တာဝတိံသာနတ်ပြည်တွင် သိကြားမင်းသည် သုဓမ္မာဇရပ်တော်၌ မှုခင်းများကို စီစဉ်ဆုံးဖြတ်လေ့ ရှိသည်။ ဤအစဉ်အလာအရ မြန်မာဘုရင်များလက်ထက်တော်က သာသနာရေးဆိုင်ရာ မှုခင်းများကို ဆရာတော်ကြီးများစုဝေးဆုံးဖြတ်ရာ၌ ထိုနေရာဌာနကို "သုဓမ္မာ" ဟုခေါ်သည်။ ယင်းအစည်းအဝေးသို့ တက်ရောက်ခွင့်ရသော ဆရာတော်များကို သုဓမ္မာဝင်ဟုခေါ်သည်။ သံဃာ့ဂိုဏ်းများ မကွဲမပြားတစ်စည်းတစ်လုံးတည်းရှိစဉ်က မြန်မာနိုင်ငံတွင်သံဃာအားလုံးသည် သုဓမ္မာဝင်ဆရာတော်ကြီးများ၏ အုပ်ချူပ်မှုအောက်တွင် ရှိနေကြသည်။ ထိုသို့ရှိနေရာမှ မင်းတုန်းမင်းကြီးလက်ထက်တွင် 'ရွှေကျင်'ဂိုဏ်းခွဲထွက်သွားသောအခါ ရွှေကျင်ဂိုဏ်းဝင်မဟုတ်သော သံဃာများကို သုဓမ္မာ ဂိုဏ်းဝင်အဖြစ်ခေါ်ဆိုကြသည်။