သီဟာသနပလ္လင်
ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းပေါ်ရှိ အမှတ် ၆၆/၆၇ ၌ တည်ဆောက်ထားသော အမျိုးသားပြတိုက်တွင် ဆင်ယင်ပြသထားသည့် ရွှေပလ္လင်သည် ရွှေခြင်္သေ့ရုပ်ခံသော 'သီဟာသနပလ္လင်' ဖြစ်သည်။ မြန်မာ့ရွှေနန်းနှင့်တကွ နိုင်ငံအဝန်းကို နယ်ချဲ့တို့သိမ်းပိုက်ခဲ့ပြီးနောက် ၁၈၉၂ ခုနှစ်တွင် သီဟာသနရွှေပလ္လင်ကို အိန္ဒိယသို့ သယ်ယူကာ ကာလကတ္တားရှိ အိန္ဒိယပြတိုက်တွင် ခင်းကျင်းပြသခဲ့သည်။ မြန်မာတို့လွတ်လပ်သည့် ၁၉၄၈ ခုနှစ် ၊ စက်တင်ဘာလတွင် မြန်မာအကျိုးကို လိုလားသော အဂ္ဂမဟာ သီရိသုဓမ္မလော့ဒ်မောင့်ဘတ်တန်က မြန်မာပြည်သူများအတွက် သီဟာသနပလ္လင်ကို မြန်မာပြည်သို့ ပြန်ပို့ပေးခဲ့သည်။ သီဟာသနပလ္လင်သည် မြန်မာ့လွတ်လပ်ရေးအထိမ်းအမှတ်လည်း ဖြစ်သည်။ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသောအခါ ရွှေပလ္လင်ကို ဦးစွာ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် နေရာချခဲ့သည်။ ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလတွင် ဂျူဗလီဟော၌ ဖွင့်လှစ်သည့် အမျိုးသားပြတိုက်သို့ ရွှေပလ္လင်ကို ပြောင်းရွှေ့ဆင်ယင်ပြသခဲ့သည်။ အမျိုးသားပြတိုက်ကို ဂျူဗလီဟောမှ ပန်းဆိုးတန်းရှိ ယခင်ဂရင်းလေးဘဏ်ဟောင်း အဆောက်အအုံ (ယခု မြန်မာနိုင်ငံစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်) သို့ ပြောင်းရွှေ့သောအခါ ရွှေပလ္လင်ကို ၁၉၆၈ ခုတွင် ပန်းဆိုးတန်းရှိ အမျိုးသား ပြတိုက်သို့ သယ်ယူဆင်ယင်ခဲ့ပြီး ၊ ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစ၍ ဖွင့်လှစ်ပြသခဲ့ရာ ၁၉၉၄ ခုနှစ်ကုန်ပိုင်းအထိ ဖြစ်သည်။ ထို့နောက် အမျိုးသားပြတိုက်ကို ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းမကြီးပေါ်ရှိ အမှတ် ၆၆/၇၄ ၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၀ ပြည့်နှစ်တွင် စတင်အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၉၆ ခု စက်တင်ဘာလ (၁၀)ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းအသစ် တည်ဆောက်ထားသော အမျိုးသားပြတိုက် အဆောက်အအုံကြီး၌ ပြခန်းပေါင်း (၁၃)ခန်းကို ပြသထားရာ ၊ သီဟာသနရွှေပလ္လင်ကြီးကို ပြခန်းအမှတ် (၁) သီဟာသနပလ္လင်ပြခန်း၌ ခမ်းနားထည်ဝါစွာ ခင်းကျင်း ပြသထားသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ပေသည်။ အမျိုးသားပြတိုက် မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်းရှိ ရွှေပလ္လင်သည် မြန်မာနောက်ဆုံးမင်းဆက် ကုန်းဘောင်နှောင်းခေတ် ဧကရာဇ်၏ ရွှေပလ္လင်ဖြစ်သည်။ နောက်ဆုံးရွှေမြို့တော်ဖြစ်သော ရတနာပုံ (မန္တလေး) နန်းမြို့တွင်းရှိ ရွှေပလ္လင်လည်းဖြစ်သည်။ ဤရွှေပလ္လင်နှင့်အတူရွှေပလ္လင်ရှစ်ခုကို ကုန်းဘောင် နောက်ဆုံးဘုရင် သီပေါမင်း ပိုင်ဆိုင်ခဲ့သည်။ ကုန်းဘောင်မင်းဆက် နောက်ဆုံးဧကရာဇ်ဘုရင် သီပေါလက်ထက်တိုင် တည်ခဲ့သော ရာဇပလ္လင်များကို တည်ခဲ့သူမှာ ဗဒုံမင်းပင် ဖြစ်သည်။ တည်ပုံမှာ သက္ကရာဇ် ၁၈၁၀ ပြည့်နှစ် မတ်လ (၁၃)ရက်နေ့တွင် အမရပူရရွှေနန်းကို မီးခံခဲ့ရသည်။ ရွှေနန်းတော်ကြီး ပြန်လည်တည်ဆောက်သည့်အခါ နန်းအဆောင်တော်များတွင် စံစားစေရန် ရာဇပလ္လင်တော်များ တည်ဆောက်ခဲ့လေသည်။ ပလ္လင်တော်များ တည်ဆောက်စေရန် ဝန်ထောက်ရွှေတောင်နော်ရထာနှင့် (သား) ယွန်းစုဝန် ရွှေတောင်ရာဇသူတို့ကို ဆောက်လုပ်ရန် မိုးကောင်းမှ ယမနေသားနှင့် ကံ့ကော်သား ၊ ပုသိမ်မှ တောင်ပိန္နဲသား ၊ ပုပ္ပါးမှ စကားဝါသား ၊ ကျောင်စဉ်တိုက် အဝင်မတ်တရာနှင့် ရေနံ့သာမှ သရက်သားနှင့် ပေါက်သား၊ ဘုတ်ရွာမှ သဖန်းသားတို့ကို အသီးသီးယူခဲ့သည်။ သစ်များစုံသည်နှင့် သက္ကရာဇ် ၁၈၁၅ ခု ၊ မေလ (၂၈)ရက်နေ့တွင် ပလ္လင်တော်များ စတင် ဆောက်လုပ်ခဲ့ကြလေသည်။ နေပြည်တော်ကို အမရပူရမှ ရတနာပုံ (မန္တလေး)သို့ ပြောင်းရွှေ့သောအခါ မြို့နန်းတော် တည်ဘုရင် မင်းတုန်းမင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၂၀ ပြည့်နှစ် ကဆုန်လပြည့်ကျော် (၁၁)ရက် (ခရစ် ၁၈၅၈ ခု ၊ မေလ ၇ ရက်)သောကြာနေ့ တစ်ချက်တီးကျော် (၅)နာရီနှင့် ပတ်တစ်ဆယ့်တစ်ဗီဇနာအချိန် အခါတော်အရ ရာဇပလ္လင်တော်များကို သူ့အဆောင်နှင့်သူ လိုက်လျော်ညီထွေ တည်ထားတော်မူခဲ့သည်။ ရတနာပုံဟူသော ဝေါဟာရနှင့်အညီ နဝရတ်ကိုးပါး အမှူးပြုလျက် ရတနာကျောက်မျက်တို့ဖြင့် ပေါကြွယ်သော ရွှေမြို့ ၊ ရွှေနန်း ၊ ရွှေပြဿဒ်တော် ၊ ရွှေမင်းခမ်းတော် ၊ ရွှေလှေ ၊ ရွှေလောင်းတို့အပြင် ရွှေပလ္လင်တော်များ ပါရှိခဲ့သည်။ မြန်မာ့ပဒေသရာဇ်ခေတ်သည် ရွှေကိုခင်း၍ ရွှေကိုကာသည်။ ရွှေကိုမိုး၍ ဖြိုးဖြိုးကြွယ်ခဲ့သည်ဟု ဆိုရပေမည်။ ရွှေနန်းတော်တွင်းမှ ရွှေပလ္လင်တို့သည်လည်း သူ့နေရာနှင့်သူ အထာတကျရှိခဲ့သည်။ ရတနာပုံနန်းမြို့တွင်းမှ ရွှေဖြင့် စပ်လျဉ်းသည်တို့အနက် ရွှေမင်းခမ်းတော်အချို့နှင့် သီဟာသနရွှေပလ္လင်သည် မူရင်းအတိုင်း ကြွင်းကျန် ရှိခဲ့သည်ဟု ဆိုရမည်။ အခြားခြားသောရတနာနှင့် တကွသော ပစ္စည်းတို့သည် မြန်မာတို့ယုံကြည်လက်ခံထားသည့် သင်္ခါရ သဘောအရ ကွယ်ခဲ့ပျောက်ခဲ့သည်။ မပြိုမပျက်နိုင်သည့် ရွှေနန်းတော် အဆောက်အအုံ နန်းအဆောင်တော်တို့သည်ပင် ၁၉၄၅ ခုနှစ် ၊ မတ်လ (၂၀) ရက်နေ့ အကူး ည (၂)နာရီလောင်သော မီးတွင် အကြွင်းမဲ့လျက် ပြာဖြစ်ခဲ့ရလေသည်။ ရွှေရိပ်ရွှေရောင်တို့ဖြင့် သောသောကြွယ်ခဲ့သည့် ရတနာပုံနန်းဆောင်တွင်းအရှိ သီပေါမင်းပိုင်ခဲ့သော ပလ္လင်ရှစ်ခန်းကို သိမိသူများက မှတ်တမ်းတင်ခဲ့သည်။ မှတ်တမ်းတစ်ခုတွင်- 'သီဟ၊ အမရာ ၊ ဟံသာ ၊ မောရ ၊ သခင် ၊ ဟတ္တိ ၊ မိဂ ၊ ပဒုမာ ရှစ်မျိုးတွင် တစ်ဆယ့်ခြောက်တောင်ရှိသော် မဟာပလ္လင် ၊ ရှစ်တောင်ရှိသော မဇ္ဇျိမပလ္လင် ၊ လေးတောင်ရှိသော စူဠပလ္လင် လုပ်နည်း ရှစ်မျိုး လုပ်ရိုးသုံးပါး' ဟူ၍ ဖော်ပြထားသည်။ ရတနာပုံခေတ်ပလ္လင်တို့သည် လုပ်ရိုးလုပ်စဉ် ရှစ်မျိုး ၊ လုပ်ရိုးသုံးပါးဖြင့် ပြုလုပ်ထားသော တစ်ခုနှင့်တစ်ခု