သူဘုငါဘောက် သည် မြန်မာစာရေးဆရာ မင်းဆွေရေးသော ဝတ္ထုဖြစ်သည်။

ထုတ်ဝေခြင်း ပြင်ဆင်ရန်

၁၉၄၀ ပြည့်တွင် ရွှေဇင်ယော် စာအုပ်တိုက်မှ ထုတ်ဝေရန် ပြင်စဉ် အမည်တူစာအုပ် ထွက်ရန်ရှိသဖြင့် မယ့်တကိုယ် အမည်သို့ ပြောင်းထုတ်သည်။

နှစ်အတန်ကြာပြီးနောက် ကိုယ်ပိုင်စာအုပ်တိုက် ကြယ်နီမှ ဒုတိယအကြိမ် ပြန်ထုတ်ရာ မူလအမည် သူဘုငါဘောံ ကို ပြန်သုံးသည်။

၁၉၇၀ ပြည့်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလထုတ် စန္ဒာ ရုပ်စုံမဂ္ဂဇင်းတွင် ပြန်လည်ဆန်းသစ်ခြင်းကဏ္ဍ၌ ဖော်ပြခဲ့သည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ဦးဘဝင်းတို့နှင့် ဒေါ်သိန်းတင်တို့မှာ အိမ်နီးချင်းများ ဖြစ်သည်။ အိမ်ထောင်ဘက်များ ရှိစဉ်ကပင် နှစ်မိသားစု ခင်မင်ဝင်ထွက်နေကြသည်။ ကလေး ၂ ဦးဖြစ်သော သာဓုနှင့် ညွန့်ရီမှာ မတည့်။ အိမ်ထောင်ဘက်များ မရှိသည့်နောက် အသက် ၃၆ နှစ်ခန့်သာ ရှိသေးသော အရွယ်ကောင်းဆဲ ဒေါ်သိန်းတင်က ဦးဘဝင်းနှင့် တပင်ထူရန် ကြံသည်။ ညွန့်ညွန့်ရီကမူ သဘောမတွေ့။ အဓိကအချက်မှာ သာဓုကို ကြည့်မရ၍ ဖြစ်သည်။

သာဓုမှာ အသက် ၁၉ နှစ်ရှိပြီး ဆယ်တန်းအောင်သော်လည်း ကျောင်းဆက်မနေ။ ညွန့်ညွန့်ရီ ဆယ်တန်းအောင်ပြီးနောက် သူတို့နှစ်ဦး စိတ်ထားပြောင်းစေရန် အရှေ့ပိုင်း မြန်မာဆရာဖြစ်ကျောင်းသို့ ပို့ထားသည်။ ထိုကျောင်းရှိ ယောက်ျားအများစုက ညွန့်ညွန့်ရီအား စာပေးသော်လည်း သာဓု မပါ။ သာဓုမပါသေး၍ ငြိမ်နေသည်ဟု အငြင်းခံရဖူးသော ဘဝင်းက တွက်ကာ သာဓုကိုယ်စား ရည်းစားစာရေး၍ ညွန့်ညွန့်ရီအား ပေးသည်။

နောက်နေ့ စကားရည်လုပွဲ၌ "ယောက်ျားသည် မိန်းမထက် မြတ်သည်" ဟူသော အဆိုကို သာဓုက တင်ရပြီး "မိန်းမသည် ယောက်ျားနှင့် တန်းတူပင်ဖြစ်သည်" ဟု ညွန့်ညွန့်ရီက ချေရသည်။ သာဓုက အချို့သော မိန်းမတို့မှာ ယောက်ျားတို့နှင့် ပြိုင်၍ ကြက်တောင်ရိုက်ကြောင်း စောင်းချိတ်သည်။ မခံနိုင်သော ညွန့်ညွန့်ရီက သာဓုရည်းစားစာပေးကြောင်း ဖော်သည်။ သာဓုက သူမဟုတ်ကြောင်း ငြင်းမနေဘဲ ပရိသတ်တွင်း ဆင်းကာ ဘဝင်းကို ထိုး၍ ကျောင်းထွက်သွားသည်။

စာမေးပွဲများဖြေရန် နှစ်ပတ်ခန့်အလိုတွင် ဒေါ်သိန်းတင်နှင့် ဦးဘဝင်းတို့ မင်္ဂလာဆောင်ရန် စီစဉ်သည်။ သာဓုနှင့် မျက်နှာချင်းမဆိုင်လိုသော ညွန့်ညွန့်ရီက ကြက်တောင်ရိုက်ဖော် ဘီအိုစီစာရေး ကျော်ဖေကို ရေလာမြောင်းပေးလုပ်ရာ သမီးရည်းစားဖြစ်သွားသည်။

မင်္ဂလာဆောင်ပြီးနောက် ဦးဘဝင်းတိုက်သို့ ဒေါ်သိန်းတင်တို့သားအမိ ပြောင်းနေကြသည်။ ဆရာဖြစ်စာမေးပွဲ ဖြေပြီးသည့်နေ့တွင် မော်လမြိုင်ရှိ ဦးဘဝင်းအစ်ကိုတယောက် နေမကောင်းသဖြင့် ဇနီးမောင်နှံ သွားကြရန် ပြင်သည်။ သွားမည့်မနက်တွင် သာဓုက အိမ်သာဝင်သည်။ ဝမ်းနှုတ်ဆေးစားထားသော ညွန့်ညွန့်ရီက အတင်း တံခါးဖွင့်ခိုင်းနေရာ သာဓုက တံခါးဖွင့်ပေးသည်။ သို့သော် အတွင်းမှ မထွက်။ သို့ဖြင့် အိမ်သာထဲ၌ နှစ်ဦးသား စကားများနေစဉ် ဒေါ်သိန်းတင်ရောက်လာ၍ လူကြီးများမရိပ်မိအောင် ဟန်လုပ်သည်ဟု အထင်လွဲသည်။ သာဓုတို့နှစ်ဦးကို အိမ်ရှေ့ခေါ်ကာ ၎င်းတို့အားလည်း လက်ထပ်ပေးရန် စီစဉ်ထားကြောင်း ပြောနေစဉ် ကျော်ဖေ ရောက်လာ၍ ကြားသွားသည်။

