရာမြို့ဖြစ်သည်။

ဒုဋ္ဌဝတီဟုလည်းခေါ်သော မြစ်ငယ်မြစ်၏ မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ဒုဋ္ဌဝတီမြစ်သည်သီပေါမြို့ကို ကွေ့ဝိုက် စီးဆင်း သွားသည်။ မြစ်ကမ်းဘေးပေ ၁၇၅ဝမြင့်သော မြေပြန့် လွင်ပြင်တွင် မြို့တည်ထားသဖြင့် မြို့အနေအထားလှပ သာယာသည်။ မြို့ဧရိယာသည် ၁ဝ၄၃၅၉ ဧကရှိ၍ အိမ်ခြေ ၁၄၄၆၊ လူဦးရေ (နောက်ဆုံးစာရင်းအရ) ၈၄၅၉ ယောက်ရှိလေသည်။ မြို့ပေါ်ရှိ လူဦးရေအများစုသည်ဗုဒ္ဓ ဘာသာဝင် ရှမ်းနှင့်မြန်မာလူမျိုးတို့ ဖြစ်ကြ၍ နိုင်ငံခြားသား တရုတ်၊ အိန္ဒိယလူမျိုးများလည်း အနည်းအကျဉ်းရှိသည်။ မြို့ပေါ်တွင်(၁)မြန်မာရပ်၊ (၂)အနောက်ရပ် (၃)တောင်မြို့ရပ်၊ (၄)ပန်းထိမ်ရပ်(တောင်ပိုင်း)၊ (၅) ပန်းထိမ်ရပ်(မြောက်ပိုင်း)၊ (၆)ဈေးရပ် ၊(၇)မြို့လယ်ရပ်၊ (၈)မြောက်မြို့ (ဇာတ်စုရပ်) (၉) မီးရထားရပ်(ဘူတာရပ်) ဟူ၍ ရပ်ကွက်ကိုးခု ခွဲခြား သတ်မှတ်ထားသည်။ ပူနွေး စိုစွတ်သောရာသီဥတုရှိသဖြင့် သီပေါမြို့နယ် အတွင်း စိုက်ပျိုးလုပ်ကိုင်ရေး ကောင်းမွန်ဖြစ်ထွန်းသည်။ သီပေါမြို့နယ်အတွင်း၌ လိမ္မော်၊ ရှောက်ချို ၊သံပရာ၊ အခြား ရှောက်အမျိုးမျိုး၊ ဆန်စပါး၊ လက်ဖက်၊ ကြက်သွန်ဖြူ နှင့်မြေပဲစသည်တို့ကိုစိုက်ပျိုးလုပ်ကိုင်ကြသည်။ သီပေါ မြို့နယ်သည် လိမ္မော်နှင့်ရှောက်အမျိုးမျိုးတို့ အများအပြား ထွက် ရှိသဖြင့်လူသိများပြားထင်ရှားသည်။ သီပေါမြို့နယ်၏ အခြားထွက်ကုန်တစ်မျိုးမှာ ကျွန်းသစ်ဖြစ်လေသည်။

မြို့နယ်အတွင်းမှထွက်ကုန်များကို မြို့နယ်အတွင်းနှင့် အပသို့တင်ပို့ရန် မီးရထားလမ်းနှင့်မော်တော်ကားလမ်း ကို အများဆုံးအသုံးပြုရသည်။ သီပေါမြို့သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်သော ကျောက်မဲမြို့နှင့် ၂၂မိုင်ကွာဝေးသည်။ ထို့ပြင် လားရှိုးမြို့နှင့် ၄၅ မိုင်၊ နမ္မတူမြို့နှင့် ၄၂ မိုင်၊ နမ့်ဆမ်မြို့နှင့် (မိုးတေနှင့်လီလုကူးတို့များကိုဖြတ်ကျော်၍) ၅၄ မိုင်ဝေးသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် လွိုင်လင်မြို့နှင့်မော်တော်ကားလမ်း အဆက်အသွယ်ရှိ၍ ၁၇၆ မိုင်ဝေးကွာပြီးလျှင်နမ့်လည်း၊ မိုင်းကိုင်း၊ လဲချား မြို့များကို ဖြတ်ကျော်သွားရလေသည်။

မြို့ပေါ်၌ထင်ရှားသော သာသနိက အဆောက်အအုံ များမှာ မဟာမြတ်မုနိဘုရားတန်ဆောင်း၊ရွှေစေတီ၊ သိမ်ကုန်း ဘုရားစသည်တို့ဖြစ်ကြသည့်အပြင် ရေဦးကျောင်း၊ ရွှေကျောင်း၊ ဥယျာဉ်တော်ကျောင်း ၊ဘန်ကာကျောင်းစသော ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၅ ကျောင်းရှိသည်၊ အခြားထင်ရှားသော အဆောက်အအုံများမှာ ယခင်ကသီပေါစော်ဘွား တို့ စုံမြန်းခဲ့သော ဟော်နန်း၊ နမ္မတူမြစ်ကမ်းဘေးရှိရေဟော်၊ အစိုးရရုံးများ၊ အစိုးရအထက်တန်းကျောင်းနှင့်မူလတန်း ကျောင်းများ၊ ဘူတာရုံ၊ ဈေးဆိုင်၊တိုင်ဆိုင်ကြီးများဖြင့် စည်ကားသောဈေး၊ လူထုအပန်းဖြေ စန်းမာလာဥယျာဉ် စသည်တို့ဖြစ်ကြလေသည်။ နှစ်စဉ်ဘုရားပွဲတော်ကြီးကျယ်စည်ကားသောဘော်ကြိုဘုရားသည် သီပေါမြို့နှင့် ခုနစ်မိုင်အကွာ၌ရှိလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)