သုရုသုရုသိက္ခာပုဒ် (သုရုသုရုဝဂ်)

[ဤသိက္ခာပုဒ်ကား ကောသမ္ဗီမြို့, ဃောသိတာရုံကျောင်းတိုက်၌ ပညတ်အပ်သော သိက္ခာပုဒ်တည်း။]

ရှရူး ရှရူး မြည်စေခြင်း

ပြင်ဆင်ရန်

ဗြာဟ္မဏ (ဗြာဟ္မဏ်-ပုဏ္ဏား) တယောက်သည် သံဃာတော်များအတွက် နွားနို့ကိုစီစဉ်ထား၏၊ ရဟန်းတို့သည် နွားနို့ကို “ရှရူးရှရူး”အသံမြည်အောင် သောက်ကြ၏။ ဇာတ်လူပျက်ဘဝမှ ရဟန်းပြုလာသော ကိုယ်တော်က “သဗ္ဗောယံ မညေ သံဃော သီတိကတော=ဤသံဃာအားလုံးကို အဧနှိပ်စက်ထားဟန် တူတယ်၊ (ချမ်းလွန်းလို့ ရှူးရှူးလုပ်နေဟန်တူတယ်)” ဟု ပြက်ရယ်ပြု လေသည်၊ ထိုအခါ အလှောင်ခံရသော ရဟန်းများက “လှောင်ရပြောင်ရ ကောင်းလား” ဟု ကဲ့ရဲ့ကြပြီးလျှင် ဘုရားရှင်အား လျှောက်ကြလေရာ-“န ဘိက္ခဝေ ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ သံဃံဝါ အာရဗ္ဘ ဒဝေါ ကာတဗ္ဗော၊ တော ကရေယျ၊ အာပတ္တိ ဒုက္ကဋဿ = ဘုရား, တရား, သံဃာနှင့်စပ်၍ ပြက်ရယ် မပြုရ, ပြုလျှင် ဒုက္ကဋ်အာပတ်ဟု သိက္ခာပုဒ် ပညတ်တော်မူရလေသည်။ [ဤကား သေခိယ မဟုတ်သေး၊ ကြား သိက္ခာပုဒ်တော် တမျိုးသာဖြစ်သည်။ ထို့နောက် “ရှရူးရှရူး”ဟု အသံမြည်အောင် နွားနို့သောက်မှုလည်း လူကြီးသူမတို့ အပြုအမူ မဟုတ်ရကား- []

“န သုရုသုရုကာရကံ ဘုဉ္ဇိဿာမီတိ သိက္ခာကရဏီယာ”။ ဟု ဤသေခိယ သိက္ခာပုဒ်တော်ကိုလည်း ပညတ်တော် မူရပြန်သည်။

မြန်မာပြန်

ပြင်ဆင်ရန်

“ရှရူးရှရူးဟု အသံပြု၍ မစားမသောက်အံ့” ဟု အလေ့ အကျင့်ကို ပြုရမည်၊ [ဤသိက္ခာပုဒ်တော်အရ ဆွမ်းစားရင်း ငရုပ်သီး စပ်သလို “ရှူးရှူး” ဟု အသံမမြည်စေရ၊ ဟင်းရည် နွားနို့စသော သောက်ဘွယ်ကို သောက်သောအခါလည်း “ရှရူးရှရူး”ဟု အသံ မမြည်စေရ၊ ဇွန်း-သောက်ခွက်တို့ကို နှုတ်ခမ်းနား၌ တေ့ပြီးမှ အနည်းငယ် မြှောက်၍ ကော်၍ သောက်ရသည်။ ]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး