ဧကကနိပါတ် - အပဏ္ဏကဝဂ် - ၁၀ - သုခဝိဟာရိဇာတ်။ ။ ထီးနန်းစွန့်၍ ရသေ့ရဟန်း ပြုလုပ်နေထိုင်ရခြင်း၌ ချမ်းသာလှသဖြင့် ဥဒါန်းကျူးသော ရသေ့အကြောင်း။

ချမ်းသာလေစွ ရဟန်းဘဝ

ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အနုပိယမြို့ အနုပိယ သရက်ဥယျာဉ်၌သီတင်းသုံးတော်မူစဉ် ဥပါလိနှင့်အတူ ရဟန်းပြုဘက်ဖြစ်သော သာကီဝင်မင်းသား ခြောက်ယောက်အပါအဝင် အရှင်ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ရောက်လေရာရာ အရပ်တို့၌မိမိကိုယ်ကို ဘေးရန် မရှိသည်ကို သိကာ အလွန် ချမ်းသာလှသဖြင့် “ ဩော် ... ချမ်းသာစွ၊ဩော် ... ချမ်းသာစွ” ဟု ဥဒါန်းကျူးလေ့ရှိ၏။

ရဟန်းတို့ ကြားလတ်သော် ဘုရားရှင်အား“အရှင်ဘုရား ဘဒ္ဒိယမထေရ်သည် အရဟတ္တဖိုလ်ကို ပြောကြားကာ နေသည်” ဟု လျှောက်ကြလေလျှင် “ရဟန်းတို့ ... ဘဒ္ဒိယမထေရ်သည် ယခုအခါ၌သာ ချမ်းသာစွာနေလေ့ရှိသည် မဟုတ်၊ ရှေးအခါ၌လည်းချမ်းသာစွာ နေလေ့ရှိ၏” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပြင်ဆင်ရန်

ငါးရာရသေ့တရားမွေ့

ပြင်ဆင်ရန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုတော်မူလတ်သော် ဥဒိစ္စ ပုဏ္ဏားသူကြွယ် တစ်ယောက်သည်ကာမဂုဏ်တို့၌ အပြစ်ကို လည်းကောင်း၊ ရဟန်းအဖြစ်၌ အကျိုးအာနိသင်ကို လည်းကောင်း မြင်၍ကာမဂုဏ်တို့ကို စွန့်လွှတ်ကာ ဟိမဝန္ဓာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ နေလေ၏။ သမာပတ်ရှစ်ပါးနှင့် ပြည့်စုံ၏။ အခြံအရံ တပည့်ငါးရာ ရှိ၏။

မိုးအခါ ရသေ့အပေါင်း ခြံရံကာ ဟိမဝန္တာမှထွက်ခဲ့၍ ထိုထိုမြို့ရွာနိဂုံးတို့၌ ဒေသစာရီ လှည့်လည်သည်ရှိသော် ဗာရာဏသီပြည်သို့ရောက်ရှိ၍ မင်းကြီးကို အမှီပြုလျက် မင်းဥယျာဉ်တွင် မိုးလေးလပတ်လုံး နေလေ၏။

မင်းကြီးတောင်းပန် နေရပြန်

ပြင်ဆင်ရန်

မိုးကျွတ်သောအခါဟိမဝန္တာသို့ ပြန်ရန် မင်းကြီးကို ပန်ကြားလတ်သော် မင်းကြီးက “အရှင်ဘုရား ...အရှင်ဘုရားကား အိုမင်းပါပြီ၊ ဟိမဝန္တာ၌ နေသဖြင့် အကျိုးမရှိပါ၊ တပည့်တို့ကိုသာလွှတ်၍ အရှင်ဘုရား ဤဥယျာဉ်၌သာ နေတော်မူပါ” ဟု လျှောက်ထားလေ၏။ ဘုရားအလောင်း ရသေ့လည်းတပည့်ကြီးအား ရသေ့ငါးရာတို့ကို အပ်နှင်း၍ မိမိမူကား မင်းကြီးဥယျာဉ်၌ပင် နေရစ်ခဲ့၏။

တပည့်ကြီးကား မင်းစည်းစိမ်ကိုစွန့်လွှတ်ကာ ရသေ့ရဟန်းပြုလာသူ ဖြစ်၏။ ကသိုဏ်းပရိကံကို ပြုလျက် သမာပတ် ရှစ်ပါးနှင့်ပြည့်စုံ၏ ဟိမဝန္တာ၌ ဆရာရသေ့ ကိုယ်စားပြု၍ ရသေ့ငါးရာကို စောင့်ရှောက်ဆုံးမကာနေ၏။

