သုဓမ္မစာရီဖြတ်ထုံး

ပြင်ဆင်ရန်

ဖြတ်ထုံးဟူသည်မှာ တရားမျှတစွာ စီရင်ဆုံးဖြတ်သည့် ဆုံးဖြတ်ပုံ၊ ဆုံးဖြတ်နည်း အစဉ်အလာကို ဆိုလိုခြင်းဖြစ်ပေသည်။ သုဓမ္မစာရီဖြတ်ထုံးသည် ကောင်းသောတရားစောင့်ထိန်းသူဟူ၍ အဓိပ္ပာယ်ရသည့် အနွတ္ထအမည်ဖြင့် ခေါ်တွင်ထားသော တရားဆုံးဖြတ်သူ မင်းသမီး၏ အမည်ကိုအစွဲပြု ခေါ်ထားခြင်းဖြစ်လေသည်။ မြန်မာစကားပြေ ကျမ်းများတွင် ဖြတ်ထုံးကျမ်းအများအပြားရှိခဲ့ရာ အခြားဖြတ်ထုံးများမှာ မင်း၊ တရားသူကြီး၊ ခုံမင်း၊ ပညာရှိ ဘုရားအလောင်းတော်၊ ရသေ့ စသောအမျိုးသား ပညာရှိတို့၏ အမှုစီရင်ဆုံးဖြတ်ပုံများသာ ဖြစ်ပြီးလျှင် အမျိုးသမီးပညာရှိတို့၏ ဖြတ်ထုံးဟူ၍ ဇလာကဒေဝီဖြတ်ထုံးနှင့်သုဓမ္မစာရီဖြတ်ထုံး နှစ်စောင်သာ လျှင်ရှိခဲ့လေသည်။

ဇလာကဒေဝီသည် မဟော်သဓဇာတ်တော်လာ စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော်ပညာရှိ မိဖုရားကြီးဖြစ်သည်။ သုဓမ္မစာရီမင်းသမီးသည်မူ အခြားဖြတ်ထုံးကျမ်းများကဲ့သို့ အမည်အစွဲတပ်၍ ခေါ်ဝေါ်ထားသူသည် လူ့လောက၌ တစ်ကယ်ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မဟုတ်ဘဲ၊ ယင်းဖြတ်ထုံးကို ရေးသားပြုစုသူ၏ စိတ်ကူးဉာဏ် ကွန့်မြူးချက်ထဲမှ မင်းသမီးတစ်ပါးသာလျှင်ဖြစ်ချေသည်။ မင်းသမီး၏ဖြတ်ထုံးတစ်ခုဖြစ်သော မြွေပါ၊ ကြောင်၊ ခွေးတို့၏ ပုံပြင်အရဆိုလျှင် ထိုပုံပြင်ဝတ္ထုသည် ကမ္ဘာဦးခေတ်က ဂဟေပတိဝေဿပြည်၌ ဖြစ်ပျက်ခဲ့၍ တရားမျှတသော အဆုံးအဖြတ်ကို ခံယူလိုသော ထိုတိရစ္ဆာန်သုံးဦးတို့သည် ကမ္ဘောဇတိုင်း၊ မဒ္ဒရာဇ်ပြည်၊ မဒ္ဒရာဇ်မင်း၏သမီးတော် သုဓမ္မစာရီမင်းသမီး ထံသို့သွားရောက်ပြီးလျှင် အဆုံးအဖြတ် ခံယူကြသည်ဟုသာ ဖော်ပြထားလေသည်။

သုဓမ္မစာရီဖြတ်ထုံးကို ပြုစုရေးသားသူ၏အမည်နာမ၊ ဂုဏ်ထူးဝိသေသတို့ကို အမှတ်အသားမတွေ့ရချေ။ သို့ရာတွင် ထိုပုဂ္ဂိုလ်သည်ရာဇဝင်၊ ဇာတ်နိပါတ်၊ ပုရာဏ်ကျမ်းတို့အပြင် ရာဇသတ်၊ ဓမ္မသတ်တို့၌လည်း အခြေခံ ရှိပြီးလျှင် ဉာဏ်ထက်မြက်သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကိုမူ တွက်ဆရနိုင်ပေသည်။ စကားပြေအရေးအသားလည်း ရှင်းလင်း ပြတ်သားပြေပြစ်၍ သုံးနှုန်းထားသော ထီးသုံးနန်းသုံး စကားများကို ထောက်ထား၍ ကုန်းဘောင်ခေတ်အလယ်ပိုင်း၌ ရေးသားခဲ့သော စကားပြေလက်ရာတစ်ခုဟု ဆိုနိုင်၍ ထိုထက်စောသော လက်ရာဟူ၍ကားမယူဆနိုင်ချေ။ သုဓမ္မစာရီဖြတ်ထုံးကျမ်းကို သုဓမ္မစာရီဖြတ်ထုံးသုဓမ္မစာရီမင်းသမီးဖြတ်ထုံးသုဓမ္မစာရီဓမ္မသတ် စသည်ဖြင့်အမည်အမျိုးမျိုးတို့ဖြင့် ရှေးနှစ်ပေါင်းများစွာကပင် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်များတွင် သုဓမ္မစာရီ၏ ဖြတ်ထုံးဝတ္ထုပုံပြင်သုံးရပ်ပါရှိရာ