အရွယ်အစားကွဲပြားနေသည့် ရာဇပလ္လင်များသာ ဖြစ်လေသည်။ ရှေးရိုးပန်းချီ ဆရာအေးရေးဆွဲသည့် ပန်းချီမှတ်တမ်းရာတွင် ရာဇပလ္လင်ရှစ်ခန်းကို အကျယ် ဖော်ပြလေသည် ဖော်ပြပုံမှာ- မြေနန်းပြဿဒ် ၊ သီဟာသနပလ္လင် ၊ ခြင်္သေ့ခံ၊ ယမနေသား ၊ ဇေတဝန်ဆောင်၊ ဟံသာသနပလ္လင် ၊ ဟင်္သာခံ ၊ သင်္ကန်းသား ၊ မှန်နန်း ၊ ဘမရာသပလ္လင် ၊ ပဒုံးခံ ၊ ကရဝေးသား ၊ အနောက်စမုတ် ၊ ပဒုမ္မာသနပလ္လင် ၊ ပဒုမ္မာခံ ၊ သရက်သား ။ တောင်စမုတ် ၊ မိဂါသနပလ္လင် ၊ သမင်ခံ ၊ ရေသဖန်းသား။ မြောက်စမုတ် ၊ မရူယာသနပလ္လင် ၊ ဒေါင်းခံ ၊ ပေါက်သား ။ လေသာခန်း ၊ သခငါသနပလ္လင် ၊ ခရုသင်းခံ ၊ ပိန္နဲသား ။ ဗြဲတိုက် ၊ ဂဇာသနပလ္လင် ၊ ဆင်ခံ ၊ စကားသား ဟူ၍ ဖြစ်သည်။ အခြားမှတ်တမ်းတစ်ခုတွင်လည်း ဖော်ပြထားသည်မှာ ရှစ်ဖြာပလ္လင် ၊ ထုံးတမ်းစဉ်မှာ သီဟာ ၊ ယမနေ ၊ ဟံသေသင်္ကန်း ထီးနန်းမပျက် ၊ သရက်-ခရု ၊ တခုပီဒုံး ၊ ကရဝေးသုံးသည် ၊ နန်းလုံးချီမြှောက် ၊ သို့ကလောက်မောက်မို ၊ ပေါက်ကိုဥဒေါင်း ၊ ထုံးဟောင်း မမှား ၊ စကားဟတ်ထိ ၊ မည်ရှိမလွဲ ၊ ပိန္နဲပဒုမာ ၊ မိဂါရေသဖန်း ၊ ဤရှစ်ခန်းသည် စီးမြန်းပလ္လင် နေရာတည်းဟူ၍ ရှိခဲ့သည်။ ထို့ပြင် ဒုတိယနဝဒေ၏ 'ရှစ်ရပ်ကိုးခန်း ပလ္လင်ဘွဲ့မင်္ဂလာရတု'တွင် 'ပြာဿဒ်နန်းဝယ် ၊ ပင်ဝန်းညွန့်ဝေ ၊ ယမနေကို ၊ ဘုန်းရွှေထားတင့် ၊ ပလ္လင်မြင့်၍ ၊ မာန်ဝင့်ရှူးရှူး ၊ ခြင်္သေ့မြူးလျက် ၊ ဆောင်းဦးညွတ်ရာ ၊ သီဟာသန' ဟု ဖွဲ့ဆိုထားသည်။ ဖော်ပြပါမှတ်တမ်းတို့တွင် ပလ္လင်တော်ရှစ်ခန်းအနက် ခြင်္သေ့ခံသော ယမနေသား သီဟာသနရွှေပလ္လင်သည် အမြင့်မြတ်ဆုံး အရေးကြီးပလ္လင်ဟု ဆိုရပေမည်။ သီဟာသနပလ္လင်တော်ကို နန်းတော်၏ အဦးအထိပ် အရှေ့ပိုင်းအကျဆုံး 'မြနန်းစံကျော်' အမည်ရှိ ဘုံခုနှစ်ဆောင်ရှိသည့် မြေနန်းပြဿဒ်တော်ကြီးတွင် ထားရှိသည်။ သီဟာသနရွှေပလ္လင်နှင့် စပ်လျဉ်း၍ အဝမြို့ဝန် မဟာသီဟသူရ၏ 'ဣသိသိဂင်ပျို့'၌ 'မာဃမပြောင်း ၊ မင်းအပေါင်းတို့ ၊ ဥကင်ခေါင်းဆက်လက် ၊ ရှိစုံယှက်၍ ၊ ဆောင်ရွက်ကော်ရော် ၊ ပြဿာဒ်တော်ဝယ် ၊ ပူဇော်ရာလေ့ ၊ ခြင်္သေ့ခံပေ ၊ ယမနေသား ၊ ကိုးပါးမျက်မြွာ ၊ သီဟာသန' ဟူ၍ သီဟာသနရွှေပလ္လင်သည် မင်းတို့အပူဇော်ခံရာ၊ ရှိခိုးကော်ရော် အကန့်တော်ခံရာ ၊ ပြဿာဒ်ရှိခြင်္သေ့ရုပ်ခံ ပလ္လင်ပင်ဖြစ်လေသည်။ မြေနန်းပြဿာဒ်တော်ရှိ သီဟာသနရွှေပေါ်ဝယ် မင်းနှင့် မိဖုရားတို့ စံတော်မူလျက် တစ်နှစ်လျှင် ငါးကြိမ်အကန့်တော့ခံကြောင်း သိရလေသည်။ နှစ်စဉ် နယုန်လဆန်း ၁ရက်နေ့ ၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၂ ရက် ၊ ၃ ရက်နေ့များတွင် မင်းနှင့်တကွမိဖုရားတို့ အတူတကွ ထွက်စံတော်မူ၍ အပူဇော်ခံလေ့ရှိကြောင်း သိရသည်။ ရာဇပလ္လင်၏ ရှေ့ဝဲဘက်မှ အိမ်ရှေ့မင်းသားကို ဦးဆောင်၍ မင်း ၊ မှူးမတ်တို့ ရာထူးကြီးငယ် အလိုက်ဆင်မြန်း၍ ဝဲယာခစားကြရသည်။ နေရာကွက်ပေါင်း (၆၄၀) ခန့်ရှိသည်ဟု ဆိုသည်။ သို့သော် ယခု အမျိုးသားပြတိုက်ရှိ သီဟာသနရွှေပလ္လင်သည် လွှတ်တော်ရှိ ရွှေပလ္လင်ဟုဆိုခဲ့ရာ သီဟာသနရွှေပလ္လင်နှစ်ခု ဖြစ်ပေသည်။ ထိုဝိဝါဒ နှင့် စပ်လျဉ်း၍ ဇေယျသင်္ခယာ၏ ရွှေဘုံနိဒါန်းတွင်- 'ခြင်္သေ့ ၊ ဆင်ပျံလောကနတ် ၊ ဒေါင်းယဉ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သွိကားကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူးကြာ ၊ ဦးဆောက်ပန်းတို့ဖြင့်လုပ်ဆောင်၍ ပြဿာဒ်တော် ၊ ရွှေပလ္လင်တော်တည်ထားသည့် ရာဇပလ္လင်သည်' ဟူ၍ တိတိကျကျ ဖော်ပြရာ သီဟာသနရာဇပလ္လင်သည် မြေနန်းပြဿာဒ်တော်နှင့် ရွှေလွတ်တော်နှင့် နေရာတွင် ရှိကြောင်း ပေါ်လွင်လှပေသည်။ တစ်ဖန် ၁၉၆၃ ခုနှစ်၌ ရှေးဟောင်းသုတေသန ဌာနမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော 'မန္တလေးနန်းတော်' စာအုပ်စာမျက်နှာ (၁၉)တွင် လွှတ်တော် အကြောင်းဖော်ပြရာ၌ လှပသော လက်ရန်းလေးခုကာလျက် ခြင်္သေ့ပလ္လင် (သီဟာသန)သည် လွှတ်တော်ထဲတွင် သီးသန့်ရှိသည်။ ထိုပလ္လင်သည် ညီလာခံခန်းမကြီးရှိ သီဟာသနပလ္လင်၏ အပွားဖြစ်သည်။ လွှတ်တော်မှ ပလ္လင်ကို ကာလကတ္တားရှိ အိန္ဒိယပြတိုက်သို့ ပို့ခဲ့သည်ဟု ဖော်ပြထားပေသည်။ ဤဖော်ပြချက်နှင့် မောင့်ဘက်တန်သည် အိန္ဒိယရှိ သီဟာသနပလ္လင်ကို ပြန်ပို့ပေးသည်ဟူသောအချက်တို့ ဆက်လိုက်လျှင် အမျိုးသားပြတိုက်ရှိ မြေညီထပ်၌ တပ်ဆင်ထားသော ရွှေပလ္လင်ဖြစ် မြန်မာဘုရင့်လွှတ်တော်မှ သီဟာသနရွှေပလ္လင်ဖြစ်ကြောင်း ထင်ရှားပေသည်။ လွှတ်တော်ရှိ သီဟာသနပလ္လင်သည် ဘုရင်နှင့် ဝန်ကြီးလေးပါးအပါအဝင်တို့ တိုင်းရေးပြည်မှု အစုစုသော အရေးအရာများကိုသာ ဆွေးနွေးဆုံးဖြတ်ရာ ပလ္လင်ဖြစ်ပေသည်။ လွှတ်တော်၌ စီရင်သည့် အမှုများမှာ သာသနာရေးနှင့် စပ်သည့်အမှု ၊ အယူခံအမှု ၊ နိုင်ငံတော် နှင့် စပ်သည့်အမှု ၊ စော်ဘွား ၊ မြို့စား ၊ သူကြီး ၊ ကလန် ၊ သံပျင်းအရာရှိ စသည့်အရာရှိတို့ ခန့်ထားသည်ကို သစ္စာတော်ပေးရန် အမှုစသည်ဖြင့် အမှုကြီး အမှုငယ်တို့ကို စီရင်သည်။ လွှတ်တော်သို့ ဘုရင်မင်းမြတ်မကြွချီနိုင်သောအခါ အဆင့်မြင့် မင်းသားကြီးတစ်ပါးပါးက ဘုရင့်ကိုယ်စား သတ်မှတ်ထားသော သီးသန့်နေရာတွင် နေလျက် ဝန်များနှင့် ဆွေးနွေးခြင်း ပြုရလေသည်။ ပလ္လင်တော်ပေါ်သို့ကား မတက်ရချေ။ လွှတ်တော်ရှိ ခြင်္သေ့ခံ ရွှေပလ္လင်နေရာနှင့် ပတ်သက်၍ မန္တလေး စာအုပ်တွင် ဖော်ပြထားသည့် စာမှာ လွှတ်တော်နှစ်ဆောင်တွဲတွင် အနောက်ဘက်မှ အမိုးသုံးထပ်နှင့် ဇေတဝန်ဆောင်တော်ကြီးများမှာ ဘုရင်မင်းမြတ်တို့ လွှတ်တက်၍ တရားစီရင်မြဲ ၊ ရှေးထုံးထမ်းအစဉ်အလာအရ ဘုရင်မင်းမြတ် နေတော်မူရန် ယမနေသားကို လုပ်၍ ခြင်္သေ့ရုပ်ခံသော သီဟာသနပလ္လင်တော်ကို ခုတင်နှင့်တကွ ပြုလုပ်ထားသည်ဟူ၍ ဖြစ်သည်။ ပလ္လင်၏အပေါ်ပိုင်းတွင် တပ်ဆင်သမျှ အရာအားလုံး 'ဥကင်'ဟူ၍ ခြုံ၍ ခေါ်ဝေါ်သည်။ ရွှေပလ္လင် နှင့် ဥကင်တို့ အမွမ်းအမံနှင့် ပတ်သက်၍လည်း အထူးတလည်း စိတ်ဝင်စားဖွယ်ရာများလည်း ရှိလေသည်။ ရွှေပလ္လင်နှင့် ဥကင်တို့၏ အလုပ်အဆောင်တင့်တယ် လိုက်ဖက်ပုံကို အင်းဝနန်းဖွင့်ရတု၌ ဖွဲ့ဖွဲ့ နွဲ့နွဲ့ တွေ့ရသည်မှာ- 'ကြပုံညီညွတ်၊ ရွှေပြဿာဒ်လည်း ၊ ဆွေညွတ်ဥကင် ၊ ရွှေပလ္လင်နှင့် ၊ စီရင်တတ်စွာ ၊ ဗိသုကာတို့' ဟူ၍ ဖော်ပြထားသည်။ မှန်၏ ရွှေဥကင်၏ အထက်ပိုင်းရှိ ခိုင်တောင် ၊ တော်ရနောင်ဒုယင် စသည်တို့သည် တင့်တယ်ဖွယ်ရာသော အကွေးအညွှတ်အပျော့အပျောင်းတို့ဖြင့် ရှုမငြီးအောင် စီမံထွင်းထုထားကြပေသည်။ ဥကင်၏ အဓိပ္ပာယ်သည်ပင်လျှင် ဥက်ကံသသဒ္ဒါမှ ဆင်းသက်လျက် လွန်ကဲသော ဂုဏ်ကျေးဇူးအထူးကို ဆောင်သည်ဟူ၍ ဖြစ်သည်။ ရွှေဥကင်၏ လွန်ကဲသောကျေးဇူး အထူးပြုမှုကြောင့်ပင် ရွှေပလ္လင်သည်လည်း ပိုမိုတင့်တယ်ရပေသည်။ ရွှေဥကင်၏ အပြောက်အမွှမ်းများသည် အလှသဘောသက်သက်မဟုတ်ချေ။ တစ်ခုချင်းရော ၊ လွှမ်းခြုံလျက်ပါ အဓိပ္ပာယ်ရှိသည်။ သုံးကျိပ် သုံးယောက်သော သိကြားနတ်တို့ အမြဲစောင့်လျှောက်သည့် သဘောကို ရည်၍ ဥကင်တော် ဝဲယာပန်းများရှိ သိကြားနတ်ရုပ် ၇ ရုပ်စီ ပေါင်း ၁၄ ရုပ်နှင့် ဥကင်နတ်ဆောင်ဝဲယာတွင် ၈ ရုပ်စီပေါင်း ၁၆ ရုပ်၊ နှစ်ရုပ်ပေါင်း ၃ဝနှင့် မုတ်တိုင်ထိပ်ရှိ သမ္မာဒေဝနတ် ၂ ရုပ် ၊ ဒုယင်ဝမ်းရှိ သိကြားနတ်မင်းနှင့်တကွ တေတ္တိသ ၃၃ ယောက် နတ်သိကြားတို့ကို ဖော်ဆောင်လျက်ရှိလေသည်။ တစ်ဖက်စီ၏ အလယ်တွင် ကြာပန်းခံချက် နေနှင့်လ သရုပ်ဖော်ဒေါင်းရုပ်နှင့် ယုန်ရုပ်တို့လည်းရှိသည်။ သဘောမှာ စူဠဝံသ ၊ မဟာဝံသ ၊ နေလနှစ်ပါးမှ သက်ဆင်းပုံကို ဖော်ကျူးခြင်းဖြစ်သည်။ ဒုယင် ဝမ်းအောက်မှ သွိကားနတ်ရုပ် နဖူး၍ ရှေ့မှန်တိုင် (တွဲရရွဲဆွဲ)စိုက်သည်။ အဓိပ္ပာယ်မှာ 'သင်မင်းကြီးသည် ငါ၏ နဖူး၌ တည့်တည့်မတ်မတ် စိုက်နေသော ှေမှန်တိုင်ကဲ့သို့ မတိမ်းမစောင်း ဖြောင့်မတ်စွာထား တရားစီရင်လေ' ဟူ၍ ဖြစ်ပေသည်။ ထို့ပြင် ခြူးပန်းခြူးနွယ်တို့ဖြင့် တန်ဆာဆင်သော ဥကင်တံခါး ရွက်အလယ်၌လည်း လောကနတ်ရုပ်ကို အသားပေး ထွင်းထုထားသည်။ လောကနတ်ရုပ်၏ ဥကင်တံခါးရွက်သာမက ပလ္လင်ရှေ့တွင်ပါ တွေ့ရသည်။ စည်း ၊ စည်တီးလျက် ကနေသော လောကနတ်ရုပ်နှင့် တွဲလျက် ခြင်္သေ့နှင့် ဆင်ပျံတို့ သဲကြီးမဲကြီးရန်ပြုနေပုံ အရုပ်များပါ တွေ့နိုင်သည်။ မင်းနှင့်တကွ သူကောင်းတို့သည် လောကနတ်သည် ရန်ကိုငြိမ်းစေနိုင်သော နတ်ဖြစ်သည်ဟု ယူဆွကြသည်။ ယူပုံမှာ- တိမ်ညွှန့်ကို အစာအလို့ငှာရလိုကြသော ဆင်ပျံနှင့် ခြင်္သေ့တို့သည် အစာအတွက် ရန်ဖက်ကြသည်။ သဲသဲမဲမဲ ရန်ပွားဆင်ခိုက် လောကနတ်၏ တေးဆို စည်တီး အကွက်တီးကဟန် ကြားသိရသောအခါ ဆင်ပျံနှင့် ခြင်္သေ့တို့ ရန်ကိုခဲလက် လောကနတ်ြေရင်းတွင် ဝပ်ဆင်းအပန်းြေကြသည်ဟူသော နောက်ခံ ဒဏ္ဍာရီ ကိုမှီ၍ လောကနတ်သည် တေးကိုသီ၏။ ရန်ကို ငြိမ်း၏။ ငြိမ်းချမ်းသော အငွေ့ကိုပေး၏။ သူကား ငြိမ်းချမ်းရေးနတ် ၊ ရန်ကိုဖယ်ရှားသောနတ်တည်းဟု ယူကြလျက် မင်းနှင့်တကွ ပညာရှိတို့ အကောက်အယူရှိကြသဖြင့် လ္လေင်ှေွတွင် ထားခဲ့ကြပေသည်။ ရာဇပလ္လင် ဥကင်တော်အတွင်းဘက် 'သည်မ'တိုင်၌ မင်းအဆက်ဆက်ပသခဲ့သော မဟာဂီရိနတ်ကွန်းကို အမိုးသုံးထပ် လက်ရန်းတပ်လျက် ကွန်းပြုထားသည်ဟု ဆိုသည်။ အမျိုးသားပြတိုက် သီဟာသနပလ္လင်၏ ဥကင်တွင် မဟာဂီရိနတ်ကွန်းကိုမတွေ့ရချေ။ မှတ်တမ်းများ အရဆိုလျှင် အမျိုးသားပြတိုက်ရှိ သီဟာသနပလ္လင်သည် ရှေးအခါက ပလ္လင်၏ဝဲယာတွင် ထားရှိသည့် လေးတောင်ခန့်မြင့်သော ခြင်္သေ့ရုပ်နှင့် ပလ္လင်အောက်ဆုံးခုံမှ သူငယ်တော်ရုပ်များမှာ ပြန်လည်ရရှိစဉ်မှပင် ပျောက်ဆုံးခဲ့ပြီဖြစ်သည်။ ယခုအခါ သီဟာသနပလ္လင်တော်နှင့် ဝဲယာမင်းခမ်းတော် ပစ္စည်းများကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်စေခြင်းငှာ အမျိုးသားပြတိုက်ကြီးတွင် ခင်းကျင်းပြသထားပေသည်။
ကျမ်းကိုးစာရင်း
ပြင်ဆင်ရန်- ဇေယသင်္ခယာ ၊ ရွှေဘုံနိဒါန်း ၊ ရန်ကုန် ၊ ဟံသာဝတီပုံနှိပ်တိုက် ဒု ၁၉၆၀
- ဦးမင်းနိုင် 'သီဟာသနပလ္လင်နှင့် သိမှတ်ဖွယ်ရာများ' ဒေါင်းမြန်မာဂျာနယ် (၁-၂-၈၈) စာ-၁၅၊၁၇။
- ခင်မောင်ဖြူ (ယဉ်ကျေးမှု) 'သီဟာသန ရွှေပလ္လင်' ငွေတာရီ မဂ္ဂဇင်း (၁၉၈၂ ခု ၊ နိုဝင်ဘာလ) စာ ၅၅ ၊ ၅၉