ဗုဒ္ဓဘာသာသမိုင်းတွင် သုပ္ပိယာဥပါသိကာသည် ဂိလာနုပဋ္ဌာကီအရာ၌ ဧတဒဂ်ရာထူး (သူနာရဟန်းများကို ထူးချွန်စွာ ပြုစုသူအဖြစ် အမြတ်ဆုံးရာထူး) ရရှိခဲ့သူအဖြစ် ထင်ရှားသည်။ ၎င်း၏ ဘဝဇာတ်ကြောင်းသည် ကုသိုလ်ကောင်းမှု၊ သဒ္ဓါတရားနှင့် မြတ်စွာဘုရားအပေါ် ကြည်ညိုမှု၏ သာဓကတစ်ခုဖြစ်သည်။ ဤဆောင်းပါးတွင် ၎င်း၏ ရှေးကောင်းမှု၊ နောက်ဆုံးဘဝနှင့် ဧတဒဂ်ရာထူးရရှိပုံကို ဖော်ပြထားသည်။[]

(က) သုပ္ပိယာ၏ ရှေးကောင်းမှု

ပြင်ဆင်ရန်

သုပ္ပိယာဥပါသိကာ၏ အလောင်းဘဝသည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်ကာလ၌ ဟံသာဝတီမင်းနေပြည်တွင် အမျိုးကောင်းသမီးအဖြစ် ဖြစ်ပွားခဲ့သည်။ ထိုဘဝ၌ ၎င်းသည် မြတ်စွာဘုရား၏ တရားတော်ကို နာယူစဉ် ပဒုမုတ္တရမြတ်စွာဘုရားရှင်က ဥပါသိကာတစ်ဦးအား "ဂိလာနုပဋ္ဌာကီ" (သူနာရဟန်းများကို ပြုစုသူ) အဖြစ် ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအခါ ၎င်းသည် ထိုရာထူးကို ရရှိလိုသည့် ဆန္ဒဖြင့် ကုသိုလ်ကောင်းမှု အဓိကာရများ ပြုလုပ်ကာ ပတ္ထနာဆုတောင်းခဲ့သည်။

(ခ) နောက်ဆုံးဘဝ၌ သုပ္ပိယာဥပါသိကာဖြစ်ခြင်း

ပြင်ဆင်ရန်

ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည်၊ လူ့ပြည်များ၌ ကျင်လည်ကျက်စားခဲ့ပြီး၊ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူသည့် ဤကာလ၌ ဗာရာဏသီပြည်ရှိ သူဌေးအိမ်တွင် သူဌေးသမီးအဖြစ် မွေးဖွားလာခဲ့သည်။ ၎င်း၏ အမည်ကို "သုပ္ပိယာ" ဟု မှည့်ခေါ်ကြပြီး၊ အရွယ်ရောက်သောအခါ သုဒ္ဓိယအမည်ရှိ သူဌေးသားထံသို့ လိုက်ပါကာ အိမ်ရှင်မဖြစ်ခဲ့သည်။

ထိုအချိန်၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်းနှင့်အတူ ဗာရာဏသီပြည်၊ ဣသိပတနမိဂဒါဝုန်ကျောင်းတိုက်သို့ ကြွရောက်တော်မူသည်။ သုပ္ပိယာသည် မြတ်စွာဘုရားကို ပထမအကြိမ် ဖူးမြင်ရစဉ် တရားတော်ကို ကြားနာပြီး သောတာပတ္တိဖိုလ်တည်ကာ သောတာပန်အရိယာဖြစ်လာခဲ့သည်။

သုပ္ပိယာ၏ အံ့ဩဖွယ်ဒါနစေတနာ

ပြင်ဆင်ရန်

တစ်နေ့သ၌ သုပ္ပိယာသည် မိဂဒါဝုန်ကျောင်းသို့ သွားရောက်၍ တရားနာပြီးနောက် ကျောင်းစဉ်လှည့်လည်စဉ်၊ ဝမ်းလျှောဆေးသောက်ထားသဖြင့် အားနွဲ့နာမကျန်းဖြစ်နေသော ရဟန်းတစ်ပါးကို တွေ့ရှိခဲ့သည်။ ၎င်းကို ရှိခိုးပြီး "အရှင်ဘုရား၏ ကျန်းမာရေးအတွက် အဘယ်အရာက သင့်ပါမည်နည်း" ဟု မေးမြန်းရာ၊ ထိုရဟန်းက "သားမျိုးဟင်းရည် (စွတ်ပြုတ်ရည်) ရလျှင် သင့်လျော်ပါသည်" ဟု ဖြေကြားသည်။ သုပ္ပိယာက "ရှိပါစေ အရှင်ဘုရား၊ တပည့်တော်မက ပို့လိုက်ပါမည်" ဟု လျှောက်ထားကာ မြို့တွင်းသို့ ပြန်လာခဲ့သည်။

