သီလသုတ် သည် အသျှင်သာရိပုတြာ ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၁]

သီလသုတ် ပြင်ဆင်ရန်

ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်တော်မူ၏။

ငါ့သျှင်တို့ သီလပျက်စီးသော 'ဒုဿီလ' ပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု 'သမ္မာသမာဓိ' သည်ပျက်စီးရာသော အကြောင်းရှိ၏။

သမ္မာသမာဓိ မရှိလျှင် သမ္မာသမာဓိ ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်ပျက်စီးရာသော အကြောင်းရှိ၏၊

ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်မရှိလျှင်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် ပျက်စီးသူအားငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်သည် ပျက်စီးရာသောအကြောင်းရှိ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်မရှိလျှင် ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ် ပျက်စီးသူအား လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် အရဟတ္တဖိုလ်ကို သိသော ဉာဏ်အမြင် (အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သောပစ္စဝေက္ခဏာဉာဏ်) ပျက်စီးရာသော အကြောင်းရှိ၏။

ငါ့သျှင်တို့ သစ်ပင်သည် အခက် အရွက်ပျက်စီးပါမူ ထိုသစ်ပင်၏ အပွေးသည်လည်း ပြည့်စုံခြင်းသို့မရောက်၊ အခွံ အကာ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူသာလျှင်သီလ ပျက်စီးသော 'ဒုဿီလ' ပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု 'သမ္မာသမာဓိ' သည် ပျက်စီးရာသောအကြောင်း ရှိ၏၊ သမ္မာသမာဓိမရှိလျှင် သမ္မာသမာဓိပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်သည် ပျက်စီးရာသော အကြောင်းရှိ၏၊ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်မရှိလျှင်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် ပျက်စီးသူအား ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်းအရိယာမဂ်ဉာဏ် ပျက်စီးရာသော အကြောင်း ရှိ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်းအရိယာမဂ်ဉာဏ်မရှိလျှင် ငြီးငွေ့မှု 'နိဗ္ဗိဒ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်ပျက်စီးသူအား လွတ်မြောက်မှု’အရဟတ္တဖိုလ်’နှင့် အရဟတ္တဖိုလ်ကို သိသောဉာဏ်အမြင် (အရဟတ္တဖိုလ်ကိုဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်) ပျက်စီးရာသော အကြောင်းရှိ၏။

ငါ့သျှင်တို့ သီလနှင့်ပြည့်စုံ၍ သီလရှိသော ပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု 'သမ္မာသမာဓိ' သည်ပြည့်စုံရာသော အကြောင်းရှိ၏၊ သမ္မာသမာဓိရှိလျှင် သမ္မာသမာဓိနှင့် ပြည့်စုံသူအားဟုတ်တိုင်း မှန်စွာသိသော ဉာဏ်အမြင် ပြည့်စုံရာသော အကြောင်းရှိ၏၊ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင် ရှိလျှင်ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်နှင့် ပြည့်စုံသူအား ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ် ပြည့်စုံရာသော အကြောင်းရှိ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်ရှိလျှင် ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်နှင့် ပြည့်စုံသူအား လွတ်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် အရဟတ္တဖိုလ်ကို သိသော ဉာဏ်အမြင် (အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်) ပြည့်စုံရာသော အကြောင်းရှိ၏။

ငါ့သျှင်တို့ သစ်ပင်သည် အခက် အရွက်နှင့် ပြည့်စုံပါမူ ထိုသစ်ပင်၏ အပွေးသည်လည်း ပြည့်စုံခြင်းသို့ရောက်၍ အခွံ့ အကာ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ ငါ့သျှင်တို့ ဤအတူသာလျှင်သီလနှင့် ပြည့်စုံ၍ သီလရှိသူပုဂ္ဂိုလ်အား ကောင်းသော တည်ကြည်မှု 'သမ္မာသမာဓိ' ပြည့်စုံရာသောအကြောင်းရှိ၏၊ သမ္မာသမာဓိရှိလျှင် သမ္မာသမာဓိနှင့်ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိသောဉာဏ်အမြင်သည် ပြည့်စုံရာသောအကြောင်း ရှိ၏၊ဟုတ်တိုင်းမှန်စွာ သိသော ဉာဏ်အမြင်ရှိလျှင်ဟုတ်တိုင်းမှန်စွာ့သိသော ဉာဏ်အမြင်နှင့် ပြည့်စုံသူအား ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ် ပြည့်စုံရာသော အကြောင်းရှိ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်ရှိလျှင် ငြီးငွေ့မှု 'နိဗ္ဗိဒါ' ဉာဏ်နှင့် စွဲမက်မှု 'ရာဂ' ကင်းခြင်း အရိယာမဂ်ဉာဏ်နှင့် ပြည့်စုံသူအားလွတ်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် အရဟတ္တဖိုလ်ကို သိသော ဉာဏ်အမြင် (အရဟတ္တဖိုလ်ကိုဆင်ခြင်တတ် သော ပစ္စဝေက္ခဏာဉာဏ်) ပြည့်စုံရာသော အကြောင်းရှိ၏ဟု (မိန့်ဆို၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၇) ၂ - အာဃာတဝဂ် ၈ - သီလသုတ်