သိပ္ပံပညာတိုးတက်မှုဖြင့် အမျိုးမျိုးသော သေနတ်လက်နက်များ ပေါ်ပေါက်လျက် ရှိပေရာ သေနတ်ပစ်ခြင်းအတတ်သည် လူတိုင်း တတ်ထား အပ်သောပညာရပ်ဟုယူဆသင့်ကြပေပြီ။ သေနတ်သည် ငှက်ပစ်ရာတွင်လည်းကောင်း၊တောအမဲလိုက်ရာတွင် လည်းကောင်း၊ စစ်တိုက်ရာတွင်လည်းကောင်း၊ အလွန် အသုံးဝင်သောလက်နက်ပင်ဖြစ်စေကာမူ မကိုင်တွယ်တတ်သူ တို့အဖို့ ဘေးအန္တရာယ်များလှသော လက်နက်တမျိုးဖြစ်၏။ သေနတ်ပြုလုပ်ထားပုံ သဘောကိုနားမလည်သောကြောင့် ကိုင်တွယ်ရာတွင်သတိမရှိခြင်း၊ ပစ်ခတ်ရာတွင် မတတ်ကျွမ်းသောကြောင့် ရည်မှန်းရာသို့မရောက်ခြင်း၊ မတော်တဆထိမှန်၍ သေဆုံးရခြင်း စသည်တို့ကိုမကြာခဏ တွေ့ကြရ၏။ သို့ရာတွင်လူတိုင်းသည် အများသုံးနိုင်သည့် သေနတ်ရိုးရိုးတို့ကို ကိုင်တွယ်ပစ်ခတ်နည်းကိုကား သိနားလည်ထားရန်များစွာလိုအပ်ပေသည်။ သာမန်အား ဖြင့်ဆိုသော် သေနတ်ပစ်ခြင်းသည်ယမ်းထိုးမောင်းတင်၊ တည့်တည့်ချိန်၍ခလုတ်ဖြုတ်ခြင်းမျှသာဖြစ်သဖြင့် အလွန်လွယ်ကူသည်ဟု ထင်ရလေသည်။ သို့ရာတွင် စင်စစ်အားဖြင့် သေနတ်ကိုစံနစ်တကျ ကိုင်တွယ် ပစ်ခတ်တတ်ရန်မှာ မလွယ်ကူလှချေ။ မိမိပစ်ခတ်မည့် သေနတ်၏သဘောကို အတိအကျနားမလည်သမျှကာလပတ်လုံး မည်သည့်အခါမျှ ထိရောက်စွာအသုံးချ၍ ရမည်မဟုတ်သည်ကို တွေ့ရပေမည်။

လူတို့အသုံးများသောသေနတ်များမှာ ကျည်စေ့ကလေးများစွာ ပါဝင်သည့်ယမ်းတောင့်ထည့်ပစ် နိုင်သောရိုးရိုးငှက်ပစ်သေနတ်များ၊ (နှစ်လုံးပူး၊သို့မဟုတ် တစ်လုံးထိုးခါးချိုးသေနတ်များ)၊ အမဲလိုက် ရာတွင်အသုံးပြုသော ရိုက်ဖယ်ခေါ်ပြောင်းရစ်ပါသော သေနတ်များ၊ စစ်သုံး ရိုက်ဖယ်များ စသည်တို့ဖြစ်၏။ သေနတ်ပစ်ရာ၌အရေးကြီးသောအချက်မှာ သေနတ်ကိုင်သည့်လက် တည်ငြိမ်မှုပင်ဖြစ်သည်။ မည်သည့်သေနတ်မျိုးကို မဆိုကိုင်တွယ်ပစ်ခတ်ရာတွင် အလွန်တည်ငြိမ်စွာချိန်၍ ပစ်ခတ်နိုင်ရန်အရေး ကြီးသည်။ သေနတ်များ၏ပြောင်းလုံးပေါ်တွင် ချိန်သီးလေးများပါရှိ၍ ယင်းချိန်သီးကလေးများတွင် မိမိပစ်ခတ်လိုသောသားကောင်၊ သို့မဟုတ် အရာဝတ္ထု တစ်ခုခုကိုတည့်အောင်ချိန်ပြီးလျှင် သေနတ်ကိုမ လှုပ်ရှားစေဘဲ ခလုတ်ဖြုတ်တတ်ဖို့လိုသည်။ ချိန်သောအခါကပင်သေနတ်ကို ပခုံး၌တင်းတင်းထောက်၍ ချိန်ရသည် များသောအားဖြင့် သေနတ်များ၏ပြောင်းထိပ်၌ ချိန်သီးထား၍ ပြောင်း နောက်ပိုင်းတွင် ထိုချိန်သီးနှင့်တည့်တည့် ချိန်ခွက်တစ်ခု တပ်ထား၏။ ထိုချိန်သီး၊ ချိန်ခွက်နှင့်ပစ်လိုသည့်အရာဝတ္ထုကို တည့်မတ်အောင်ချိန်မိသောအခါ လက်ကိုငြိမ်ငြိမ်ထား၍ ခလုတ်ကိုဖြုတ်ရ၏။ ထိုသို့ငြိမ်ငြိမ်မထားဘဲ ခလုတ်ကို ဆွဲလိုက်သော် မူလချိန်ထားသောပြောင်းသည် တိမ်းစောင်းသွားနိုင်သည်။ ချိန်သီး၌မီးခြစ်ဆံ တစ်လုံးစာမျှ ရွေ့သွားခြင်းသည် ထိမှန်စေလိုသည့်နေရာနှင့် များစွာကွာသွားနိုင်လေသည်။ ကျည်စေ့ကလေးများစွာ ပါသော ယမ်းတောင့်ထည့်၍ ပစ်ရာ၌သေနတ်ကိုပစ်ရန်ချိန်ရာတွင် အနည်းငယ်တိမ်းစောင်းရုံမျှဖြင့် လုံးဝလွဲမသွားနိုင်ဟု ထင်ကြသော်လည်းချိန်သီးမှ ဖယ်သွားသောအခါ မိမိပစ်လိုသော အရာဝတ္ထုတို့ကို တိုက်ရိုက်ထိမှန်နိုင်ရန်ခဲယဉ်းပေသည်။