  1. မိမိတို့၏အရှင်သခင် သူဌေးသား၏အကျိုးကို စောင့်သိကာ တစ်နည်းတစ်ဖုံစီစဉ်ဆောင်ရွက်ပေးကြသော မြွေပါ၊ကြောင်၊ ခွေးတို့အနက် မည်သူသည်ရှေးဦးစွာ စားကောင်းသည်ဟု ပေးသောအဆုံးအဖြတ်၊
  2. သူဌေးသမီးတစ်ဦတည်းကိုချစ်မြတ်နိုးကြသော သူဌေးသားသုံးဦးအား မည်သူရထိုက်သည်ဟုပေးသော အဆုံးအဖြတ်၊
  3. သူကြွယ်သားတစ်ယောက်တည်းကို ချစ်မြတ်နိုးကြသော မယားသုံးယောက်အနက် မည်သည့် မယားကရ ထိုက်သည်ဟု ပေးသောအဆုံးအဖြတ်တို့ ဖြစ်လေသည်။


ယင်းသုံးပုဒ်၌သာလျှင် သုဓမ္မစာရီမင်းသမီးကိုယ်တိုင် အဆုံးအဖြတ်ပေးပုံများ ပါရှိ၍ စိတ်ကူးဉာဏ် အယူ အဆကို နှိုးဆွပေးပြီးလျှင် ဉာဏ်စေစားထားချက်များပါဝင်သည်။ သာမန်အားဖြင့်အဆုံးအဖြတ်မလွယ်နိုင်အောင် လျဉ်းပါးဖွယ် ပြဿနာအမျိုးမျိုးကို အုံဖွဲ့ဖန်တီးပေးပြီးမှ နောက်ဆုံးတွင် ခိုင်လုံသော အကျိုးအကြောင်းပြချက်များဖြင့် အခက်အခဲ အထုံးအဖွဲ့များကို ဖြတ်တောက်ဖြေရှင်းပြသည်။ အဆုံးအဖြတ် ပြုရသည့် ပြဿနာများတွင် ဖြစ်နိုင်စကောင်းသော အဆုံးအဖြတ် သုံးနည်းသုံးသွယ်ကို ဖန်တီးလမ်းဖွင့် ပေးထားသောလည်း အမှန်တရားသည် တစ်ခုသာ ဖြစ်တတ်သည့်အားလျော်စွာ ဖြစ်သင့်ဖြစ်ထိုက်သော အဆုံးအဖြတ်ကို အကြောင်းယုတ္တိခိုင်လုံစွာဖြင့် စီရင်ချမှတ်ပေးထားလေသည်။ ထို့ကြောင့်အချို့က သုဓမ္မစာရီဓမ္မသတ်ဟူ၍ပင် ခြီးမြှင့်ခေါ်ဝေါ်ကြခြင်း ဖြစ်လေသည်။

ယင်းသို့ ဉာဏ်စေစားရသော ပုံပြင်များသည် မဟော်သဓဇာတ်တော်နှင့်အချို့သောဇာတ် နိပါတ်တော်များတွင်လည်း အများအပြားပါရှိရာ ဉာဏ်ကစားလိုသူ၊ တရားဥပဒေတွင် လေးနက်စွာ ဆင်ခြင် တွေးတောလိုသူ၊ စဉ်းစား ဉာဏ်ရင့်သန်လိုသူတို့ နှစ်ခြိုက်သော ပုံပြင်များဖြစ်ကြသည်။ သက္ကတပုရာဏ်ကျမ်းများတွင်လည်း ထိုပုံပြင်မျိုးပါရှိရာ ကြမ္မာဒိုက်ဝတ္ထုသည် ထိုသို့သော ဉာဏ်စေစားရသည် ဝတ္ထုပုံပြင်မျိုးဖြစ်လေသည်။ ကာလပေါ် စုံထောက်ဝတ္ထုများသည် ယင်းသို့သော ဉာဏ်စေစားရသည့် ရှေးဝတ္ထုပုံပြင်တို့ကို အခြေခံခဲ့သည်ဆိုက မှားအံ့မထင်။ သုဓမ္မစာရီဝတ္ထုပုံပြင်ကဲ့သို့ ဉာဏ်စေစားမှုဖြစ်စေသော ပုံပြင်ဝတ္ထုမျိုးသည် မြန်မာစာပေတွင် ရှေးအခါကပင် ရှိခဲ့ခြင်းသည် မြန်မာတို့အဖို့ဂုဏ်ယူဖွယ် တစ်ရပ်ဖြစ်ပေသည်။ သုဓမ္မာစာရီဖြတ်ထုံးကျမ်းတွင် မင်းသမီး၏ ဖြတ်ထုံးသုံးရပ်သာ ပါရှိ၍ သင်္ခဏ်းစာပေးဝတ္ထုများနှင့် အဆုံးအဖြတ်ပေး အခြားဝတ္ထုပုံပြင်များအပါအဝင် ဝတ္ထုပုံပြင် ၁၃ ပုဒ်နှင့်စုပေါင်းရိုက်နှိပ်ထားသည်။ ယင်းသည် အကြောင်းရှိပေသည်။ သုဓမ္မစာရီဖြတ်ထုံး သုံးရပ်နှင့် ကျန်ဝတ္ထုပုံပြင် ၁၃ ပုဒ်တို့တွင် ဆက်သွယ်ရေးဟန်များ၊ စကားလုံးဝေါဟာရတို့ကို တိုတိုကျဉ်းကျဉ်းသုံးနှုန်းထားပုံ၊ ဝါကျဖြတ်တောက်ရေးသားပုံတို့သည် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်း လက်ရာကဲ့ သို့ပြေပြေညီညီ ရှိနေသည်။ သို့သော်ဇာတ်လမ်းဇာတ်အိမ်ဖွဲ့မှု ပြဿနာ အဆုံးအဖြတ် တင်ပြပုံတို့မှာကား သုဓမ္မစာရီ မင်းသမီး၏ဖြတ်ထုံးများကဲ့သို့ မခိုင်လုံဘဲ လျော့လျည်းလျည်းရှိသည်။ ကျန်ပြဿနာဝတ္ထု အသီးသီးတွင် ဖြတ်ထုံးစီရင်သူသည် တစ်ထုံးခြားစီဖြစ်၍ တိမ်ငုပ်သော ပြဿနာကိုဖော်ထုတ်သော ဝတ္ထုသုံးပုဒ်သာလျှင်ပါရှိရာ မဟော်သဓာဇာတ်တော်လာ ပြဿနာဖြေခန်းများကို မှီငြမ်းပြုကာ ရေးသားထားသည်။ ကျန်ပုံပြင်များမှာ ဖြတ်ထုံးပုံပြင်များသဘောထက် တရားပြသောသဘော၊ ဆုံးမဩဝါဒပေးသော သဘောများပါရှိပြီးလျှင် ဇာတ် နိပါတ်တော်များနှင့်မဟာရာဇဝင်ကြီး ကိုမှီငြမ်းပြုထားသော ဝတ္ထုပုံပြင်များဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုဖြတ်ထုံးကျမ်းပါဝတ္ထုပုံပြင် ၁၆ ပုဒ်စလုံးသည် အရေးအသား တစ်ပြေးညီညာရှိ၍ ပုဂ္ဂိုလ်တစ်ဦးတည်း၏ လက်ရာဟု ခန့်မှန်းရပြီးလျှင် ထိုစာပေစုတစ်စုလုံးကို တစ်စုတစ်ပေါင်း တည်းစတင် တွေ့ရှိခဲ့ကြ သဖြင့် တစ်အုပ်တည်းပေါင်းဖွဲ့၍ ပုံနှိပ်ခြင်းဖြစ်တန်ရာပေသည်။

သုဓမ္မစာရီဖြတ်ထုံးကျမ်းသည် အခက်အခဲဖြေရှင်းပုံ ရှင်းလင်းပြတ်သားမှု၊ ဇာတ်အိမ်ဇာတ် ကွက်ခိုင်ခန့်မှု စသည့် အင်္ဂါရပ်များနှင့်ပြည့်စုံကောင်းမွန်ခြင်းကြောင့် ထိုကျမ်းကို ၁၂၄၃ ခုနှစ်တွင် မစ္စတာ စီ၊ဂျေ၊ဗန်ဒေါင် (C.J. Bandow) ဆိုသူက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီးလျှင် ("The Precedents Of Princess Thoodamma Tsari") ရန်ကုန်မြို့တွင်ပင် ပုံနှိပ်ထုတ်ဝေခဲ့ရာ စာမျက်နှာ ၈၉ ရှိသည်။ တစ်ဖန် ၁၂၆၃ ခုနှစ်တွင်ပြင်သစ်လူမျိုး လူဝီ ဗော့စီယွန် (Louis Vossion)က ပြင်သစ်ဘာသာသို့ပြန်ဆိုပြီးလျှင် ပြင်သစ်နိုင်ငံပါရစ်မြို့၌ ပုံနှိပ်ထုတ်ဝေရာ (Contes birmans d'après le Thoudamma Sâri dammazat) စာမျက်နှာ ၁၄၅ ရှိလေသည်။

ဤသို့အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာတို့ကို ပြန်ဆိုရလောက်အောင် ထင်ရှားခဲ့သော သုဓမ္မစာရီဖြတ်ထုံး သုံးရပ်အနက် ဖြတ်ထုံးတစ်ရပ်ကို အကဲခတ်လေ့လာနို်င်ရန် အောက်တွင်အတိုချုံးဖော်ပြလိုက်ပေသည်။ သုဓမ္မစာရီမင်းသမီးနေထိုင်ရာ ကမ္ဘောဇတိုင်း၌ပင် အလွန်ချစ်ခင်ရင်းနှီးသော သူဌေးလေးဦးရှိသည်။ သူဌေး သုံးဦးတွင် သားတစ်ယောက်စီ အသီးသီးရှိကြ၍ ကျန်တစ်ဦးမှာ ကြန်အင်လက္ခဏာနှင့်ပြည့်စုံသော သမီးတစ်ယောက် ရှိလေသည်။ သူဌေးသားသုံးဦးလုံးကပင် ထိုသတို့သမီးငယ်အား အလိုရှိကြသည်။ သူဌေးသားတစ်ဦးကအကယ်၍ ထိုသတို့သမီးငယ်သည်အသက် ၁၅ နှစ်မပြည့်မီ ကွယ်လွန်ခဲ့သော် မိမိကိုယ်တိုင် အလောင်းကိုထမ်း၍ သင်္ဂြိုဟ်ပါမည်ဟူ၍လည်းကောင်း၊ အခြားတစ်ဦးက ထိုသို့သတို့သမီးငယ်လွန်ခဲ့ပါမူ အရိုးကိုမိမိလွယ်ပါမည်ဟူ၍ လည်းကောင်း၊ တတိယသူဌေးကမူ ယင်းသို့ဖြစ်ငြားအံ့၊ လုပ်တိုင်း(သင်းချိုင်း)တွင်မိမိစောင့်ပါမည်ဟူ၍လည်းကောင်း အသီးသီး ကတိကဝတ်ပြုကာ သူဌေးသမီးငယ်အား တောင်းခံကြလေ၏။ အကြောင်းတိုက်ဆိုင်လာသဖြင့် သူဌေးသမီးငယ်သည် ၁၅ နှစ်မပြည့်မီပင်နာ၍လွန်လေသည်။ ထိုအခါသူဌေးသား သုံးဦးတို့သည် မိမိတို့ထားရှိသည့်ဂတိအတိုင်း အသီးသီး ဆောင်ရွက်ကြသည်။ ဟိမဝန္တာမှလာသောဇော်ဂျီရသေ့ တစ်ပါးသည် အရိုးစုလွယ်သူနှင့်တွေ့လျှင်အကျိုးအကြောင်း စုံစမ်းသိရှိရသည့်အခါ ဂရုဏာသက်ဝင်သဖြင့်မိမိ၏ အတတ်ဖြင့် အရိုးစုကိုပြန်၍ အသက်ဝင်စေရာ ရှေးကအတိုင်း ကြန်အင်လက္ခဏာနှင့်ပြည့်စုံသော သတို့သမီးငယ် ပြန်၍ ဖြစ်လာလေသည်။ ထိုအခါသူဌေးသားသုံးဦးတို့သည် သူရထိုက်၊ ငါရထိုက်ဟူ၍ အငြင်းပွားကြရာနောက်ဆုံးတွင် သုဓမ္မစာရီ မင်းသမီး အဆုံးအဖြတ်ကို နာခံရန်သဘောတူကြလေသည်။


ထိုအခါမင်းသမီး၏ အဆုံးအဖြတ်မှာ သူဌေးသား သုံးဦးလုံးပင် မိမိတို့၏ ဂတိအတိုင်း ညီညွတ်စွာစောင့်ထိန်း ဆောင်ရွက်ခဲ့ကြသည်မှန်သော်လည်း လုပ်တိုင်းတွင် စောင့်ရသူသည် အမျိုးခုနစ်ဆက်တိုင်အောင် အယုတ်အညံ့ခံ၍ စောင့်ရသူဖြစ်သည်။ ထို့ပြင်သူစောင့်သည့်အခိုက်တွင်ပင် သတို့သမီးငယ်ပြန်၍ အသက်ဝင်ခဲ့လေရာသေနေစဉ် အတွင်းကပင် အတူနေခဲ့သူဖြစ်၍ အသက် ပြန်ဝင်သည့်အခါလည်း ထိုသူပင်အတူနေထိုက်သဖြင့် တတိယသူဌေးသားသည် သတို့သမီးငယ်ကိုရယူစေဟု အဆုံးအဖြတ်ပေးလေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)