သုတမဉ္စူ ဆုံးမစာ
သုတမဉ္စူ ဆုံးမစာ ကို နေမျိုးမင်းထင်ကျော်ခေါင်ဘွဲ့ရ အမှာတော်ရေး ဦးရှင်ကလေး (မြန်မာ ၁၁၈၆-၁၂၆၉)က ရေးသားခဲ့သည်။
- ၁။ “ကျင့်ဝတ်မြွက်ဖော်”၊ သူတော်သဘော၊ လောကသာရ၊ ဆုံးမခဲ့ချက်၊ ဦးတင်ရွက်လော့၊ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်မှ၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးလော့၊ ဘိုးဘွားမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲဒေါသ၊ မထအပ်စွာ၊ မျက်နှာငုံ့ငုံ့၊ ယုန်လျှင်ကျုံ့သို့၊ နှုတ်တုံ့မဝံ့၊ စောင်းမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံနေလျက်၊ ထွေထွေနည်းနာ၊ အဖြာဖြာ၌၊ ပညာယှဉ်မှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ အချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံဝယ်၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးလတ်သေး၊ ဆုံးမပေးသည်။ ။ “နောင်ရေးမြင်မြင် မြော်မြင်တည်း”။
- ၂။ “မခက်မချော်”၊ ကျင့်ရန်သော်ကား၊ သူတော်ဘာဝ၊ လုံ့လပညာ၊ ရှိမှသာလျှင်၊ ဥစ္စာရမည်၊ မှတ်မတည်ဘဲ၊ မူနည်သမ်းညို့၊ လူမိုက်တို့ကား၊ မည်သို့မသိ၊ ပျင်းရိရိနှင့်၊ မိမိနေရာ၊ စီးပွားလာအံ့၊ ကြမ္မာကိုချည်း၊ မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူမိုက်ထုံးကို၊ နှလုံးမမွေ့၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ ခြပုံးတောင်သို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တက်လှစေတော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊ နှလုံးစွဲကာ၊ စီးပွားရှာ၍၊ ဆရာသမား၊ မိဘအားကို၊ ညွတ်တွားရိုသေ၊ လုပ်ကျွေးလေတော့၊ လေးထွေအရောင်၊ မြင်းမိုရ်တောင်နှင့်၊ ချိန်ဆောင်နှိုင်းလည်း၊ အတိုင်းလွန်ဘိ၊ ကျေဇူးရှိသား၊ အမိကားတိုက်၊ အသိုက်မယား၊ သားအနွယ်ဆက်၊ ခက်လက်မျိုးဆွေ၊ ကျွန်ခြွေရွေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲကို၊ ဆင်းရဲဖျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်တင့်လှ၊ ဖြစ်တော်စွဟု၊ ပြောပလူဗိုလ်၊ ချီးမွမ်းဆိုလျက်၊ ကြည်ညိုဖြောင့်တန်း၊ မိတ်ခင်ပွန်းကို၊ ချစ်ပန်းနံ့ကြိုင်၊ လှိုင်သစေမှု၊ လုံ့လပြုလော့။ ။ “လူမှုကုံကုံ ထံထံတည်း”။