ကျည်သည်ထိမှန်စေလိုသော အရာဝတ္ထုတို့မှလွဲသွား၍ မထိမှန် စေလိုသောအရာတို့ကိုလည်း ထိမှန်တတ်သဖြင့် သေနတ်ကို စံနစ်တကျမကိုင်တတ်ခြင်းသည် အန္တရာယ်များသည်ဟု ဆိုကြခြင်းဖြစ်၏။ ပြောင်းရစ်ပါသော ရိုက်ဖယ်သေနတ်များ၏ ကျည်ဆန်သည် အရှိန်ပြင်းစွာလည်၍ထွက်သော ကြောင့် ခရီးဝေးစွာရောက်သည်။ သို့ရာတွင်တည်ငြိမ်မှုမရှိသဖြင့် မိမိ ချိန်ထားသောအရာဝတ္ထုမှ လွဲသွားလျှင်အန္တရာယ်မကင်းလှချေ။ ထို့ကြောင့် ရိုက်ဖယ်များကိုကိုင်တွယ်ပစ်ခတ်ရာတွင် သတိပို၍ ထားရန်လိုသည်။

တောထဲအမဲပစ်ရာတွင် မည်သည့်သေနတ်မျိုးကိုမဆို အထူးသတိထား၍ကိုင်တွယ်ရ၏။ အဘယ်ကြောင့်ဆိုသော် တောအမဲလိုက်ရခြင်းမှာ စက်ကွင်းကိုချိန်၍ပစ်ရသကဲ့သို့ စိတ်၏တည်ငြိမ်မှု၊ ကိုယ်၏တည်ငြိမ်မှုမရှိသောကြောင့်ပင်ဖြစ်၏။ အလွန်လျင်မြန်ဖျတ်လတ်ရန်လည်းလို၏။ လျင်မြန်ဖျတ် လတ်စွာ ပြုလုပ်ရသောအမှုများတွင်သတိမရှိက မကြာခဏမတော်တဆ ထိခိုက်မှုများရှိတတ်သည်။ မိမိကိုင်တွယ်ပစ်ခတ်မည့် သေနတ်ကို ကောင်းစွာနားလည်ထားခြင်း၊ ကျွမ်းကျင်နိုင်နင်းစွာပစ်ခတ်တတ် ခြင်း၊ သတိကောင်းခြင်းစသည်တို့မှာ လက်တွေ့အလေ့အကျင့် များစွာလိုသော အရည်အချင်းများဖြစ်ပေသည်။

မည်သည့်သေနတ်ကိုမဆို ကိုင်တွယ်ရာ၌ အထက်ပါ အရည်အခြင်းများနှင့်ပြည့်စုံဖို့အထူးလိုအပ်သည်။ စစ်တပ်များ၌ စစ်သုံးသေနတ်များမပေးအပ်မီ ထိုသေနတ်များအကြောင်း သေချာစွာနားလည်နိုင်စေရန် သင်ပြပြီးမှ ထုတ်ပေးလေသည်။ ထုတ်ပေးပြီးသောအခါတွင်လည်း စံနစ်တကျပစ်ခတ်တတ် စေရန် ဘေးကင်းသောနေရာများ၌၊ သို့မဟုတ်ဘေးကင်းအောင် စီမံထားသောနေရာများ၌ ရှေးဦးစွာ လေ့ကျင့်စေလေသည်။ သေနတ်ကိုစံနစ်တကျကိုင်တတ်သောအခါ ကျင်လည်မှုအတွက် စက်ကွင်းတွင် လေ့ကျင့်ရသည်။ ထိုသို့စက်ကွင်းတွင် လေ့ကျင့်ခြင်းသည် သတိကောင်းခြင်း၊ တည်ငြိမ်ခြင်း၊ ဖြတ် လတ်ခြင်း မျက်စိလျင်ခြင်းစသည်တို့နှင့်ပြည့်စုံစေလေသည်။ ဤကဲ့သို့အမျိုးမျိုးစမ်းသပ်လေ့ကျင့်ပြီးမှ သေနတ်ကို သုံးစွဲခွင့်ပြုလေသည်။ စစ်သားများနှင့်စစ်သုံးရိုက်ဖယ်များသာမက မည်သည့်အရပ်သားနှင့် မည်သည့်သေနတ်မျိုးကိုမဆို ဤကဲ့သို့ အဆင့်ဆင့်လေ့လာတတ်ကျွမ်းပြီးမှကိုင်တွယ်စေပါက ဘေးအန္တရာယ်ကင်း၍ သေနတ်သည်လူတို့၏ မိတ်ဆွေသဖွယ် အကူအညီရသော လက်နက်ဖြစ်စေနိုင်ပေသည်။ []

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)