သူရမ္ဗဋ္ဌသူဌေးသည် မြတ်စွာဘုရား၏ သာသနာတော်တွင် ဘုရားရှင်အား မတုန်မလှုပ်ကြည်ညိုသည့်အရာတွင် အသာဆုံး၊ အမြတ်ဆုံး အဝေစ္စပသန္နဧတဒဂ် ရတော်မူ၏။[၁]


ဇာတ်ကြောင်း ပြင်ဆင်ရန်

သူရမ္ဗဋ္ဌသည် သာဝတ္ထိပြည်မှ သူကြွယ်တစ်ဦး ဖြစ်၏။ အစ၌ တိတ္ထိတို့၏ တပည့်ဒကာဖြစ်၏။ သူရမ္ဗဋ္ဌ၏ သောတာပန်ဖြစ်ရန် အကြောင်းဥပနိဿယကို မြင်တော်မူသော ဘုရားရှင်သည် ဆွမ်းခံကြွလာ၏။ သူရမ္ဗဋ္ဌလည်း ဘုရားရှင်အား အိမ်ထဲသို့ပင့်၍ ဆွမ်းကပ်၏။ ဘုရားရှင်လည်း တရားချီးမြှင့်တော်မူ၏။ အဆုံး၌ သူရမ္ဗဋ္ဌသည် သောတာပန်တည်လေ၏။

ဘုရားရှင် ပြန်ကြွတော်မူသောအခါ မာရ်နတ်သည် သူရမ္ဗဋ္ဌ မိမိနယ်မှ လွတ်မလွတ် စုံစမ်းလို၍ ဘုရားနှင့်တူအောင် ဖန်ဆင်းပြီးလျှင် သူရမ္ဗဋ္ဌ၏ အိမ်တံခါးသို့ ရောက်လာ၏။ သူရမ္ဗဋ္ဌသည် ဘုရားရှင်ပြန်ကြွလာသည်ဟူသော အမှတ်ဖြင့် ချဉ်းကပ်လာကာ ကြွလာခြင်းအကြောင်းကို လျှောက်ထားလေ၏။ ထိုအခါ ဘုရားအယောင်ဆောင်သော မာရ်နတ်က "သူရမ္ဗဋ္ဌ ... ငါဘုရား တရားဟောခဲ့စဉ်က တရားတစ်ခုကိုသတိမထား အမှတ်မဲ့ ဟောခဲ့မိသည်။ ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဟောခဲ့မိ၏။ သို့သော် ခန္ဓာတွေအကုန်လုံး သည်သဘောချည်း မဟုတ်။ မပျက်မစဲ ခိုင်မြဲသော ခန္ဓာတချို့ရှိသေးသည်" ဟု ဆိုလေ၏။

ကိုယ်တွေ့တရားမရှိသူဆိုလျှင် ဘုရားပဲဟု အတည်ပြု၍ မရ်နတ်စကားကို လက်ခံလိုက်မည်သာ ဖြစ်၏။ တရားကိုယ်တွေ့ဖြစ်ပြီး ယုံကြည်ဆုံးဖြတ်ပြီးဖြစ်နေသော သူရမ္ဗဋ္ဌကား ဤအချက်ကို လက်မခံနိုင်။ ထို့ကြောင့်စဉ်းစားသည်မှာ ဤစကားသည် အလွန်ဝန်လေးသော စကားဖြစ်၏။ ဘုရားရှင်တို့မည်သည် အမှု့မဲ့ အမှတ်မဲ့ ဟောမှုမရှိနိုင်။ ဘုရားရှင်၏ ဆန့်ကျင်ဘက်မှာ မာရ်နတ်ဖြစ်၏။ ဤသူသည် မာရ်နတ်ဖြစ်ရမည်ဟု စဉ်းစားပြီးလျှင် "သင် မာရ်နတ်မဟုတ်လော" ဟု ဆို၏။ မာရ်နတ်လည်း အရိယာကို မလိမ်ဝံ့သောကြောင့် ဟုတ်မှန်ကြောင်း ဝန်ခံရ၏။

ထိုအခါ သူရမ္ဗဋ္ဌက "အို မာရ်နတ်၊ သင်လို မာရ်နတ်မျိုး အရာအထောင်မက လာဖျက်ဆီးသော်လည်း ငါ၏သဒ္ဓါတရားကို လှုပ်ရှားစေနိုင်မည်မဟုတ်။ မဟာဂေါတမဘုရားရှင်သည် "သဗ္ဗေသင်္ခါရာ အနိစ္စာ" ကို ကြားရုံမျှမဟုတ်။ ကိုယ်တွေ့သိသည်အထိဖြစ်အောင် ဟောကြားခဲ့ပြီးဖြစ်ရာ သင်လှည့်စား၍ ရမည်မဟုတ်။ ငါ့အိမ်တံခါးမှာ မနေနှင့်တော့" ဟု နှင်သော် မာရ်နတ်လည်း ကွယ်လေ၏။

ဤအကြောင်းကို ဘုရားရှင်အား လျှောက်ထားလေသော် ဤအကြောင်းအတ္ထုပ္ပတ်အရပင် သူရမ္ဗဋ္ဌအား ဥပါသကာတို့ထဲတွင် မတုန်မလှုပ်ဘဲ ကြည်ညိုသည့်အရာ၌ ဧတဒဂ် ပေးတော်မူ၏။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ဓမ္မဒူတအရှင်ပညာဇောတ။ ဗုဒ္ဓဓမ္မပြဿနာများပေါင်းချုပ်
  2. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၉၃။