ထိုညနေမှာ ကျော်ဖေနှင့် ကြက်တောင်ကစားရန် ချိန်းထားသောရက် ဖြစ်သည်။ ကျော်ဖေရောက်လာသော်လည်း မနက်ကဖြစ်ရပ်ကြောင့် နှစ်ဦးတည်းကျန်သော ညွန့်ညွန့်ရီတို့ကို စိတ်မချနိုင်ကြောင်း ပြောကာ ပြန်သည်။

ရည်းစားဦးနှင့် လွဲကာ မတည့်သူနှင့် အထင်မှားခံရ၍ စိတ်ထိခိုက်သွားသော ညွန့်ညွန့်ရီက မောင်းချဓားနှင့် မိမိကိုယ်မိမိ အဆုံးစီရင်ရန် ပြင်သည်။ သာဓုရောက်လာပြီး မသေနိုင်ကြောင်းပြောကာ လုပြီး ဓားမြှောင်ကို ပေးသည်။ တကယ်တမ်းတော့ မသေရဲသေးဘဲ ငိုကာသာ နေသည်။

၅ ရက်ခန့်ကြာသော် အိမ်ဖော် မိထူးနှင့် မာလီ ဖိုးတုတ် လိုက်ပြေးသည်။ မိထူးမရှိသည့်နောက် မီးဖိုခန်းဝင်ကာ ရေနွေးအိုးတည်သော် ခြေထောက် ရေနွေးလောင်သည်။ သို့ဖြင့် သာဓုက အပြင်စာသွားဝယ်၍ စားကြသည်။ ဒဏ်ရာမှာ ရေအိတ်တည်ပြီး ဖောင်းကြွသဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်။ ညွန့်ညွန့်ရီက စိတ်အားငယ်နေ၍ သာဓုအားဖက်ကာ ငိုသည်။ သာဓုက နှစ်သိမ့်ကာ ဆရာဝန် သွားခေါ်သည်။ ထိုစဉ် ကျော်ဖေထံမှ ဖြတ်စာ ရောက်လာသည်။ ညွန့်ညွန့်ရီ အိမ်မှ ထွက်သွားသည်။ သာဓုက လိုက်ရှာရာ ကန်တော်ကြီး မြောက်ဘက်စောင်း၌ တွေ့သည်။ သာဓုက အတော် ပြန်ခေါ်ရသည်။ အိမ်ပြန်ရောက်သော် ကျော်ဖေအား သူသွား၍ ဖြေရှင်းပေးပါမည်ဟု သာဓုက ကတိခံသည်။ ညွန့်ညွန့်ရီအား မေတ္တာရှိနေသော သူ့စိတ်ကို သူနားမလည်ကြောင်းလည်း ပြောသည်။ သာဓု သွားပြောပြီးနောက် ကျော်ဖေက အဆက်အသွယ် ပြန်လုပ်သည်။ သာဓုမှာမူ ညတိုင်း အရက်ကို မှီဝဲနေပြီ ဖြစ်သည်။

မော်လမြိုင်မှ ပြန်လာသည့်နောက် ဦးဘဝင်းက သာဓုကို အရက်နှင့်ပတ်သက်၍ ပြောဆိုရာ မနာခံ၍ သာဓု အိမ်မှ ဆင်းရသည်။ ညွန့်ညွန့်ရီက သူ့ကြောင့်ဖြစ်ရသည်ဟု တွက်သည်။ သို့ဖြင့် ဖိုးတုတ်တို့အိမ် သွားနေသော သာဓုကို လိုက်ခေါ်သည်။ သူတို့နှစ်ဦးလည်း အဆင်ပြေသွားသည်။

အဓိကဇာတ်ကောင်များ ပြင်ဆင်ရန်

သာဓု - အမည်ရင်း ခင်မောင်ဦး။ ညွန့်ညွန့်ရီနှင့် အမြဲ တကျက်ကျက် ဖြစ်နေသူ

ညွန့်ညွန့်ရီ - သာဓုနှင့် အမြဲ တကျက်ကျက် ဖြစ်နေသူ

ဦးဘဝင်း - အငြိမ်းစား တရားမဝန်ထောက်။ သာဓုဖခင် မုဆိုးဖို

ဒေါ်သိန်းတင် - ညွန့်ညွန့်ရီမိခင် မုဆိုးမ

အသံဝတ္ထု ပြင်ဆင်ရန်

၁၉၈၀ ဝန်းကျင်တွင် မောင်စိုးဟိန်း (မန်းတက္ကသိုလ်) စီစဉ်၍ ရွှေအိမ်တံခါး တေးသံသွင်းမှ တိပ်ခွေအဖြစ် ထုတ်သည်။

အသံဇာတ်ဆောင်များ ပြင်ဆင်ရန်

သာဓု အဖြစ် ကောလိပ်ဂျင် နေဝင်း

ညွန့်ညွန့်ရီ အဖြစ် ကြည်ကြည်သိန်း

ဦးဘဝင်း အဖြစ် ကိုစိမ်းအောင်

ဒေါ်သိန်းတင် အဖြစ် ဒေါ်မေနွဲ့

ကျော်ဖေ အဖြစ် ကိုကျော်ဝင်းအောင်