နောက်တစ်နေ့၌ ၎င်းသည် ပံသုကူအသား (မိမိပယောဂမပါဘဲ အလိုလိုဖြစ်သော အသား) ရယူရန် အိမ်စေကျွန်မကို ဈေးသို့ လွှတ်လိုက်သော်လည်း၊ တစ်မြို့လုံးတွင် ထိုအသားရှာမရကြောင်း အိမ်စေကျွန်မက ပြန်လျှောက်သည်။ သုပ္ပိယာသည် "ငါက အရှင်မြတ်အား စွတ်ပြုတ်ရည် ပို့လိုက်မည်ဟု ကတိပြုခဲ့ပြီး၊ မပို့ပါက အရှင်မြတ် ပင်ပန်းနိုင်သည်" ဟု စဉ်းစားကာ၊ အိပ်ခန်းထဲသို့ ဝင်၍ မိမိ၏ ပေါင်သားကို ဖြတ်ယူပြီး အိမ်စေကျွန်မအား "ဤအသားကို ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောစပ်၍ စွတ်ပြုတ်ရည်ပြုလုပ်ပြီး ဂိလာနရဟန်းထံ လှူပါ၊ မေးလျှင် ငါနေမကောင်းဟု ပြောပါ" ဟု မှာကြားလိုက်သည်။ အိမ်စေကျွန်မက အမိန့်အတိုင်း ဆောင်ရွက်ခဲ့သည်။

မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍၊ နောက်တစ်နေ့ ဆွမ်းခံကြွရာတွင် သုပ္ပိယာ၏ အိမ်သို့ ကြွရောက်တော်မူသည်။ သုပ္ပိယာက "နေမကောင်းပါ" ဟု လျှောက်သော်လည်း၊ မြတ်စွာဘုရားက "ပွေ့ချီ၍ဖြစ်စေ ခေါ်ဆောင်လာခဲ့" ဟု မိန့်တော်မူသည်။ သုပ္ပိယာကို ပွေ့ချီလာစဉ် မြတ်စွာဘုရားကို ဖူးမြင်လိုက်ရသည်နှင့် ၎င်း၏ အနာသည် ချက်ချင်းပျောက်ကင်း၊ အသားနုတက်ကာ ပကတိအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုအခါ ဇနီးမောင်နှံသည် မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို အံ့ဩချီးကျူးကာ၊ ဘုရားအမှူးရှိ သံဃာတော်ကို ဆွမ်းဖြင့် ပြုစုလှူဒါန်းခဲ့ကြသည်။

ဆွမ်းဘုဉ်းပြီးနောက် မြတ်စွာဘုရားသည် ၎င်းတို့အား တရားဟောကာ ကျောင်းသို့ ပြန်ကြွသွားပြီး၊ ရဟန်းသံဃာကို စည်းဝေးစေ၍ ထိုရဟန်းအား မေးမြန်းတော်မူသည်။ ရဟန်းက "အသားကို မမေးမြန်းဘဲ စားမိပါသည်" ဟု ဖြေသဖြင့်၊ မြတ်စွာဘုရားက "လူသားကို မစားအပ်၊ စားလျှင် ထုလ္လစ္စဉ်းအာပတ်သင့်စေ၊ မမေးဘဲ စားလျှင် ဒုက္ကဋ်အာပတ်သင့်စေ" ဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့သည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း

ပြင်ဆင်ရန်

နောက်ပိုင်းတွင် မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတိုက်၌ ဥပါသိကာများအား ဧတဒဂ်ရာထူးများ ချီးမြှင့်တော်မူစဉ်၊ သုပ္ပိယာကို "ရဟန်းတို့၊ ငါ၏ သာဝိကာဥပါသိကာများတွင် သူနာကို ပြုစုတတ်သူတို့၌ သုပ္ပိယာသည် အသာဆုံး အမြတ်ဆုံးဖြစ်သည်" ဟု မိန့်ကာ "ဂိလာနုပဋ္ဌာကီအရာ"၌ ဧတဒဂ်ရာထူး၌ ထားတော်မူခဲ့သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၆၀၆၊ ၆၀၇။
  2. မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မင်းကွန်းဆရာတော်