မင်းကြီးရှေ့မှာ ဥဒါန်းကျူးရှာ

ပြင်ဆင်ရန်

တပည့်ကြီးသည်တစ်နေ့သ၌ ဆရာရသေ့ကြီးကို ဖူးမြော်ရန် သွားလိုသဖြင့် ရသေ့အပေါင်းကို ခေါ်၍“အရှင်တို့ ... သင်တို့သည် ငါမရှိသော်လည်း မပျင်းရိကြကုန်လင့်၊ ငါ ဆရာရသေ့ကြီးကိုဖူးမြောက်ပြီးလျှင် ဟိမဝန္တာသို့ ပြန်လာမည်” ဟု မှာထား၍ ဆရာရသေ့ထံ သွားလေ၏။ရောက်လျှင် လာကွတ်ပျူငှာပြုလျက် ဆရာ့အနီးဝယ် သပေါ့ဖျာ တစ်ခု၌ လျောင်းစက်ကာ နေ၏။

မင်းကြီးလည်း ရသေ့ကြီးကိုဖူးမြော်ရန်လာ၍ ရှိခိုးကာနေ၏။ တပည့်ကြီးလည်း မင်းကြီး လာသည်ကို မြင်သော်လည်းလျောင်းစက်ရာက မထဘဲ “ ဩော် ... ချမ်းသာစွ၊ ဩော် ... ချမ်းသာစွ” ဟု ဝမ်းမြောက်ဝမ်းသာဥဒါန်းကျူးလျက်သာ နေ၏။ ထိုအခါ မင်းကြီးသည် မိမိလာသည်ကို မြင်လျက် နေရာမှ မထဟုနှလုံးမသာသဖြင့် “အရှင်ဘုရား .... ထိုရသေ့ကား အလိုရှိတိုင်း စားလတ္တံ၊ ထို့ကြောင့် ဥဒါန်းကျူးလျက်ချမ်းသာစွာ အိပ်၍သာ နေ၏” ဟု လျှောက်ထားလေ၏။

ဥဒါန်းကျူးခြင်း အကြောင်းရင်း

ပြင်ဆင်ရန်

ရသေ့ကြီးက“မင်းကြီး ... ဤရသေ့ကား ရှေးအခါ သင်တို့ကဲ့သို့ မင်းဖြစ်ဖူး၏၊ ထိုရသေ့သည် ငါ့မှာမင်းဖြစ်စဉ် မင်း၏ စည်းစိမ်ကို ခံစားလျက် လက်နက်ကိုင်ရဲမက်တို့ အစောင့်အရှောက်ဖြင့်နေရသည် ဖြစ်လျက် ထိတ်လန့်တုန်လှုပ်ကာ ဤကဲ့သို့သော ချမ်းသာကို မရစဖူးဟု အောက်မေ့ကာမိမိ၏ ရဟန်းချမ်းသာကို လည်းကောင်း၊ ဈာန်ချမ်းသာကိုလည်းကောင်း အစွဲပြု၍ဥဒါန်းကျူးလေသည်” ဟု မိန့်တော်မူပြီးလျှင် -

“မြတ်သောမင်းကြီး ...

ရသေ့ ရဟန်းတို့ကား မိမိကိုသူတစ်ပါးတို့ကလည်း မစောင့်ရှောက်ရကုန်၊ မိမိကလည်း တစ်ပါးတို့ကိုမစောင့်ရှောက်ကုန်၊ ဝတ္ထုကာမ၊ ကိလေသာကာမတို့၌ တွယ်တာငဲ့ကွက်ခြင်း မရှိသဖြင့်ချမ်းသာစွာ နေရကုန်၏” ဟု တရားစကား ဟောကြားတော်မူလေသည်။

မင်းကြီးလည်း တရားတော်ကိုနာကြားပြီးလျှင် ရသေ့ကြီးကို ရှိခိုး၍ နန်းတော်သို့ ပြန်လေ၏။ တပည့်ကြီးလည်းဆရာရသေ့ကို ရှိခိုး၍ ဟိမဝန္တာသို့ ပြန်လေ၏။ ဘုရားအလောင်း ရသေ့လည်း ထိုဥယျာဉ်၌ပင်မယုတ်လျော့သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရလေ၏။

ဇာတ်ပေါင်း

ပြင်ဆင်ရန်

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော် ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ တပည့်ကြီး ရသေ့သည် - ယခုအခါ ဘဒ္ဒိယမထေရ်။

ဆရာ ရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ-

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

ပြင်ဆင်ရန်

(၁)တစ်ယောက် တစ်ယောက်၊ မစောင့်ရှောက်၊ လွန်မြောက် ရဟန်းမှာ။

(၂)ကာမဂုဏ်တွက်၊ မငဲ့ကွက်၊ စဉ်ဆက် ချမ်းသာရာ။

သုခဝိဟာရိဇာတ်ပြီး၏။

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